ဒီတောင်ငူရာဇဝင်အကျဉ်းချုပ်ကိုဆရာဦးအောင်ခင်ရေးသားတဲ့မြတ်စောညီနောင်စေတီတော်သမိုင်းနှင့် တောင်ငူရာဇဝင်စာအုပ်မှပြန်လည်ဖော်ပြခြင်းဖြစ်ပါတယ်။

 

တောင်ငူရာဇဝင် (၁)


သက္ကရာဇ်(၅၅၃)ခုနှစ်တွင်၊ပုဂံမင်း(၄၈)ဆက်မြောက် နရပတိစည်သူမင်းသည်၊ တိုင်းခွင်လှည့်လည်တော်မူလာရာ၊ ဤအရပ်သို့ရောက်လေသော်အနန္ဒသူရိယအမတ် ရန်မန်ထွေးကို ဇေယျသင်္ခမင်းသား၏နှမတော်နှင့်စုံဖက်၍ (၅၅၆) ခုနှစ်တွင် ဆွာချောင်း၏မြောက်ဘက် ကမ်းပါးပေါ်ရှိ ကမ်းပါးမြင့်ရွာကို အပိုင်စားပေးတော်မူခဲ့လေသည်။

၎င်းအနန္ဒသူရိယ၏သား-မင်းလှစော၊ မင်းလှစော၏သား-သဝန်လကျ်ာဖြစ်လေသည်။
ပေါက္ကံနန်းရိုးဖြစ်သော သဝန်လကျ်ာသည်၊ ပေါက္ကံမြို့မှ လာရောက်၍ ဆွာချောင်းမြောက်ဘက်တွင် ရွာတည်၍နေဆဲ၊
၎င်းသဝန်လကျ်ာသည် ရွာနေလူအပေါင်းကို ပေးကမ်းမစခြင်း၊ အခွန်အတုတ်နည်းပါးခြင်းတို့ကို အရပ်ရပ်က သတင်းစကားကြားသိလေလျှင် ထိုရွာသို့ပြောင်းရွေ့လာရောက်၍နေထိုင်ကြလေသော် မကြာမီ ရွာစည်ကားလာသောကြောင့်၊ဘေးဆီးရန်ကာအလို့ငှါ ရွာကိုပတ်မိလေအောင် ကြခတ်ဝါးပင်တို့ကို ထူထပ်စွာစိုက်ကြလေ၏။ ကြခတ်ပင်တို့ဖြင့် ဝန်းရံနေသောကြောင့်(ကြခတ်ဝါးရံရွာ)ဟုသမုတ်ကြလေ၏။ရွာသည် တစ်နေ့တစ်ခြားစည်ကားလာသဖြင့် သုံးကြိမ်တိုင်တိုင်ချဲ့ထွင်ကာ မြို့ရိုးကဲ့သို့စိုက်စေပြီးမှ(ဝေဠုဝတီမြို့)ဟုသမုတ်ကြလေ၏။

၎င်းမြို့သည်အလွန်တရာစည်ကားကြောင်းကို အရပ်လေးမျက်နှာမှ လူအများ မှီခိုလာကြောင်းကို ရာမညတိုင်း ဟံသာဝတီ၊ မုတ္တမတိုင်အောင် သတင်းစကား ကျော်ကြားလေလျှင် သက္ကရာဇ်(၉၀၉) ခုနှစ်၊ ရာမညတိုင်း၊မုတ္တမပြည်က တလိုင်းဝါရီရှုမင်းဗိုလ်ပါအများနှင့် ဆန်တတ်လာရောက်တိုက်ခိုက်ပြီးမှ သဝန်လကျ်ာ သမီးမောင်နှံသဝန်ညီနောင် နို့စို့နို့ညှာတို့ကိုပါ ဖမ်းယူ၍ ရွှေကျင်အောက် ဖြူးအုတ်ဖိုရွာတွင်အစောင့်အရှောက်နှင့် အကျယ်ချုပ်ထားခဲ့လေ၏။

