2020 ခုနှစ်ကို ဝင်ဝင်ချင်းမှာပဲ Apple ဟာ မျက်နှာပြင်ကိုခေါက်လို့ရတဲ့ foldable iPad ကိုမိတ်ဆက်လိမ့်မယ်ဆိုတဲ့ ကောလဟာလတစ်ခုကို လန်ဒန်အခြေစိုက် ကမ္ဘာလုံးဆိုင်ရာ သတင်းအချက်အလက်များကို ပံ့ပိုးပေးနေတဲ့ ကုမ္ပဏီဖြစ်တဲ့ IHS Markit ရဲ့ လေ့လာဆန်းစစ်သူ Jeff Lin မှ ကောက်ချက်ချထားတယ်လို့ Economic Daily News သတင်းစာမှာ ဖော်ပြထားပါတယ်။ Apple အနေနဲ့ foldable device တွေထုတ်လုပ်ရန်အပေါ် စိတ်ဝင်စားလိမ့်မယ်လို့ အများရဲ့ ထင်မြင်ယူဆချက်တွေ ထွက်နေပေမယ့်လို့ ယခုအကြိမ်ကတော့ ဖြစ်နိုင်ချေအရှိဆုံးပါပဲ။

 

Lin ရဲ့ ကောက်နှုတ်ချက်အရ 2020 မှာထုတ်မယ့် iPad ရဲ့ စကရင်ဆိုဒ်ဟာ ယခုလက်ရှိထုတ်ထားတဲ့ MacBook ရဲ့ အရွယ်နီးပါးရှိမယ်လို့ ယူဆထားပါတယ်။ (MacBook ရဲ့ အရွယ်အစားဟာ ၁၁ လက်မ မှ ၁၃ လက်မအထိရှိနေပြီး ယခုထွက်ထားတဲ့ iPad Pro ဟာလည်း ၁၂.၉ လက်မအရွယ်ရှိနေတဲ့အတွက် ဖြစ်နိုင်ချေရှိပါတယ်။) မျက်နှာပြင်ကို ခေါက်လို့ရတဲ့ foldable iPad ဟာ 5G network ကို support လုပ်မှာဖြစ်ပြီး လုပ်ငန်းခွင်သုံး စီးပွားရေးအတွက်ပါရည်ရွယ်တဲ့ feature တွေပါနိုင်တယ်လို့ပါ ဖော်ပြထားပါသေးတယ်။


ယနေ့အချိန်အခြားသောထင်မြင်ယူဆချက်တွေကတော့ နောက်ထွက်မယ့် iPad Pro မော်ဒယ်တွေဟာ 2020 အစောပိုင်းလောက်မှာ ထုတ်မှာဖြစ်ပြီး အနောက်ဘက်မှာတော့ Time-of-flight (ToF) camera ပါနိုင်တယ်လို့ ပြောနေကြတာတွေတော့ရှိပါတယ်။ (ToF ကင်မရာဆိုတာဟာ လေဆာ (သို့) LED အလင်းကနေ ချိန်ထားတဲ့အရာဝတ္ထုနဲ့ ကင်မရာနဲ့အကြားက အကွာအဝေးကို တိုင်းတာပေးနိုင်တဲ့စနစ်ကို အသုံးပြုထားတဲ့ကင်မရာပဲဖြစ်ပါတယ်။) အဲ့ဒီကင်မရာနဲ့ရိုက်ထားတဲ့ပုံရိပ်တွေကနေ 3D ပုံစံတွေထုတ်ပေးနိုင်ပြီး iPad အပေါ်မှာပဲ Apple Pencil ကိုအသုံးပြုကာ တည်းဖြတ်နိုင်ပါလိမ့်မယ်။ အချို့သောကောလဟာလတွေမှာကတော့ Apple ဟာ foldable display တွေကို စိတ်ဝင်စားနေသော်လည်း 2020 မှာထွက်နိုင်လိမ့်မယ်လို့တော့ ယူဆထားတာတွေမရှိသေးပါဘူး။

 

သတင်းတွေရဲ့ သုံးသပ်ချက်အရကတော့ 2020 မှာ ထွက်ရှိမယ့် Apple ရဲ့ iPhone တွေဟာ 5G network ကို support လုပ်နိုင်လိမ့်မယ်လို့ ရေးထားတဲ့အတွက် iPhone ဟာ iPad တွေထက်ဦးစွာ 5G feature ပါဝင်လာနိုင်မယ်လို့ ယူဆရပါတယ်။ ထိပ်တန်းတယ်လီကွန်းကုမ္ပဏီတွေက အမေရိကန်နိုင်ငံရဲ့မြို့အတော်များများမှာ 5G network ကို စမ်းသပ် ထုတ်လွှင့်နေကြတာကြောင့် Apple ရဲ့နောက်ထွက်မယ့် device တွေမှာ 5G ကို support လုပ်ဖို့ အရေးပါနေတာကို တွေ့ရှိရပါတယ်။


ရှေ့မှာဦးဆုံးထွက်ရှိခဲ့တယ့် Samsung ရဲ့ Galaxy Fold မှာ ပြဿနာတွေအနည်းငယ်ရှိခဲ့တာကြောင့် Apple ဟာ Foldable display နဲ့ ထုတ်လုပ်ခဲ့ရင် ပြဿနာများစွာရင်ဆိုင်ကြုံတွေ့နိုင်ဖွယ်ရာရှိပါတယ်။ Samsung ရဲ့ Galaxy Fold ကို ဧပရယ်လမှာ reviewer တွေရဲ့လက်ထဲကိုရောက်ရှိတဲ့အချိန် အခက်အခဲတွေရင်ဆိုင်ခဲ့ရတာကို သိရှိကြမှာပါ။ ဒါ့ကြောင့် Samsung ဟာ Galaxy Fold ကို ရောင်းချဖို့ရာ ရွှေ့ဆိုင်းခဲ့ပြီး ယခုအပတ်ထဲမှာတော့ ပြန်လည်ဒီဇိုင်းရေးဆွဲတာပြီးခဲ့ပါပြီ။ ဒါပေမယ့်လည်း ဈေးကွက်ထဲကို ဖြန့်ချီမယ့်ရက်ကို ကြေညာခြင်းမရှိသေးပါဘူး။

 

 

ဒီအကြောင်းကို ပြည့်ပြည့်စုံစုံ ဖတ်ရှုလို့ရအောင် Taungoo.Net မှနေပြီး ရှာဖွေတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ ပုံ နှင့် အချက်အလက်များကို အင်တာနက်သတင်းဋ္ဌာနများမှ စုဆောင်းတင်ပြအပ်ပါတယ်။

ပြန်လည်ကူးယူဖော်ပြချင်ရင်တော့ Credit: Taungoo.Net ဟု ထည့်သွင်းဖော်ပြပေးပါရန် တောင်းဆိုအပ်ပါတယ်ခင်ဗျာ။