Note:

ယခု ဆောင်းပါးသည် Taungoo City Blog မှ ပြန်လည်ကူးယူတင်ပြခြင်း ဖြစ်ပါသည်။ ထိုစဉ်ကာလက ၂၀၀၈ ခုနှစ်ဖြစ်သောကြောင့် ယင်းကာလ၏ အတွေးအမြင်ဆောင်းပါးတစ်ခုသာ ဖြစ်ပါသည်။ ယနေ့ခေတ်တောင်ငူတန်ဆောင်တိုင်တွင် မြို့တည်နန်းတည် နှစ်ငါးရာပြည့်မှစတင်ပြီး နိုင်ငံကျော်စေသော အစဉ်အလာအဖြစ် ဝန်းခင်းလာခဲ့သောကြောင့် နှစ်ကျိပ်ရှစ်ဆူအာရုဏ်ခံအလှူသည်လည်း အားနည်းလာခဲ့ပါသည်။ တန်ဆောင်မုန်းလဆန်း (၁၃) ရက်တွင် အစဉ်အလာမပျက်စေတဲ့ ဘုရားအလှပြကားများ ပူဇော်လှည့်လည်ပွဲအတွက် အားထုတ်ကြိုးစားရခြင်း၊ မြို့တည်နန်းတည် ဝန်းခင်းသဘင်ပွဲများအတွက် ကာယ ဉာဏ စိုက်ထုတ်ကာ အင်အားထည့်ရခြင်းတွေအတွက် နှစ်ကျိပ်ရှစ်ဆူကုန်သော ဘုရားများ အာရုဏ်ခံ အလှူခံထွက်ရန် အင်အားနည်းလာရသည်ကို နားလည်မိပါသည်။ သို့သော်လည်း ကျွန်တော်တို့ ငယ်စဉ်ကာလက အလှူခံထွက်ရခြင်းအပေါ် လွမ်းဆွတ်တမ်းတမိသောကြောင့် ယခုဆောင်းပါးအား ပြန်လည်ဖော်ပြရခြင်းဖြစ်ပါသည်။

 

တောင်ငူ နှစ်ကျိပ်ရှစ်ဆူပွဲ (အပိုင်း-၁၊ အစဉ်လာမပျက်ပူဇော်)