ဤအရပ်၌နေကြ၍ သဝန်ညီနောင် အရွယ်သို့ရောက်လေလျှင် အဘသဝန်လကျ်ာသည်းစွာသော အနာရောဂါရောက်သည်နှင့် ပျက်စီးခါနီးတွင် သား-သဝန်ညီနောင်တို့ကိုခေါ်၍ မှာထားခဲ့သည်မှာ အမောင်တို့ ငါအဘသည်သေမင်းနိူင်ငံသို့ လိုက်ပါရတော့မည်။ ယခုဤအရပ်သည် ငါတို့မူလနေသောအရပ်မဟုတ်၊မွန်တို့နေသောရာမညတိုင်းဖြစ်သည်။ငါတို့အမျိုးကားမင်းမျိုးတည်း၊ သင်တို့ကြီးစိုးလိုလျှင် ဤအာသာဝတီ ပေါင်းလောင်းမြစ်ကိုဆန်တက်၍ လက်ဝဲဘက်က ခပေါင်းချောင်းဝရှိလေသည်။ ၎င်းခပေါင်းချောင်းကို ဆန်တက်သွားသော် မင်းဝံ တောင်စွန်း တောင်ငူငယ်ကို တွေ့လိမ့်မည်။ ထိုအရပ်သို့မောင်တို့သွား၍ မြို့ရွာတည်ထောင်လျက် ကြီးစိုးကြလေဟု မှာထားတော်မူပြီးမှ အနိစ္စရောက်လေ၏။

ဤသို့ သား-သဝန်ညီနောင်တို့ကို အဘ-သဝန်လကျ်ာက မှာထားသောအကြောင်းကို ဖြူးအုတ်ဖိုရွာနှင့်တကွ အနီးအပါး ရွာသူရွာသားတို့ ကြားသိကြလေ၏။ သဝန်ညီနောင်တို့ကလည်း ရပ်သူရွာသားအပေါင်းတို့အား သင်တို့သည်ဤအရပ်မှာမနေလို၍ ငါတို့ ကြီးစိုးရာအရပ်သို့ လိုက်လိုကြပါလျှင် ရင်းနှီးရန်ငွေကြေးလည်း မစမည်။ အခွန်အတုတ်မရှိ ချမ်းသာစွာနေကြရမည်ဟုပြောလေလျှင် လိုက်လိုသည့်အိမ်ထောင်ပေါင်း (၃၇၀) စည်းဝေမိပြီးခလျှင် သဝန်ညီနောင်တို့လည်းလိုက်လိုသည့် အိမ်ထောင်ပေါင်း (၃၇၀)တို့ကို လှေဖောင်အသီးသီးလုပ်ကြစေ၍ နေ့ရက်ကောင်းသောအခါ သက္ကရာဇ် (၆၄၀) ပြည့်နှစ်တွင် ချောင်းလုံးပြည့်မျှ အာသာဝတီ ပေါင်းလောင်းမြစ်ကိုဆန်တက်ခဲ့ကြလေ၏။

ဤသို့ဆန်တက်ခဲ့ကြ၍ လက်ဝဲဘက် ခပေါင်းချောင်းဝကို မြင်လေလျှင်ဤချောင်းသည်ကား ငါတို့အဘမှာထားခဲ့သော ချောင်းပင် ဖြစ်ပေလိမ့်မည်ဟု ခပေါင်းချောင်းဝသို့ဝင်၍ ဆန်တက်ခဲ့ကြရာ မင်းဝံတောင်ရိုး တောင်ငူငယ်ကိုတွေ့မြင်ကြရလေ၏။ မြို့ရွာတည်ထောင်ရန် ညီညွတ်သောမြေကွက်ကို ရှာဖွေကြလေလျှင် မုဆိုးကရင်ဘဆိုသူနှင့် တွေ့ကြ၍ အမောင်တို့ အဘယ်ကိုရှာကြသနည်းဟုမေးရာ သဝန်ညီနောင်တို့ကလည်းမြို့ရွာတည်ထောင်နေထိုင်ကြရန် ကောင်းသောမြေကွက်ကိုရှာပါသည်ဟု ပြောကြ၍ သဝန်ညီနောင်နှင့် ကရင်ဘသုံးယောက်တို့သည် တစ်ဦးနှင့်တစ်ဦး ကူညီမစပါမည်ဟုကတိသစ္စာထားကြပြီးလျှင် ညီညွတ်သန့်ရှင်းသောမြေကို ကရင်ဘညွန်ပြသောကြောင့် ၎င်းနေရာ၌ မြို့ရွာတည်ထောင်ကြ၍ ၎င်းမြို့ကို (ဓညဝတီ)မြို့ ဟုသမုတ်ကြလေ၏။ ၎င်းမြို့ကို သဝန်ကြီးပင်အုပ်ချုပ်၍ သဝန်ငယ်ကား မြို့ကွပ်၊ ကရင်ဘကား မုဆိုးလုပ်လျက်ပင်နေကြလေသတည်း။

