ကမ္ဘာပေါ်မှာ ဒုတိယအကြီးဆုံး တယ်လီကွန်းကုမ္ပဏီဖြစ်တဲ့ ဟွဝေ ("ဝေ ဝေ" လို့လည်း အသံထွက်နိုင်တယ်လို့ ပြောတာကိုတွေ့ဖူးပါတယ်) Huawei ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က  စီးပွားရေးအရ အရေးယူမှုတွေ ပြုလုပ်ခဲ့တာကို ပြီးခဲ့တဲ့အပတ်ကစတင်ပြီး ကြားမိကြမှာပါ။ မြန်မာနိုင်ငံရဲ့ တယ်လီကွန်းလောကမှာ Huawei က ထိပ်ဆုံးကနေ service ပေးနေသလိုပဲ မြန်မာနိုင်ငံရဲ့ Android ဖုန်းလောကမှာလည်း ဈေးချိုချိုနဲ့ ဝင်ရောက်လာခဲ့တာပဲဖြစ်ပါတယ်။ ဒါ့ကြောင့် Huawei handset တွေဟာ မြန်မာနိုင်ငံမှာ အရောင်းအသွက်ဆုံး handset တွေလည်း ဖြစ်ပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ဟာ တရုတ်အခြေစိုက် ကုမ္ပဏီဖြစ်တဲ့ Huawei အပေါ် ကုန်သွယ်ခွင့်ပိတ်ပင်လိုက်တဲ့အတွက်ကြောင့် မေလ ၁၉ ရက်နေ့မှာ Google မှ Android အသုံးပြုခွင့်လိုင်စင်တွေရောင်းချခြင်း ရပ်စဲလိုက်တဲ့အချိန်မှာ တော်တော်လေး ဂယက်ရိုက်ခဲ့ပါတယ်။

နောက်ဆုံးရ သတင်း

19 June 2019
အမေရိကန်ရဲ့ကုန်သွယ်ခွင့်ပိတ်ပင်မှုကြောင့် ဆုံးရှုံးနစ်နာနိုင်ချေရှိတဲ့ ကန်ဒေါ်လာ 30 Billion အတွက် မည်သို့မျှသောကမရောက်ကြောင်းကို Huawei ရဲ့ Founder နှင့် CEO ဖြစ်သူ Ren Zhengfei က ဗုဒ္ဓဟူးနေ့က ရုပ်သံသတင်းဋ္ဌာနတစ်ခုဖြစ်တဲ့ CNBC နဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။ တရုတ်နိုင်ငံက ထောက်ခံအားပေးနေကြတဲ့အတွက် အမေရိကန်နိုင်ငံက ရရှိနိုင်မယ့် 30 Billion ဆိုတာကို ပြဿနာတစ်ရပ်အနေနဲ့ မထင်မြင်မိကြောင်း၊ Huawei အတွက် ၎င်းဆုံးရှုံးမှုဟာ အလွန့်အလွန်သေးငယ်တဲ့ ကိစ္စတစ်ရပ်သာဖြစ်ကြောင်းကိုပါ ထည့်သွင်းပြောကြားသွားပါတယ်။  အမေရိကန်သမ္မတဒေါ်နယ်ထရန့်က Huawei CEO ဖြစ်သူ Ren Zhengfei ကို ဖုန်းဆက်လာပါက မည်ကဲ့သို့ဆုံးဖြတ်မည်ကို CNBC က မေးမြန်းရာတွင် Ren က “ဖုန်းကိုင်ရမှာပေါ့ ... ကျွန်တော်တို့တိုင်ပင်လို့ရတာပေါ့ ... ပြီးတော့ တက်ကြွတဲ့လူမှုဝန်းကျင်တစ်ခုကို အတူတူတည်ဆောက်ပြီး နှစ်ဦးနှစ်ဘက်အကျိုးရှိမယ့်ကိစ္စတွေ ပူးပေါင်းလုပ်ဆောင်လို့ရနိုင်တာပေါ့။ အမေရိကန်နိုင်ငံက နည်းပညာရှေ့ဆောင်နိုင်ငံဖြစ်နေသေးတဲ့အလျောက် ကျွန်တော်တို့အနေနဲ့လည်း ပါဝင်ကူညီနိုင်ပါတယ်” လို့ ပြန်လည် ပြောကြားခဲ့ပါတယ်။