တောင်ငူနှစ်ကျိပ်ရှစ်ဆူပွဲတော်ဟာ ယခုနှစ်တွေမှာ ပျဉ်းမနားနှစ်ကျိပ်ရှစ်ဆူပွဲလောက် မစည်ကားတော့ပေမယ့် နှစ်စဉ်မပျက်မကွက် ကျင်းပပူဇော်မြဲပါ။ တောင်ငူမှာ ရွှေဆံတော်ဘုရား၊ မြစည်းခုံဘုရား၊ ကောင်းမှုတော်ဘုရား၊ နဂါးရုံဘုရား၊ ကေလဇာတီဘုရား နှင့် မြတ်စောညီနောင်ဘုရားများ စသော ထင်ရှားတဲ့ ဘုရားများစွာတည်ထားကိုးကွယ်ကြပါတယ်။ ယခုနှစ်ကျိပ်ရှစ်ဆူပွဲတော်ဟာ ကေလဇာတီဘုရားမှာ ကိန်းဝပ်စံပယ်တော်မူသည့် နှစ်ကျိပ်ရှစ်ဆူကုန်သောမြတ်စွာဘုရားများ မြို့တွင်းသို့ ဒေသစာရီကြွချီရာမှာ တောင်ငူမြို့ပေါ်သာမက အနီးနားမြို့ရွာများမှပါမကျန် လာရာက်ဖူးမြှော်ကြလို့ အင်မတန်စည်ကားလှပါတယ်။ နှစ်စဉ်လှည့်လည်အပူဇော်ခံရာမှာ နေ့ခင်းပိုင်းဒေသစာရီကြွချီ်ပွဲကို တန်ဆောင်မုန်းလဆန်း (၁၃) ရက် ညနေပိုင်းမှာတစ်ကြိမ်၊ အာရုဏ်ဆွမ်းလောင်းလှူပွဲကို တန်ဆောင်မုန်းလပြည့်နံနက်အာရုဏ်တက်မှာတစ်ကြိမ် ကျင်းပလေ့ရှိပါတယ်။ နေ့ခင်းပွဲမှာ ရပ်ကွက်များ၊ အစိုးရဋ္ဌာနများ၊ ဘာသာရေး လူမှုရေးအသင်းဖွဲ့များနှင့် လုပ်ငန်းရှင်များမှ ဘုရားတစ်ဆူကျစီကို ပူဇော်ပွဲမတိုင်ခင် ရက်ပိုင်းအလိုကပင် ယာယီစံကျောင်းများသို့ ပင့်ဆောင်ကြပါတယ်။ လှည့်လည်ရာတွင် ဘုရားများပင့်ဆောင်မည့်ကားများကို ပန်းချီဆေးရေးများ၊ မီးပန်းဆိုင်းများ၊ မြန်မာ့ရိုးရာအနုပညာလက်ရာများဖြင့် သပ္ပါယ်ကြည်ညိုဖွယ်ဖြစ်အောင် အထူးထူးစီမံပူဇော်ကြပါတယ်။ လဆန်း(၁၃)ရက် ညနေချမ်းမှာတော့ နှစ်စဉ်ဗဟိုမဏ္ဍပ်တည်ရှိရာ လမ်းမကျယ်ထောင့်တွင် အခမ်းအနားဖြင့်စတင်ဖွင့်လှစ်ပြီး လမ်းမကျယ်လမ်း၊ ဗိုလ်မှူးဖိုးကွန်းလမ်းတို့မှ စတင်ကာ မြို့တွင်းသို့ ဒေသစာရီကြွချီပါတယ်။ ဗဟိုမဏပ်မှ ဘုရားများ ပူဇော်ရာတွင် ထူးခြားဆန်းကြယ်စွာ တန်ဆာဆင်နိုင်သော အဖွဲ့များအား ဗဟိုမဏ္ဍပ်မှ ဆုများချီးမြှင့်ပါတယ်။ ရွှေနှင်းဆီဆေးလိပ်ခုံ၊ ပညာရေးကောလိပ်ကျောင်းတို့ကတော့ ရှေ့ဆုံးဘုရားအမှတ်(၁) နှင့် (၂) တို့ကို မင်္ဂလာစည်တော်များဖြင့်လည်းကောင်း၊ ဒေဝါဝင်း ရာဇာဝင်း(မင်းခမ်းမင်းနား) ခင်း၍လည်းကောင်း ပင့်ဆောင်မြဲပါ။ အဲဒီနောက်မှာတော့ မြို့မဈေးကြီးမိသားစု၊ ဘုရင့်နောင်ဈေးမိသားစုနှင့် ရပ်ကွက်များမှ မင်းသားအက၊ ဦးရွှေရိုးအက၊ ကျွဲနှစ်ကောင်အက၊ လူရိုင်းအကအစရှိသောမြေဝိုင်းအကမျိုးစုံ၊ တရုတ်အမျိုးသားများရဲ့ ခြင်္သေ့ နဂါးအက၊ ဟိန္ဒူအဖွဲ့၊ ချစ်တီးယားအဖွဲ့ အစရှိသော ဘာသာရေး လူမှုရေးအသင်းအဖွဲ့အသီးသီးတို့မှ အတီးအမှုတ်အကအခုန်များဖြင့် လှည့်လည်ပင့်ဆောင်ကြပါတယ်။

 

တောင်ငူ နှစ်ကျိပ်ရှစ်ဆူပွဲ (အပိုင်း-၂၊ ဆောင်းဂီတညလေးတစ်ည)