 

တောင်ငူရာဇဝင် (၂)

မုဆိုးကရင်ဘ

ထီးလှိုင်အသည်သား ငတက်ခါးသည် မုဆိုးအမှုကိုပြုရန် တောသို့သွားသဖြင့်တစ်နေ့သောအခါ မိမိဝတ်သောအင်္ကျီကိုချွတ်၍ မြေတွင်ခေတ္တပုံထားရာ မြွေငန်းကြီးတစ်ကောင်သည် အင်္ကျီပေါ်သို့တတ်လျက် ခွေနေသည်ကို ကရင်ဘမြင်လေလျှင် ချောက်လှန့်ရာ မြွေငန်းကြီးသည် ရှုးရှုးဟူသောအသံကိုပြုလျက်တောင်အရပ်သို့ ထွက်သွားလေ၏။ ဤအကြောင်းကို ထီးလှိုင််ဆရာတော်အားလျှောက်ထားလျှင် ဆရာတော်က သင်သည်မြေငန်းသွားသော တောင်အရပ်သို့ပြောင်းရွေ့သွားလျှင် မုချသူကောင်းဖြစ်လတံ့သော ပုဗ္ဗနိမိတ်ဖြစ်လိမ့်မည်ငါထင်သည်။ မကြာခင် ပြောင်းသွားလေဟုဆိုသောကြောင့် ထီးလှိုင်ဆရာတော်စကားကို လွန်စွာယုံကြည်သဖြင့် ထီးလှိုင်အရပ်မှတောင်ဘက်ဖြစ်သော ကင်းသာအရပ်သို့ပြောင်းနေသောအခါ သဝန်ညီနောင်နှင့်တွေ့ကြ၍ ကတိသစ္စာခြင်း ခံကြရလေသည်။
မုဆိုးငတတ်ခါးကို ကရင်ဘဟုခေါ်ခြင်းကား မိဘသေဆုံးသွားသောကရင်မငယ်တစ်ယောက်ကို ကောက်ယူမွေးစားထားသောကြောင့် ၎င်းတို့လင်မယားကိုကရင်ဘ ကရင်မိဟုခေါ်တွင်လေသည်။ သဝန်ကြီးသည်ကား လပြည့်လကွယ်နေ့တိုင်း နောက်လိုက်နောက်ပါတို့နှင့်တကွ မြတ်စောညီနောင်စေတီတော်၊ ရှင်ပင်ကျောက်ဆောက်စေတီတော်တို့ကို ဖူးမျှော်လှူဒါန်းပူဇော်ရန်ထွက်လေ့ရှိသည်။ အခါတစ်ပါးသဝန်ကြီးဘုရားဖူးသွားရာတွင် ညီသဝန်ငယ်လုပ်ကြံ၍ အနိစ္စရောက်လေသည်။ သဝန်ကြီးသည် အိမ်နိမ့်(၂၀)နှစ်နှင့်နန်းစည်းစိမ်(၁၈)နှစ်၊သက်တော်(၃၈)နှစ်သက္ကရာဇ်(၆၇၉)တွင်အနိစ္စရောက်လေသတည်း။


သဝန်ငယ်

သဝန်ကြီးအနိစ္စရောက်လျှင် ထိုသက္ကရာဇ်တွင်မှာပင် တောင်ငူကို သဝန်ငယ်အုပ်စိုးလေသည်။ဆိုအခါ ကရင်ဘကိုမုဆိုးနေရာမှ ခေါ်တော်မူ၍ မြို့ကွပ်အရာကိုပေးလေ၏။ သဝန်ငယ်လည်းများစွာသောကုသိုလ်ကောင်းမှု့ကိုပြုလျက် အိမ်နိမ့်(၃၆)နှစ်၊စည်းစိမ်(၇)နှစ် စိုးစံ၍သက်တော် (၄၃)နှစ်၊ သက္ကရာဇ်(၆၈၆)ခုနှစ်တွင် အနိစ္စရောက်လေသည်။