 

ဒီအကြောင်းကို ပြည့်ပြည့်စုံစုံ ဖတ်ရှုလို့ရအောင် Taungoo.Net မှနေပြီး ရှာဖွေတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။

Huawei Founder Ren Zhengfei

 

Huawei ကုမ္ပဏီဆိုတာ ..


Huawei Technologies Co. Ltd. ဟာ တရုတ်နည်းပညာကုမ္ပဏီဖြစ်ပြီး ၎င်းဟာ နိုင်ငံတကာမှာ Telecommunications equipment တွေ၊ သူတို့ရဲ့ service တွေကို ရောင်းချနေတဲ့အပြင် Smartphone, Tablet နဲ့ Computer အစရှိတဲ့ အီလက်ထရောနစ်ပစ္စည်းတွေကိုပါ ရောင်းချပေးတဲ့ကုမ္ပဏီဖြစ်ပါတယ်။ မိခင်ဋ္ဌာနချုပ်ဟာ တရုတ်နိုင်ငံ ဂွမ်တုံပြည်နယ် ရှန်ကျန့်မြို့မှာ တည်ရှိပါတယ်။
ကုမ္ပဏီကို 1987 ခုနှစ်မှာ Ren Zhengfei က တည်ထောင်ခဲ့ပါတယ်။ စတင်တည်ထောင်တုန်းက တယ်လီဖုန်းအိတ်ချိန်းတွေအတွက် ကွန်ပျူတာအသုံးချ Switching System များထုတ်လုပ်ရန် ရည်ရွယ်ခဲ့ပေမယ့် နောက်ပိုင်းမှာ Telecommunication ကွန်ရက်တွေ၊ ဆားဗစ်တွေ၊ ထုတ်ကုန်တွေကို တရုတ်ပြည်တွင်း၊ပြည်ပ ရောင်းချနိုင်သည်အထိ လုပ်ငန်းတိုးချဲ့ခဲ့ပါတယ်။ 2018 စက်တင်ဘာ စစ်တမ်းများအရ Huawei မှာ ဝန်ထမ်းပေါင်း တစ်သိန်းရှစ်သောင်းရှစ်ထောင်ရှိတယ်လို့ ဖော်ပြထားပါတယ်။ Huawei ဟာ သူ့ရဲ့ထုတ်ကုန်နဲ့ဝန်ဆောင်မှုများကို နိုင်ငံပေါင်း တစ်ရာ့ခုနစ်ဆယ်အထိ ဖြန့်ကျက်ထားနိုင်ခဲ့ပါတယ်။ ၂၀၁၂ မှာ ကမ္ဘာ့အကြီးဆုံး Telecom equipment များထုတ်လုပ်သူ Ericsson ကို အနိုင်ယူနိုင်ခဲ့ပြီး ၂၀၁၈ မှာ ကမ္ဘာ့ဒုတိယ smartphone ထုတ်လုပ်သူ Apple ကို ကျော်တက်နိုင်ခဲ့ပါတယ်။ Honor ဖုန်းတွေဟာ Huawei ဖုန်းတွေရဲ့ လက်ခွဲဖုန်းနာမည်ဖြစ်ပြီး semiconductor chip တွေ ထုတ်လုပ်တဲ့ HiSilicon ဟာလည်း Huawei ရဲ့ လက်အောက်ခံကုမ္ပဏီဖြစ်ပါတယ်။

 

 

Story of Huawei vs USA

 