သစ်ထုတ်၊ ဆောက်လုပ်ရေး၊ ရပ်ကွက်(၁၆)၊ ရပ်ကွက် (၁၇)နှင့် ကြယ်နီဆေးပေါ့လိပ် အဖွဲ့များကတော့ အမှတ်စဉ်နောက်ပိုင်းမှ ဘုရားများအားပင့်ဆောင်ပူဇော်ကာ ရန်ကုန်မှ နာမည်ကြီးတီးဝိုင်းနှင့် နာမည်ကြီးတေးသံရှင်များ၊ မြို့ခံတီးဝိုင်းများနှင့်တေးသံရှင်များ၊ မြန်မာသံတီးဝိုင်းများဖြင့် ညဦးပိုင်းမှ စတင်ကာ နောက်တစ်နေ့နံနက်ထိ ညလုံးပေါက် သီဆိုဖျော်ဖြေကြပါတယ်။ နှစ်သက်ရာ တီးဝိုင်းနောက်ကို လိုက်ပါအားပေးကြတဲ့ ပရိတ်သတ်တွေဟာ တစ်မြို့လုံးအနှံ့ စည်ကားလှပါတယ်။ ညလုံးပေါက် လိုက်ကြည့်တဲ့ပရိတ်သတ်တွေ အတွက်ဗိုက်ဆာရင် မပူရပါဘူး။ အကြော်စုံ၊ ကောက်ညှင်းပေါင်း၊ ကောက်ညှင်းကျည်တောက် (ခဲတံဝါး)၊ တောင်ငူမုန့်ဟင်းခါးဟင်းရည်ကျဲ၊ ရန်ကုန်မုန့်ဟင်းခါး၊ လက်ဖက်ရည်ဆိုင်တွေ စသည်ဖြင့် ဒီတစ်ရက်စာအတွက် မနက်ကတည်းက နေရာတွေဦးပြီး တစ်ညလုံးရောင်းတဲ့ ဆိုင်တွေက အမယ်စုံလှပါတယ်။ ကျွန်တော်တို့ငယ်တုန်းကတော့ အိမ်ရှေ့ကားဖြတ်တဲ့အချိန် လူကြီးတွေနှိုးမှ အိပ်ယာက လူးလဲထကြည့်ရပါတယ်။ မနက်စောစော တီးဝိုင်းတွေပြန်မသိမ်းခင်ကိုလည်း အဖေက လိုက်ပြပါသေးတယ်။ အရွယ်လေးရောက်လာတော့ ကိုယ်နားထောင်ချင်တဲ့ အဆိုတော်ပါတဲ့ကား အိမ်နားလာရင် လိုက်နားထောင်တယ်။ ဗိုက်ဆာရင် မုန့်ထွက်စားတယ်။ အိမ်နဲ့ နည်းနည်းလှမ်းသွားရင်တော့ ဆက်မလိုက်တော့ပဲ အိမ်ပြန်ပြီး အိမ်ပေါ်ထပ်ရှေ့က ပြတင်းပေါက်တွေကိုဖွင့် ဖျာလေးခင်း၊ ခေါင်းအုံးလေးချ၊ ရေနွေးအိုးလေးဘေးမှာအဆင်သင့်ထားပြီး အင်မတန် ဇိမ်ကျတာပေါ့။ အိမ်နဲ့နီးတော့ ဗဟိုမဏ္ဍပ်ဖက်က အသံတွေကိုလည်း တစ်စွန်းတစ်စ ကြားရသေးတယ်။ ဆောင်းလေလေးကအေးအေး အိပ်တဝက် နိုးတဝက်နဲ့ လမ်းပေါ်ကလူတွေက ဗဟိုမဏ္ဍပ် (အဆိုတော် ဦးမောင်မောင်လွင်(ခ) ရင်ဂို၊ ကျားပေါက် (ခ) ဟန်ထူးလွင် တို့ရဲ့ အိမ်ရှေ့နား၊ ငြိမ်းချမ်းရေးစာပေရှေ့) ကို ဘယ်ကားသွားနေပြီဟေ့ဆို ပြေးကြည့်လိုက်၊ ပြီးတရေးပြန်အိပ်လိုက်နဲ့ပဲ မိုးလင်းသွားပါတော့တယ်။ အဲဒီနေ့ တစ်နေကုန်တော့ အိပ်ရေးဝအောင်အိပ်ပြီး အားမွေးထားပေဦးတော့။ ညကျရင် အရုဏ်ဆွမ်းခံလိုက်ရဦးမယ်လေ။ နှစ်စဉ် တန်ဆောင်မုန်းလဆန်း (၁၃) ရက် ညတိုင်း ကျွန်တော်တို့တောင်ငူမြို့လေးဟာ ဆောင်းဂီတညလေးတစ်ညကို ပိုင်ဆိုင်မြဲပါ။

 

တောင်ငူ နှစ်ကျိပ်ရှစ်ဆူပွဲ (အပိုင်း-၃၊ နံနက်တစ်နာရီ ကြွကာချီ)

