တောင်ငူအဆင့်မြင့်ဈေးသစ်ကြီးအား အမြန်ဆုံးတည်ဆောက်နိုင်ရေး စီစဉ်ဆောင်ရွက်နေပြီဖြစ်

 

ဖေဖော်ဝါရီလ (၇)ရက်နေ့၊ နံနက်(၉)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ တောင်ငူမြို့၊ အဆင့်မြင့်ဈေးသစ်ကြီးအား အမြန်ဆုံးတည်ဆောက်နိုင်ရေး ဝန်ကြီးချုပ်နှင့် ဆောက်လုပ်ခွင့်ရ First Altitudez Co., Ltd နှင့် တွေ့ဆုံညှိနှိုင်းပွဲ ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက တောင်ငူဈေးမီးလောင်မှုသည် အချိန်ကာလအားဖြင့် (၅)နှစ်ခန့် ကြာမြင့်ခဲ့ပြီဖြစ်ကြောင်း၊ ဈေးအသစ်ပြန်လည်တည်ဆောက်ရန် ပြည်သူများမှ လိုလားလျက်ရှိပြီး မိမိတို့အစိုးရမှလည်း အမြန်ဆုံးဆောက်လုပ်ပြီးစီး စေလိုကြောင်း၊ ပြည်သူအတွက် မျက်နှာမူပြီး ပြည်သူ့အကျိုးပြု တောင်ငူဈေးသစ်ကြီး အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ကုမ္ပဏီ၏ လိုအပ်ချက်များအား ဥပဒေနှင့်အညီ ကူညီထောက်ပံ့ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။


ထို့နောက် သယံဇာတ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာစောညိုဝင်းက တောင်ငူဈေးသစ်ကြီး တည်ဆောက်နိုင်ရန် MoU ရေးထိုးမည့် အဆင့်သာကျန်ရှိနေပြီး ဈေးသူ/သားများ ကျေနပ်လက်ခံသည့် ပုံစံမျိုးဖြင့် ဆောင်ရွက်သွားမည်ကိုလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးအောင်မြင့်က တောင်ငူဈေးသစ်ကြီး တည်ဆောက်နိုင်ရေး အကြိမ်ကြိမ် အစည်းအဝေးကျင်းပခဲ့ခြင်း၊ မြေပြင်ဈေးသူ/သားများ၏ လိုလားချက်များအတိုင်း သဘောတူညီမှုဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းကိုလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတိုးဝင်းက လုပ်ငန်းများ မြန်မြန်ဆန်ဆန် ဆောင်ရွက်စေလို ကြောင်း၊ ပထမ(၂)နှစ်အတွင်း ဈေးသူ/သားများ ဈေးရောင်းချနိုင်ရန် အရေးကြီးပါကြောင်း တင်ပြဆွေးနွေးခဲ့သည်။


ယင်းနောက် First Altitudez Co., Ltd , Managing Director, Jessica Chi က တောင်ငူဈေးသစ်ကြီးအား ယခင်ဈေးဟောင်းထက် ပိုမိုစည်းကား၊ သန့်ရှင်းသပ်ရပ်ပြီး လူအများစိတ်ဝင်စားသော အဆင့်မြှင့်ဈေးသစ်ကြီးကို မိမိတို့ကုမ္ပဏီမှ စံချိန်စံညွှန်း၊ အရည်အသွေးပြည့်မီစွာ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ယခုအခါ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် MoU ရေးထိုးမည့် အဆင့်သာကျန်ရှိနေကြောင်း၊ MoU လက်မှတ်ရေးထိုးပြီးပါက မြေစမ်းသပ်ခြင်း၊ အဆောက်အဦး ကုန်ကျစရိတ်တွက်ချက်ခြင်းနှင့် Foundation လုပ်ငန်းများအား (၉)လအတွင်း ဆောင်ရွက်မည်ဖြစ်ပြီး (၂)နှစ်အတွင်း ဈေးသူ/ ဈေးသားများ ဈေးရောင်းချနိုင်ရန် စီစဉ်ဆောင်ရွက်ထားပြီးဖြစ်ပါကြောင်းနှင့် တောင်ငူ အဆင့်မြှင့်ဈေးသစ်ကြီး အမြန်ဆုံးတည်ဆောက်နိုင်ရန်အတွက် အစိုးရအဖွဲ့မှလည်း ကူညီဆောင်ရွက်ပေးစေလိုပါကြောင်း တင်ပြဆွေးနွေးခဲ့သည်။


တောင်ငူမြို့၊ အဆင့်မြှင့်ဈေးသစ်ကြီးအား First Altitudez Co., Ltd မှ တာဝန်ယူကာ ပထမထပ်တွင် ဈေးဆိုင်ခန်း(၆၅၀)ခန်း၊ ဒုတိယထပ်တွင် ဈေးဆိုင်ခန်း(၉၀၀)ခန်း တို့အား တည်ဆောက်သွားမည်ဖြစ်ပြီး၊ တတိယထပ် တွင် စားသောက်ဆိုင်များ၊ စတုတ္ထထပ်တွင် ကားပါကင်နှင့် ပဉ္စမထပ်တွင် ရုံးခန်းများ၊ ရုပ်ရှင်ရုံများ ထည့်သွင်းတည်ဆောက် သွားမည်ဖြစ်သည်၊ မြေညီထပ်နှင့် ပထမထပ်အား မူလဈေးသူ/ ဈေးသားများကို အခမဲ့ဈေးဆိုင်ခန်းများ ပြန်လည်ပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် မကြာမီ တောင်ငူဈေးသစ်ကြီး တည်ဆောက်နိုင်ရေး အစိုးရအဖွဲ့နှင့် MoU လက်မှတ်ရေးထိုးသွားမည် ဖြစ်ကြောင်း သိရသည်။

 

 

Source : ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ သတင်းစာမျက်နှာမှ