Google ဟာ Android လိုင်စင်နဲ့ security update တွေ ရောင်းချပေးခြင်း မရှိတော့တာကို သိကြမှာပါ။ ပထမဦးစွာသတိပြုရမှာတော့ ကုန်သွယ်ခွင့်ပိတ်ပင်ခဲ့ပြီး ရက်ကိုးဆယ်အကြာမှာ update တွေ မပေးတော့ဘူးလို့ ပြောကြားခဲ့တဲ့တာကြောင့် ၂၀၁၉ သြဂုတ်လ အလယ်ပိုင်းလောက်ကစတင်ပြီး ယခင်ထုတ်ခဲ့တဲ့ဖုန်းတွေအတွက် Google နဲ့ Android ရဲ့ support တွေ ရရှိနိုင်ဖို့ရာ မသေချာတော့ပါဘူး။ ဒီလိုဆိုတော့ huawei ဖုန်းလေးတွေက အပယ်ခံဘဝ ရောက်ရရှာတော့မှာပေါ့။ (Huawei ရဲ့ လက်အောက်က ဖုန်းတစ်မျိုးဖြစ်တဲ့ Honor ဖုန်းတွေအတွက်ပါ သက်ရောက်လိမ့်မယ်လို့ ထင်ပါတယ်။)

စင်္ကာပူဖုန်းဈေးကွက်မှာဆိုရင် Huawei mobile အရောင်း/အဝယ် အတော်ထိခိုက်ခဲ့ပါတယ်။ ဈေးတွေ အမေရိကန်ဒေါ်လာ ၂၀၀ မှ ၃၀၀ အထိလျှော့ရောင်းနေကြရပါတယ်။ Orchard Xchange က ဆိုင်တစ်ဆိုင်ဆို Huawei handset ရောင်းနှုန်းဟာ တစ်ရက်ပျမ်းမျှ အလုံး ၂၀ ကနေ ၃၀ အထိ ရှိပေမယ့် Google က ကုန်သွယ်ခွင့်ပိတ်ပြီးတဲ့နောက်ပိုင်းမှာ တစ်ရက်ကို နှစ်လုံး သုံးလုံးသာ အရောင်းရှိတော့ကြောင်း ပြောပါတယ်။ used phone အဝယ်သမားတစ်ယောက်ကတော့ စင်္ကာပူဒေါ်လာ ၁၄၀၀ လောက်ရှိတဲ့ Huawei P30 Pro ကို သူ့ဆီ စင်္ကာပူဒေါ်လာ တစ်ရာလောက်နဲ့ လာရောင်းနေတာ သုံး လေးဦးလောက် ကြုံရပါတယ်လို့ ပြောပါတယ်။

Huawei ကုမ္ပဏီဟာ တရုတ်နိုင်ငံ အခြေစိုက်ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ ကုမ္ပဏီကလည်း တော်တော်ကြီးကို ကြီးမားတဲ့ ကုမ္ပဏီကြီးပါ။ Smartphone Vendor ဈေးကွက်ရှယ်ရာအရဆိုရင် ဒုတိယနေရာမှာရှိနေတဲ့ ကုမ္ပဏီဖြစ်ပြီး ထိပ်ဆုံးမှာက Samsung နဲ့ Huawei အောက်မှာ Apple ပါ။ Huawei ဟာဆိုရင် Networking ပစ္စည်းတွေ၊ Smartphone တွေ၊ Computer တွေ ရောင်းချနေတဲ့ ကုမ္ပဏီဖြစ်ပြီး တယ်လီကွန်း service တွေပါ ပေးနေတဲ့ ကုမ္ပဏီပါ။ ယနေ့အချိန် ကမ္ဘာ့ နံပါတ် ၁ Telecom supplier နဲ့ ကမ္ဘာ့နံပါတ် ၂ smartphone maker အဖြစ်ရပ်တည်နေခဲ့တာပါ။