တစ်နေကုန် အိပ်ရေးဝထားတာမို့ ကျွန်တော်တို့ လန်းဆန်းတက်ကြွနေကြပါတယ်။ ညနေစောင်းတော့ ကံရိုးရွာဖက် ပန်းဝယ်ထွက်ကြပါတယ်။ ပြန်ရောက်တော့ လိုအပ်မယ့် ပစ္စည်းတွေ ပြင်ဆင်ရပါတယ်။ ကြေးစည်ကိုတော့ ဘုန်းဘုန်းကျောင်းဆီပြေးငှား၊ အလှူခံဖို့ ငွေဖလားကတော့ ဟိုအိမ်တစ်လုံးဆွဲ ဒီအိမ်တစ်လုံးဆွဲပေါ့။ သပိတ်ရယ် ဆန်တောင်းရယ်ကတော့ ဂေါပကအဖွဲ့ကပေးပါရဲ့။ သစ်သီးဗန်းကတော့ အားလုံးရလေ့မရှိပါဘူး။ ညဦးပိုင်း လက်ဖက်ရည်ဆိုင်မှာသူငယ်ချင်းတွေစု၊ လူစုံ ပစ္စည်းစုံတော့ ကေလဇာတီဘုရားဆီသို့ ချီတက်ကြပါတယ်။ အနီးဆုံးသူငယ်ချင်းတစ်ယောက်အိမ်မှာ ဖိနပ်တွေထားခဲ့ကြတယ်။ ဘုရားရောက်တော့ တိုးမပေါက်အောင်လူတွေ ပြည့်ကျပ်နေပါပြီ။ ဘုရားမရသေးတဲ့အဖွဲ့တွေကတော့ ဟိုပြေးဒီပြေးပေါ့။ ကျွန်တော်တို့အဖွဲ့က ဒီနှစ်တော့ ကံကောင်းပါရဲ့။ ရှေ့ပိုင်းဘုရား ရတယ်လေ။ နေ့ခင်းပိုင်းဘုရားပင့်တဲ့ အဖွဲ့တွေဆီမှ တာဝန်ခံလူကြီးတစ်ယောက်ကတောင်းပေးမှ ဘုရားပင့်ဆောင်ခွင့်တုံကင် ရပါတယ်။ အခန့်မသင့်ရင် လူငယ်အဖွဲ့တွေ လုကြရပါသေးတယ်။ နှစ်ကျိပ်ရှစ်ဆူကုန်သော ဘုရားများကို ကျောင်းဆောင်ငယ်များဖြင့် ပုခုံးထက်မှာ ထမ်းပြီးကြွချီပင့်ဆောင်ရတာပါ။ ကျွန်တော်တို့ဘုရားရဲ့ ကျောင်းဆောင်ကို အဆင်သင့်ယူဆောင်လာတဲ့ ပန်းများဖြင့် တင့်တယ်သပ္ပါယ်အောင် တန်ဆာဆင်ကြပါတယ်။ ကျောင်းဆောင်ရဲ့ ရှေ့ပိုင်းမှာ အမွှေးတိုင်ပူဇော်နိုင်ကြရန် ငှက်ပျောတုံးငယ်နှစ်တုံးနဲ့ ဖယောင်းတိုင်မီးများ ထွန်းညှိပူဇော်နိုင်ကြရန် နေရာများရှိပါတယ်။ မကြာခင် တန်ဆောင်မုန်းလပြည့်နံနက်သို့ ရောက်ရှိသည်နှင့် ဂေါပကအဖွဲ့ယာဉ်မှ ကြိုတင်နှိုးဆော်ပါတော့တယ်။ ရှေ့ဆုံးမှ ဗျာဒိတ်ပေး ရပ်တော်မူ ရုပ်ပွါးတော်ကြီးအား ပင့်ဆောင်ပါတယ်။ အဲဒီနောက်မှာမှ နှစ်ကျိပ်ရှစ်ဆူကုန်သောဘုရားရှင်တို့ အစဉ်အတိုင်း အပူဇော်ခံကြွချီပါတယ်။ ဘုရားတစ်ဆူပင့်ဆောင်သော အဖွဲ့တိုင်းမှာ ရှေ့ဆုံးမှ အမျိုးသားတစ်ဦးက ဆွမ်းတော်သပိတ်ကို ပွေ့ပိုက်ကိုင်ဆောင်ရပါတယ်။ နောက်မှာတော့ ဆွမ်းဆန်စိမ်းတောင်း၊ သစ်သီးဗန်းနှင့် ကြေးစည်တို့ကို ရှေ့နောက်တစ်ယောက်စီ ထမ်းကြပါတယ်။ အဲဒီနောက်တွင်တော့ ဘုရားကျောင်းဆောင်ကို ယောကျာၤးလေးဆို နှစ်ဦး၊ မိန်းကလေးဆို လေးဦး ပုခုံးထက်မှာ အလှည့်ကျထမ်းပြီး ပင့်ဆောင်ကြပါတယ်။ နောက်ဆုံးမှာမှ ကိုယ့်အဖွဲ့အလိုက် တန်းစီပြီး ဆုတောင်းမေတ္တာပို့သခြင်း၊ ပရိတ်တော်များရွတ်ဖတ်ခြင်းဖြင့် လိုက်ပါကြပါတယ်။

