Xiaomi Mi 9 Leak

 

မြန်မာပြည်မှာ အသုံးအများဆုံးဖြစ်နေတဲ့ Xiaomi မှ သူ့ရဲ့ Mi series ထဲက နောက်ထပ်ဖုန်းတစ်လုံးဖြစ်တဲ့ Xiaomi Mi 9 ကို မိတ်ဆက်ဖို့ ပြင်ဆင်နေပါပြီ။ Specification တွေအနေနဲ့ကတော့ Leaked ဖြစ်နေတဲ့အတွက် သိရှိကြရအောင် Taungoo.Net မှ ဖော်ပြပေးပါရစေ။

ဇန်နဝါရီ ၄ ရက်နေ့က GSM Arena မှာ ဖော်ပြခဲ့တဲ့အကြောင်းလေးတွေကို အရင်ဆုံး တင်ပြပေးပါရစေ။


ဖုန်းအနောက်ဘက်ကို အရင်ကြည့်ရရင်တော့ ဖုန်းသုံးလုံးကို ဒေါင်လိုက်စီတန်းထားတာကို တွေ့ရပါလိမ့်မယ်။ Sony ရဲ့ IMX586 Sensor ကိုသုံးထားတဲ့ အဓိကကင်မရာကတော့ 48 MP ဖြစ်ပြီး ဒုတိယကင်မရာကတော့ 12 MP ဖြစ်၍ တတိယအနေနဲ့ကတော့ 3D TOF ကင်မရာပဲ ဖြစ်ပါတယ်။ (TOF = Time-of-Flight Camera ဆိုတာဟာ အကွာအဝေးကို တိုင်းတာတဲ့ ကင်မရာပဲဖြစ်ပါတယ်။ အရာဝတ္ထုရဲ့ point နဲ့ camera point ကြားအကွာအဝေးကို လေဆာ (သို့) LED light သုံးပြီး တိုင်းတာခြင်းပါ။)

 

Mi 9 ရဲ့ အရှေ့ဘက်မှာ 6.4 လက်မ ရှိပြီး 19:9 အချိုးနှုန်းပါဝင်သော FHD+ AMOLED မှန်ပေါ်တွင် ရေစက်ကလေး တွဲခိုနေတဲ့ပုံသဏ္ဍာန် 24 MP selfie ကင်မရာ ပါဝင်မှာဖြစ်ပြီး ထိုကင်မရာကိုတော့ Sony IMX576 sensor အသုံးပြုထားပါလိမ့်မယ်။ ဒါ့ကြောင့် အရှေ့ဘက်မျက်နှာပြင် အသွင်အပြင်က OnePlus 6T နဲ့ ဒီဇိုင်းခြင်း သွားတူနေပါလိ့မယ်။


အနောက်ဘက်ကတော့ ကင်မရာထားရှိတဲ့ပုံစံအရ Huawei P20 Pro ဒီဇိုင်းနဲ့ဆင်နေပါလိမ့်မယ်။ ကင်မရာသုံးလုံးဒေါင်လိုက်ထားရှိတဲ့အောက်မှာ LED မီးပါတဲ့ပုံစံပါ။ Mi 8 မှာလိုပဲ ကင်မရာနဲ့ LED flash light တွေဟာ ဘယ်ဘက်မှာပဲ ရှိနေမှာပါ။


အတွင်းပိုင်းကတော့ Snapdragon 855 SoC သုံးထားပြီး 6GB + 128GB အနေနဲ့ ထွက်နိုင်ပါတယ်။ ဈေးနှုန်းကိုတော့ အမေရိကန်ဒေါ်လာ 436 ဝန်းကျင် ခန့်မှန်းထားပါတယ်။


Mi 9 ဟာ Android 9 Pie OS ကို အသုံးပြုထားတဲ့ MIUI 10 နဲ့ ထွက်လာဖို့ရာရှိပါတယ်။ ဘက်ထရီအနေနဲ့ကတော့ 3500 mAh နဲ့ဖြစ်ပြီး 32W အမြန်အားသွင်းစနစ်ပါဝင်ပါလိမ့်မယ်။ ဝမ်းနည်းစရာကောင်းတာက Wireless charging ပါဦးမှာ မဟုတ်သေးပါဘူး။ ဖုန်းရဲ့ အတိုင်းအတာကတော့ 155 x 75 x 7.6 mm ဖြစ်မယ်လို့ ပြောထားပါတယ်။ ၂၀၁၉ ဖေဖော်ဝါရီနှောင်းပိုင်း (၂၅ ရက်နေ့မှ ၂၈ ရက်နေ့အထိ) ဘာစီလိုနာမှာလုပ်မယ့် MWC (Mobile World Congress 2019) မှာ မိတ်ဆက်မှာဖြစ်ပြီး ၂၀၁၉ မတ်လလောက်မှ စတင်ရောင်းချပါလိမ့်မယ်။

 

အခုဆက်ပြီး ဖော်ပြပေးမှာကတော့ မနေ့က (၁၃ ဖေဖော်ဝါရီက) QQ မှာရေးထားတဲ့ Xiaomi ရဲ့တရုတ်ဘလော့တစ်ခုက သတင်းပဲ ဖြစ်ပါတယ်။

အဲ့ဒီဘလော့မှာရေးထားတာကို ဖော်ပြရရင် Xiaomi Mi 9 ကို ကုမ္ပဏီတွင်းနာမည်ပေးထားတာကတော့ Battle Angel (战斗天使) ဖြစ်ပါတယ်တဲ့။ ပြိုင်ဘက်တွေကို တိုက်ခိုက်ဖို့ရာ စွမ်းရည်အပြည့်နဲ့ Flagship ဖုန်းတစ်လုံးပါလို့ ဆိုပါတယ်။

“မဆုတ်မနစ်သောဇွဲလုံ့လတို့ရဲ့ လမ်းကြောင်းပေါ်လျှောက်လှမ်းရင်း၊ ထုတ်ကုန်တွေကို လှစ်ဟဖော်ပြခဲ့တာ ဘယ်တော့မှ မပြောင်းလဲတဲ့ Xiaomi ရဲ့ နုနယ်လန်းဆန်းတဲ့နှလုံးသား” လို့ ဟစ်ကြွေးထားပါတယ်။ ဖေဖော်ဝါရီ ၂၀ မှာ Mi 9 နဲ့ ဆုံတွေ့ကြပါစို့တဲ့။

အသက်တစ်ဆယ့်ရှစ်နှစ်ပဲရှိသေးတဲ့ တရုတ်အဆိုတော်၊ သီချင်းရေးဆရာ၊ သရုပ်ဆောင် Wang Yuan (ခေါ်) Roy Wang ကို Xiaomi Mobile Phone brand ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးအဖြစ် ခန့်အပ်ထားတယ်လို့လည်း ကြေညာထားပါတယ်။ သူဟာ UNICEF သံတမန်တစ်ဦးလည်း ဖြစ်ပါသေးတယ်။ Time magazine မှ ထုတ်ပြန်ထားတဲ့ ကမ္ဘာ့အလွှမ်းမိုးနိုင်ဆုံး လူငယ်လူစွာ သုံးဆယ်စာရင်းထဲမှာလည်း အပါအဝင်ပါ။ (Mi 9 ကိုကိုင်ပြီး ပိုစတာရိုက်ထားတဲ့ သူ့ပုံကို အောက်မှာ ဖော်ပြပေးထားပါတယ်။)

Xiaomi Mi 9 Poster