လွန်ခဲ့တဲ့ လအနည်းငယ်ကတည်းက တရုတ်နဲ့ အမေရိကန်ဟာ ကုန်သွယ်မှုစစ်ပွဲဖြစ်လို့နေပါတယ်။ ဒီစစ်ပွဲဟာ နှစ်ဘက်စလုံး ဖြစ်နေကြတဲ့စစ်ပွဲဖြစ်ပေမယ့် အမေရိကန်ရဲ့ အမျိုးသားလုံခြုံရေးအတွက်ဟု အကြောင်းပြကာ Huawei ကုမ္ပဏီအား အမေရိကန်တွင် blacklist အတွင်း ထည့်သွင်းခဲ့ပါတယ်။ အမေရိကန်ကုမ္ပဏီတွေကို Huawei ပစ္စည်းတွေ ဝယ်ယူသုံးစွဲခွင့် ပိတ်ပင်ခဲ့ပြီး၊ Huawei အတွက်လည်း ကုမ္ပဏီတွေမှ ရောင်းချခွင့်တွေကို ပိတ်ပင်ခဲ့တဲ့အချိန်မှာ အတော်ကလေး ပြင်းထန်လာပါတယ်။

အကုန်လုံးသိရှိပြီးဖြစ်တဲ့အတိုင်း Android ရဲ့ နောက်ကွယ်က ကုမ္ပဏီဟာ Google ဖြစ်ပြီး Google ဟာ အမေရိကန်ကုမ္ပဏီတစ်ခုပါ။ Huawei ဟာလည်း Android ကို အသုံးပြုထားတဲ့ ဖုန်းတွေ ထုတ်လုပ်တဲ့ ကုမ္ပဏီပါ။ အမေရိကန်ရဲ့ ကုန်သွယ်မှုရပ်စဲခြင်း တရားဝင်ထွက်လာတာနဲ့ Google ဟာလည်း Huawei ကို လိုင်စင်ရောင်းတာတွေကို ရပ်တန့်ပစ်ခဲ့ရပါတယ်။ လက်ရှိ ဈေးကွက်ထဲရောက်နေတဲ့ဖုန်းတွေအတွက် သြဂုတ်လအရောက်မှာ Android ရဲ့ update တွေရော၊ Google Play service နဲ့ Google Play protect service တွေအပါအဝင် Google ရဲ့ service တွေကို ထုတ်ပေးတော့မှာမဟုတ်ပါဘူး။ ဒီအတွက်ကြောင့် Android နဲ့ Google ရဲ့ အထောက်အပံ့မပါဘဲ Huawei ဖုန်းတွေရဲ့ အနာဂတ်ပုံစံတွေဟာ ဘယ်လိုဖြစ်လာမလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းလာပါတယ်။

၂၀၁၈ ခုနှစ်မှာ Huawei ဟာ ကန်ဒေါ်လာ 70 Billion ကို smartphone အစိတ်အပိုင်းတွေ ဝယ်ယူရာမှာ အသုံးပြုခဲ့ပြီး အဲ့ဒီအထဲကမှ ကန်ဒေါ်လာ 11 Billion ဟာ အမေရိကန်ကုမ္ပဏီတွေဖြစ်တဲ့ Qualcomm, Intel နဲ့ Micron Technology တို့ အပါအဝင်ဖြစ်ပါတယ်။ ယခုလို ကုန်သွယ်ခွင့်ပိတ်ပင်လိုက်တဲ့အတွက်ကြောင့် Huawei ဟာ smartphone အတွက် လိုအပ်တဲ့ hardware တွေ ဝယ်ယူဖို့ ခက်ခဲသွားပါပြီ။ Gorilla Glass, Flash Storage, Radio devices တွေ ထုတ်တဲ့ကုမ္ပဏီတွေဟာလည်း အမေရိကန်ကုမ္ပဏီတွေပါပဲ။ ဒီတော့ Huawei smartphone တွေထုတ်ဖို့အတွက်ဆိုရင် ယခုလက်ရှိအသုံးပြုနေတဲ့ ကုမ္ပဏီတွေဆီက ပစ္စည်းတွေအစား အခြားသော အစိတ်အပိုင်းတွေကို အကုန်လုံးပြောင်းဖို့ရာ အတော်လေးကို ကြိုးစားရမှာပါ။ Qualcomm ရဲ့ chipset အစား Huawei ဟာ Kirin 980 chip ကို P20 Pro နဲ့ P30 Pro တို့မှာ အသုံးပြုခဲ့တာကတော့ ချီးကျူးဖွယ်ရာပါ။ Kirin chipset ဟာ Huawei ပိုင်ကုမ္ပဏီဖြစ်တဲ့ HiSillicon (semiconductor companay) မှ ထုတ်လုပ်တာဖြစ်ပါတယ်။