 

မိဖုရားစောစလာနှင့်သားစောနှစ်

သဝန်ငယ်မရှိလေလျှင် (၉)နှစ်သားဖြစ်သော သားတော်စောနှစ်နှင့် သဝန်ငယ်၏မိဖုရားစောစလာတို့ကို ကရင်ဘက ကြည့်ရှုစောင်မကာ မင်းပြုစေ၏။ ကရင်ဘမှာမူကား မြို့ကွပ်အရာနှင့်ပင်နေလေသည်။ မြို့ကွပ်ကရင်ဘသည် မိဖုရားသားအမိတို့ကို ကျေးဇူးသစ္စာမဖျက်ပဲ မင်းမြှေက်၍ပေးငြားသော်လည်း မိဖုရားကမူကား စိတ်မဖြောင့် ကျေးဇူးမသိပဲနှင့် သတ်လိုသောအကြံကိုကြံသည်။ ကရင်ဘသည်မြို့ကွပ်ဖြစ်သော်၍သြဇာအာဏာလည်းကြီး၏။ အမှုထမ်းလက်နက်ကိုင်တို့လည်းသူ၏လက်အတွင်းမှာရှိ၏။ ငါတို့သားအမိကို ခေတ္တသာမင်းမြှောက်ထားလေသည်။ နောင်ငါတို့သားအမိကိုပယ်၍မင်းလုပ်လိမ့်မည်။ သူမသတ်ခင် ငါကဦးစွာသတ်မှတော်မည်ဟု စေတီတစ်ဆူတည်ပြီးလျှင် အနုမောဒနာပြုမည်ဟု ကရင်ဘကိုအခါခါဖိတ်ခေါ်စေလျှက်၊ကရင်ဘလာလျှင် အဆင်သင့်လုပ်ကြံရန် ဓါးလှံတို့ကိုအဆင်သင့်မြှုပ်နှံလျက်စောင့်နေလေ၏။
ကရင်ဘလည်းဘုန်းကံရှိသူဖြစ်၍ မိဘုရားအခါခါခေါ်ဖန်များလာလျှင်မိမိလူယုံတစ်ယောက်ကိုစေ၍ အမှတ်မထင်ကြည့်စေသော် ဓါးလှံမြှုပ်လျက်လူစောင့်တို့ကိုတွေ့မြင်လျှင် ကရင်ဘထံသို့ အကြောင်းကိုပြောကြားလေလျှင် ကြောက်ရွံ့ထိတ်လန့်သည်နှင့် စုရုံးမိသမျှသောသူတို့ကိုခေါ်၍ မြို့တွင်းသို့ ဝင်ပြေးပြီးလျှင်အကြပ်အတည်း တံခါးပိတ်လျက်နေကြကုန်၏။ ကရင်ဘလည်း မိန်းမနှင့်ယောကျ်ားဖြစ်၍ အဆောတလျင်မလိုက်ဘဲမြို့ပြင်ကသာ ဝိုင်းဝန်းခြံရံကာ အကြပ်အတည်းနေကြသောကြောင့်၊ တစ်နှစ်ကြာလျှင် မြို့တွင်းသားတို့ အနေကျဉ်းကြပ်ကြသည်နှင့်တံခါးကို ဖွင့်ပေးကြလေလျှင် ၎င်းသားအမိကိုပယ်ရှားလျက် သက္ကရာဇ်(၆၈၇)ခုနှစ်တွင် ကရင်ဘအုပ်စိုးလေသည်။
ကရင်ဘတွင်ကာသားယောကျ်ားလေးမရှိ သမီးတစ်ယောက်သာရှိသည်။ ၎င်းသမီးကို လကျ်ာဇေယျပျံချီနှင့် လက်ထပ်၍ သမက်ပြုလေသည်။ ကရင်ဘမင်းသည် အရှေ့ဘက်သို့ပြောင်းရွေ့လျက် (ဒွါရာဝတီ)မြို့ကိုတည်၍စံလေ၏။ ကရင်ဘသည် အရွယ်ငယ်စဉ် ကအကုသိုလ်အမှုနှင့် မုဆိုးလုပ်ဖူးသော်လည်း ယခုမင်းဖြစ်သည့်အခါ တရားနှင့်အညီ အုပ်စိုးသည့်အတွက် မြို့ရွာတိုးတက်စည်ကားသည်နှင့် မြတ်စောညီနောင်၊ရှင်ပင်ကျောက်ဆောင်စေတီတို့ကို ပြုပြင်တော်မူ၍ ရွှေလုံးပြည့်ချတော်မူသည်။ ဤကဲ့သို့ ကုသိုလ်ကောင်းမှုတို့ကို များစွာပြုလျက် အိမ်နိမ့်(၇၃)၊စည်းစိမ်(၁၇)နှစ်၊သက်တော်(၉၀)ပြည့်တွင် ဒွါရာဝတီမြို့တော်တွင် အနိစ္စရောက်လေသည်။