 

တောင်ငူနှစ်ကျိပ်ရှစ်ဆူပွဲ (အပိုင်း-၄၊ တပည့်တော်တို့ကို စွန့်တော်မူပါဘုရား)

ဘုရားများကြွချီရာလမ်းတလျှောက်မှာတော့ ကြိုတင်နှိုးဆော်ထားတာမို့ အိမ်တိုင်းအိမ်တိုင်းမှ မိမိတို့အိမ်ရှေ့တွင် စားပွဲကြီးငယ်များဖြင့် သစ်သီးမျိုးစုံ၊ မုန့်မျိုးစုံ၊ သကြားလုံးများ၊ ဖယောင်းတိုင်များ၊ အမွှေးတိုင်များ၊ ဆွမ်းဆန်များ အစရှိတဲ့ လှူဖွယ်ဝတ္ထုအစုစုတို့ကို အသင့်ခင်းကျင်းပြီးဖြစ်နေပါပြီ။ အာရုဏ်ဆွမ်းခံထွက်လိုက်ပါကြသော ကုသိုလ်ရှင်လူငယ်မောင်မယ်အပေါင်းတို့အား အကျွေးအမွေးဖြင့် ဧည့်ခံကြသော အလှူရှင်များမှာပေါများလှပါတယ်။ ကြာဆံဟင်းခါး၊ မုန့်ဟင်းခါး၊ ရခိုင်မုန့်တီ၊ ပဲသုပ်၊ တို့ဟူးသုပ်၊ ဆေးပေါင်းခတဲ့ မယ်ဇလီဖူးသုပ်၊ ကော်ဖီ၊ လက်ဖက်ရည်၊ မုန့်မျိုးစုံ၊ ကောက်ညှင်းပေါင်း၊ ပလာတာ၊ စမူဆာ အစရှိသဖြင့် အမယ်စုံလင်လှပါတယ်။ လမ်းတလျှောက်မှာ လှူတန်းကြသူများအား ဆုတောင်းမေတ္တာပို့သရာမှာ ဋ္ဌာန်ကရိုဏ်းကျကျ ရွတ်အော်ပေးနိုင်သူပါဝင်တဲ့ အဖွဲ့ကတော့ အဆင်ပြေလှပါတယ်။ ကျွန်တော်တို့အဖွဲ့ကတော့ အများစုဆုပေးလေ့ရှိတဲ့ “ယခုပြုရ ကုသလကြောင့် ဇောတိက၊ ဇဋိလ၊ .... ၊..... အစရှိသော သူဋ္ဌေးကြီးလေးဦးကဲ့သို့ ပေး၍မကုန် လှူ၍မခမ်း ပဒုမ္မာရွှေကြာပန်းကဲ့သို့ ပွင့်လန်းတော်မူနိုင်ကြပါစေခင်ဗျား“ဆိုတဲ့ဆုတောင်းစာကိုသာ တွင်တွင်ရွတ်ဆိုရပါတယ်။ တစ်ခါတစ်ခါ နောက်ကသူဋ္ဌေးကြီးနှစ်ဦးနာမည်မှာ အလွဲလွဲအမှားမှား၊ တစ်ခါတစ်ခါ သူဋ္ဌေးကြီးနှစ်ဦးမှာ ပျောက်လိုပျောက်ဖြင့် သာဓုခေါ်သံသာ ကျယ်ကျယ်ဟိန်းထွက်လာလေ့ရှိပါတယ်။ အဲဒီအခါ အခြားအဖွဲ့ကနေ “ဟိုဖက်အဖွဲ့တွေ သူဋ္ဌေးနှစ်ယောက်ဘယ်ပျောက်သွားလဲ“ လှမ်းအော်မေးကြ၊ “နောက်မှာ ကြာဇံဟင်းခါးသောက်ရင်း ကျန်ခဲ့လို့ဟေ့“ လို့ဖြေကြရင်း စနောက်ကြတယ်။ တစ်ခါ “ဟိုအဖွဲ့တွေ သစ်သီးဗန်းထဲက လိမ္မော်သီးတွေ ဘယ်ပျောက်ကုန်လဲဟေ့“ ဆိုပြီးလည်း