ဒါပေမယ့် နောက်ထွက်မယ့်ဖုန်းတွေအတွက် အစိတ်အပိုင်းတွေအားလုံး ပြောင်းလဲနိုင်သည့်တိုင်အောင် လက်ရှိဈေးကွက်ထဲမှာ အသုံးပြုနေတဲ့ဖုန်းတွေအတွက် ရက် ၉၀ ပြီးရင် ဘယ်လိုဆက်သုံးရတော့မလဲ ဆိုတာ မေးခွန်းတစ်ရပ်ဖြစ်လို့နေပါတယ်။

တကယ်တမ်းတော့ Android ဟာ open-source ဖြစ်လို့ လိုင်စင်မလိုပါဘူး။ ဒါပေမယ့် နေ့စဉ်နေ့တိုင်း Gmail, Youtube အစရှိတဲ့ Google Service တွေ အသုံးပြုနေကြသူများအတွက်တော့ အခက်အခဲရှိပါတယ်။

အချိန်နဲ့အမျှ Google service တွေနဲ့ Android ကို မှီခိုလာရတာကောင်းတဲ့အချက်မဟုတ်ဘူးဆိုတာ Samsung လိုပဲ တွေးမိမှာပါ။ ဒါ့ကြောင့် နောက်ကွယ်မှာ ကိုယ်ပိုင် OS (Operating System) တွေ စမ်းသပ်လုပ်ကိုင်နေကြပါတယ်။ Huawei ကလည်း Android ကို အစားထိုးနိုင်ဖို့အတွက် ယခုလာမယ့် စက်တင်ဘာမှာချပြမယ့် "Hongmeng" ဆိုတဲ့ OS ကို လုပ်ကိုင်နေပါတယ်။ ဒီ OS ဟာ Android application တွေကို support လုပ်နိုင်တယ်လို့ဆိုပါတယ်။ ဒါပေမယ့် ပြဿနာတစ်ရပ်က အမေရိကန်ကုမ္ပဏီတွေနဲ့ မပတ်သက်ချင်ဘူးဆိုရင် အမေရိကန်ကုမ္ပဏီတွေရဲ့ application တွေနဲ့ အလုပ်လုပ်လို့ ရတော့မှာ မဟုတ်ပါဘူး။ ဥပမာ Netflix, Facebook, Instagram အစရှိတဲ့ application တွေကို Hongmeng Playstore ထဲမှာ တွေ့မြင်ရဖို့ မသေချာတော့ပါဘူး။

Huawei ကနေ Matebook ဆိုပြီး laptop series တွေ ထုတ်ပါတယ်။ ဈေးကွက်ထဲမှာ ရှိနှင့်နေပြီးတဲ့ အခြား laptop brand တွေနဲ့ ယှဉ်နိုင်ပါတယ်။ ဒါပေမယ့် အမေရိကန်ကုမ္ပဏီတွေဖြစ်တဲ့ Microsoft, Intel, Nvidia တွေကလည်း Huawei နဲ့ ကုန်သွယ်ခွင့် ပိတ်လိုက်တော့မယ်ဆိုရင် Huawei မှာ Windows OS တွေ မြင်ရဖို့ အလားအလာရှိတော့မှာ မဟုတ်ပါဘူး။ လောလောဆယ်မှာတော့ Microsoft က နှုတ်ဆိတ်နေပါသေးတယ်။ တကယ်လို့ Microsoft ပါ ကုန်သွယ်ခွင့်ပိတ်ပင်လိုက်ရင်တော့ နှစ်ဦးနှစ်ဘက် အကျိုးထိခိုက်စရာတွေ ရှိလာနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ Microsoft နဲ့ Huawei ဟာ နှစ်ဦးတွဲဘက်ပြီး cloud service လုပ်ထားတဲ့ Azure server တွေဟာ Microsoft အသိအမှတ်ပြု Huawei server တွေအပေါ်မှာ တည်ဆောက်ထားတာကြောင့် ဖြစ်ပါတယ်။