 

လကျာ်ဇေယျပျံချီ


ကရင်ဘအနိစ္စရောက်လျှင် ၎င်းသားမက်လကျ်ာဇေယျပျံချီ မင်းပြုလေသည်။ ၎င်းမင်းလည်းမြတ်စောညီနောင်စေတီတော်၊ ရှင်ပင်ကျောက်ဆောက်စေတီတော်များကို ရွှေလုံးတော်ပြည့်ချတော်မူလေသည်။ ၎င်းမင်းဖြစ်၍(၂)နှစ်ရှိလျှင်ညီတော် ထောက်လှေခါးလုပ်ကြံ၍ အနိစ္စရောက်လေသည်။

 

ထောက်လှေခါး

လကျ်ာဇေယျပျံချီ အနိစ္စရောက်လျှင် ၎င်းညီထောက်လှေခါးမင်းပြုလေ၏။ ၎င်းထောက်လှေခါးမင်းပြု၍ (၁)နှစ်နှင့်(၉)လ ရှိလျှင် သိန်းပကားလုပ်ကြံ၍ သက္ကရာဇ်(၇၀၈) ခုနှစ်တွင်မင်းပြုလေ၏။ ထိုမင်း၏သားဖြစ်သော ပျံချီကြီးသည် ဘခင်သိန်းပကားမင်းနှင့် အနေအထိုင်၊အသွားအလာ သဘောမတူကြသောကြောင့် တိတ်တဆိတ်ထွက်သွား၍ ပဲခူး၌နေလေ၏။ သိန်းပကားမင်း စည်းစိမ်(၁၇)နှစ်၊သက္ကရာဇ် (၇၂၅)ခုနှစ်တွင် အနိစ္စရောက်လေ၏။

 

 

တောင်ငူရာဇဝင်(၃)

 

စုက္ကတေးမင်း

စုက္ကတေးမင်းသည်မင်းဖြစ်၍(၃နှစ်၈လ)တွင် မင်းဘောင်းကားလုပ်ကြံ၍ သက္ကရာဇ်(၇၄၀)တွင်အနိစ္စရောက်သည်။

 

မင်းဘောင်းကား

မင်းဘောင်းကားစည်းစိမ် (၁၄)နှစ်တွင် တစ်ခုသောရောဂါနှင့်အနိစ္စရောက်သည်။

 

မင်းစောဦး

မင်းဘောင်းကားအနိစ္စရောက်လေလျှင် သက္ကရာဇ(၇၅၄)တွင်အဝဘုရင်မင်းမြတ်က မင်းစောဦးကို တောင်ငူမြို့သို့စေလွှတ်၍ အုပ်စိုးစေသည်။ မင်းစောဦးအုပ်စိုး၍တစ်နှစ်ရှိလျှင် အဝဘုရင်မင်းကြီး စွာစော်ကဲက ငါ့ကျွန်အသက်ငယ်သေးသည်။တိုင်းစွန်ပြည်နားနှင့်မလျော် အပါးတော်မှာခစားရမည်ဆို၍ မင်းစောဦးကိုအဝသို့ခေါ်ယူပြီးလျှင် သက္ကရာဇ်(၇၅၅)တွင် မင်းနေမိကိုတောင်ငူမြို့အုပ်စိုးရန်စေလွှတ်လိုက်လေ၏။