ကီျိစားကြတယ်။ ကျွန်တော်တို့အဖွဲ့ကတော့ စတင်ကြွချီကတည်းက “အရှင်ဘုရား တပည့်တော်တို့ကို စွန့်တော်မူပါဘုရား“ ဆိုပြီး ဘုရားရှင်ထံမှာ တောင်းပန်လျှောက်ထားပြီးသားပါ။ ဒီတော့ အလှူရှင်ရဲ့ လှူဖွယ်တွေအတွက် နှစ်ထပ်ကွမ်းကုသိုလ်ရပါတယ်လေ။ ညသန်းခေါင်ထဲက မနက်ရှင်းရှင်းလင်းသည်အထိ တစ်မြို့လုံးအနှံ့ ပင့်ဆောင်ရတာမို့ ကလေးတွေ ဆာကြမယ်ဆိုတာ အားလုံးသိပြီးသားပါ။ ဒါပေမယ့် အကျွေးအမွေးတွေက များလွန်းတဲ့နှစ်ဆိုရင်တော့ သပိတ်တွေ၊ တောင်းတွေ၊ ကျောင်းဆောင်တွေပေါ်မှာ မုန့်တွေလျှံနေလေ့ရှိပါတယ်။ ဂေါပကအဖွဲ့တွေက လှူဖွယ်တွေ ဘယ်လိုပင်လိုက်လံသိမ်းဆည်းပေးသော်ငြား ထက်သန်လှတဲ့ သဒ္ဓါတရားကြောင့် အင်မတန်များပြားတဲ့ ဖယောင်းတိုင်၊ အမွှေးတိုင် နဲ့ လှူဖွယ်တွေဟာ မကုန်နိုင်ပါဘူး။ ဘုရားများကြွချီခဲ့ရာ လမ်းတစ်လျှောက်မှာတော့ ကျောင်းဆောင်များမှာ ထွန်းညှိပူဇော်ခဲ့ကြတဲ့ ဖယောင်းတိုင်၊ အမွှေးတိုင်များကို လမ်းဘေးဝဲယာများမှာ ချထွန်းခဲ့ကြတာဖြင့် တကယ့်ကို မွှေးကြိုင်လင်းကျင်းနေပါတော့တယ်။ နောက်ဆုံးမှာတော့ ရေကင်းသံတညံညံဖြင့် ဆိုင်းဝိုင်းမှ တီးမှုတ်လိုက်ပါပါတယ်။ ္က္က္က ကောင်းကင်က တန်ဆောင်မုန်းလပြည့် လမင်းကြီးရဲ့ အလင်းရောင်တွေနဲ့အတူ မြို့သူမြို့သားတွေရဲ့ ထက်သန်တဲ့သဒ္ဓါတရားတွေဟာ ကျွန်တော်တို့တောင်ငူမြို့လေးကို ရစ်သိုင်းလွှမ်းခြုံထားပါတော့တယ်။ (ကျွန်တော်တို့ တောင်ငူသူ၊ တောင်ငူသားတွေဟာ ဘယ်နေရာ၊ ဘယ်ဒေသတွေ ရောက်နေပါစေ နှစ်စဉ် တန်ဆောင်မုန်းလပြည့်နီးလာရင် ပြန်နိုင်တဲ့သူတွေက ဒီပွဲကို မရောက်ရောက်အောင်ပြန်ကြပါတယ်။ ကျောင်းတုန်းကတော့ တစ်ခြားမြို့က သူငယ်ချင်းတွေကိုပါ ဒီပွဲလေးကို အပါခေါ်ပါတယ်။ ဒီအချိန်ဆို သံတောင်-ပသိချောင်း အပန်းဖြေစခန်း ကလည်း အတော်ကို သွားလာလို့ ခြေခင်းလက်ခင်းသာနေပါပြီ။)

===

Date : May 2008

Source : Taungoo City Blog