တကယ်လို့များ ကုန်သွယ်မှုတွေကို ရပ်တန့်ထားတာ ကြာမြင့်သွားရင် Huawei အတွက် အစစအရာရာ ထိခိုက်မှုနှုန်းမြင့်မားလာနိုင်ပါတယ်။ ယခင်နှစ်တုန်းက တရုတ်ကုမ္ပဏီဖြစ်တဲ့ ZTE ကို အီရန်နဲ့ မြောက်ကိုရီးယားတို့နှင့် အလုပ်တွဲလုပ်သည်ဟုဆိုကာ အမေရိကန်မှ လုပ်ငန်းဆောင်တာများ ရပ်တန့်ရန် အမိန့်ထုတ်ခဲ့ပါသေးတယ်။ သုံးလအကြာမှာ ပြန်လည်လုပ်ကိုင်ခွင့်ပြုခဲ့သော်လည်း ZTE ရဲ့ နာမည်ဂုဏ်သတင်း အတော်ကလေးထိခိုက်ခဲ့ရပြီး ZTE ကုမ္ပဏီအတွက်လည်း အတော်လေး ရုန်းကန်ခဲ့ရသည်အထိ အခြေအနေဆိုးဝါးခဲ့ပါတယ်။

 


Huawei နဲ့ US ကြားမှာ ဒီလိုရှိခဲ့တယ်။

 

2018 ခုနှစ်အတွင်းမှာ -

 

9 Jan 2018
2018 Jan မှာ ကျင်းပပြုလုပ်ခဲ့တဲ့ CES 2018 (Consumer Electronics Show) ပွဲမှာ Huawei ရဲ့ စီအီးအိုဖြစ်တဲ့ Richard Yu ဟာ US telecom ကုမ္ပဏီဖြစ်တဲ့ AT&T ရဲ့ support အားနည်းမှုကြောင့် ဆုံးရှုံးနစ်နာမှုကို ထောက်ပြဝေဖန်ခဲ့ပါတယ်။ (ထိုအချိန်က Huawei မှာ Smartphone Maker World No. 3 အဆင့်သာရှိပါသေးတယ်။) Huawei ဟာ Mate10 Pro နဲ့ US မှာ စတင်ဝင်ရောက်ချိန်ပါ။ AT&T အစရှိတဲ့ တယ်လီကွန်းတွေနဲ့ စာချုပ်ချုပ်ဆိုပြီး Mate10 Pro ကို ရောင်းချပေမယ့်လည်း အဆိုပါကုမ္ပဏီများမှ ရောင်းချပေးမှု အားနည်းကြောင်း၊ ကမ္ဘာပေါ်မှာ တတိယအကြီးဆုံး smartphone maker ကုမ္ပဏီကြီးဟာ US မှာ လုံးဝနေရာမရကြောင်းကို Richard Yu က CES 2018 ပွဲမှာ ပြောကြားသွားခဲ့ပါတယ်။ Mate10 Pro ဟာ လုံခြုံရေးအားကောင်းစွာအသုံးပြုထားပြီး ကိုယ်ရေးကိုယ်တာ အချက်အလက်များထိန်းသိမ်းရေး စံနှုန်းများကိုလည်း လိုက်နာထားတယ်လို့လဲ ဆိုပါတယ်။