 

မင်းနေမိ

မင်းနေမိသည်တောင်ငူမြို့တွင် တရားသဖြင့်အုပ်စိုး၍ မြတ်စောညီနောင်စေတီတော်၊ ရှင်ပင်ကျောက်ဆောက်စေတီတော်တို့ကို ရွှေလုံးတော်ပြည့်ချတော်မူ၍ ကုသိုလ်ကောင်းမှု့များစွာပြုလျက် စည်းစိမ်(၁၀)နှစ်၊သက္ကရာဇ်(၇၆၅)ခုနှစ်တွင် အနိစ္စရောက်သည်။

 

လကျာ်ဇေယျသင်္ကြန်

သက္ကရာဇ်(၇၆၅)ခုနှစ်တွင် အဝဘုရင်မင်းခေါင်ကြီးက မိမိကျေးကျွန်ငခင်ညိုကို လကျာ်ဇေယျသင်္ကြန် ဟူသောအမည်နှင့်တောင်ငူမြို့ကိုအုပ်ချုပ်စေသည်။ ၎င်းလကျာ်ဇေယျသင်္ကြန်အုပ်စိုး၍၃နှစ်ရှိလျှင် အဝဘုရင်မင်းခေါင်ကြီးက ငါ့ကျွန်အသက်တော်ကြီးပြီ၊ မြို့ရွာအစွန်အဖျားနှင့်မသင့်တော် အပါးတော်မှာခစားရမည်ဟု တောင်ငူမှနှုတ်သိမ်း၍ ပြဉ်စဉ်မြို့ကိုစားစေ၏။

 

စကုစားသင်္ခယာ

လကျာ်ဇေယျသင်္ကြန်ကိုနှုတ်သိမ်းပြီးလျှင် စကုမြို့စားသင်္ခယာအဝမင်းခေါင်ကြီးကပေး၍ သက္ကရာဇ်(၇၆၈)ခုနှစ်တွင်တောင်ငူကိုအုပ်စိုးစေ၏။ ၎င်းမင်းပြု၍(၄)နှစ်ရှိလျှင် အနိစ္စရောက်လေ၏။

 

သင်္ခယာငယ်

သင်္ခယာကြီးမရှိလျှင် ၎င်း၏သားကို အဘသင်္ခယာအမည်ကိုပေး၍ သက္ကရာဇ်(၇၇၂) တွင် အဝမြို့ဘုရင်ကထပ်မံ၍ တောင်ငူမြို့ကိုအုပ်စိုးစေသည်။ သင်္ခယာမင်းဖြစ်၍တစ်နှစ်ရှိလျှင် ရှမ်းလူမျိုးတို့လုပ်ကြံ၍အနိစ္စရောက်လေ၏။ ရှမ်းတို့အုပ်စိုးသည်နှင့်တောင်ငူမှာမင်းတစ်နှစ်လပ်လေ၏။

 

ပန်းတောင်းမြို့စား

ရှမ်းတို့တောင်ငူမှာမရှိလျှင် ပန်းတောင်းမြို့စားမောင်အုပ်ကို အဝဘုရင်က အုပ်စိုးစေလွှတ်စေ၏။ တောင်ငူတွင် ပန်းတောင်းမြို့စားမောင်အုပ်တစ်နှစ်ရှိလျှင် မောင်အုပ်ကိုခေါ်တော်မူ၍ ဗညားယံကိုစေလွှတ်အုပ်ချုပ်စေသည်။

 

ဗညားယံ

ဗညားယံကို အဝဘုရင်စေလွှတ်၍ တောင်ငူမြို့မှာ(၃)နှစ်ရှိလျှင်ဗညားယံကို ခေါ်တော်မူ၍ စောလူးသင်္ခယာကိုပေးတော်မူသည်။

 

---

Note : တောင်ငူရာဇဝင်အကျဉ်းချုပ်ကို Taungoo City Blog မှာ သုံးပိုင်းပဲ ရှိလို့ ရသလောက်ကိုပဲ တင်ပေးထားပါတယ်။

 

===

Author : sulatt