13 Feb 2018
FBI ဒါရိုက်တာဖြစ်တဲ့ Chris Wray ဟာ Huawei နဲ့ ZTE ဖုန်းတွေ ဝယ်ယူသုံးစွဲခြင်းအပေါ် လုံခြုံရေး သတိပေးပြောဆိုခဲ့ပါတယ်။ တရုတ်ကုမ္ပဏီတွေဖြစ်တဲ့ Huawei နဲ့ ZTE ဆီက ဖုန်းတွေသာမက Telecom ပစ္စည်းတွေကိုပါ ဝယ်ယူသုံးစွဲခြင်းအပေါ် အတော်လေး ရတက်မအေးဖြစ်ရတဲ့အကြောင်း သတိပေးခဲ့တာပါ။

 

22 March 2018

အမေရိကန်နိုင်ငံတွင်းသုံး Best Buy လို့ခေါ်တဲ့ အွန်လိုင်းဈေးရောင်း website ကြီးမှာ Huawei Smartphone များ ရောင်းချခွင့် ပိတ်ပင်ခြင်းခံလိုက်ရပါတယ်။


2 May 2018
အမေရိကန်ပြည်ထောင်စု ကာကွယ်ရေးဝန်ကြီးဋ္ဌာန၏ ဗဟိုဋ္ဌာနချုပ် ပန်တဂွန်မှ အမေရိကန် စစ်ဋ္ဌာနများတွင် Huawei နဲ့ ZTE ဖုန်းများ ရောင်းချခြင်းအား ပိတ်ပင်ခဲ့ပါတယ်။


6 June 2018
New York Times သတင်းဋ္ဌာနရဲ့ report တစ်ခုမှာ Facebook ဟာ Huawei ကို Facebook အသုံးပြုသူတွေရဲ့ data တွေအား ကြည့်ရှုခွင့် ပေးခဲ့သည်ဟု ဆိုပါတယ်။ အခြားသော smartphone ထုတ်လုပ်သူတွေလိုပဲ Huawei ဟာ Huawei အသုံးပြုသူ Facebook user တွေအနေနဲ့ Facebook service တွေ အသုံးပြုတဲ့အခါ လွယ်လွယ်ကူကူဖြစ်စေရန် Facebook နဲ့ ပူးပေါင်းပြီးဆောင်ရွက်ခဲ့တာပါလို့ Huawei က ပြောကြားခဲ့ပါတယ်။ Huawei အနေနဲ့လည်း Facebook user တွေရဲ့ data တွေကို စုဆောင်းခြင်း၊ သိမ်းဆည်းခြင်းများ မလုပ်ပါဘူးဟုလည်း ထပ်မံပြောကြားခဲ့ပါသေးတယ်။


7 June 2018
အမေရိကန်အစိုးရမှ Google နဲ့ Huawei ချုပ်ဆိုထားသော သဘောတူစာချုပ်များအပေါ် စီစစ်ပါတယ်။ Google ရဲ့ မိခင်ကုမ္ပဏီဖြစ်တဲ့ Alphabet မှ ပြောဆိုတာကတော့ အမေရိကန်နိုင်ငံ အမျိုးသားလုံခြုံရေးအရ Google data များအတွင်းသို့ တရုတ်ကုမ္ပဏီများ ဝင်ရောက်ကြည့်ရှုနိုင်ခွင့်ကို စစ်ဆေးတာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ Google မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦး ပြောကြားခဲ့တာကတော့ Huawei အား မည်သည့်အထူးအခွင့်အရေးမှ ပေးအပ်ထားခြင်း မရှိရုံသာမက Google အသုံးပြုသူတွေရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်များ လုံခြုံရေးနဲ့ ကာကွယ်ရေး သဘောတူ စာချုပ်တွေရှိပါတယ်လို့ ဆိုပါတယ်။


11 July 2018
Australia တွင် လုံခြုံရေးအရဟုဆိုကာ 5G equipment တွေ တင်သွင်းမှုကို ပိတ်ပင်လိုက်ပါတယ်။


19 July 2018
အမေရိကန်အစိုးရပိုင်းမှ Huawei ဖုန်း အသုံးပြုမှုအား မည်သို့ပင်တားတား Huawei အသုံးပြုသူ ပြည်သူတွေရဲ့ ကြိုက်နှစ်သက်မှုကြောင့် July 18 မှာ ဖုန်းတင်ပို့မှု သန်းတစ်ရာ ကျော်သွားခဲ့ပါတယ်။


1 Aug 2018
Apple ကို အလဲထိုးသိပ်နိုင်ခဲ့လို့ Huawei ဟာ ကမ္ဘာပေါ်မှာ No. 2 ဖုန်းရောင်းအား အကောင်းဆုံး ဖြစ်လာပါတယ်။ (No.1 ကတော့ Samsung ပါ)


5 Sept 2018
အမေရိကန်လွှတ်တော်မှ Facebook နဲ့ Twitter ကို Huawei နဲ့ ZTE ကိစ္စနဲ့ ပတ်သက်လို့ ကြားနာစစ်ဆေးခဲ့ပါတယ်။


7 Sept 2018
Huawei က Benchmark Test မှာ လိမ်ညာထားတာကို ဖော်ထုတ်ခဲ့ပါတယ်။ Benchmark Test ဆိုတာကတော့ Product တစ်ခုရဲ့ အရည်အသွေး၊ လုပ်ကိုင်ပုံ၊ ဆောင်ရွက်ပုံတွေကို အမျိုးတူကုမ္ပဏီတွေနဲ့ နှိုင်းယှဉ်ပြီး စမ်းသပ်စစ်ဆေးတာပဲ ဖြစ်ပါတယ်။ Huawei P20, P20 Pro, Nova 3 နဲ့ Honor Play ဖုန်းတွေကို Benchmarking Site UL ကနေ ဖယ်ထုတ်လိုက်ပါတယ်။ Benchmark Test လုပ်နေစဉ်အတွင်းမှာ Huawei ရဲ့ "Performance Mode" ဟာ အဆိုပါဖုန်းတွေရဲ့ သာမန်စွမ်းဆောင်ရည်တွေအပေါ် ဖုန်းလွှမ်းကာ ရမှတ်အတုတွေကို Benchmark Test အဖြေထုတ်ပေးနေတာကြောင့် ဖုန်းတွေရဲ့ အရည်အသွေးအစစ်အမှန်တွေကို မဖော်ပြနိုင်တဲ့အတွက်ပဲ ဖြစ်ပါတယ်။


18 Oct 2018
Wall Street Journal ရဲ့ ရေးသားဖော်ပြချက်အရ Huawei ဟာ CNEX Lab ရဲ့ နည်းပညာတွေကို ခိုးယူသုံးစွဲတယ်လို့ အငြင်းပွားခဲ့ပါတယ်။ CNEX Lab ဟာ အမေရိကန်နိုင်ငံ ကယ်လယ်ဖိုးနီးယားပြည်နယ် ဆန်ဂျိုးစ်မြို့မှာ အခြေစိုက်တည်ထောင်ထားတဲ့ semiconductor and software ကုမ္ပဏီတစ်ခုပါ။ အဆိုပါနည်းပညာကတော့ Solid-state disk storage ပါပဲ။ Huawei ရဲ့ ဥပဒေရေးရာကတော့ အဆိုပါ အငြင်းပွားမှုကို ပယ်ချခဲ့ပါတယ်။


5 Dec 2018
လန်ဒန်အခြေစိုက် Telecom ကုမ္ပဏီဖြစ်တဲ့ BT ဟာ 4G network အတွက် အသုံးပြုထားတဲ့ Huawei ပစ္စည်းတွေကို 2021 မရောက်မှီ ဖယ်ရှားမှာဖြစ်ပြီး 5G Core အတွက်လည်း Huawei ကို အသုံးပြုတော့မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။


6 Dec 2018
Huawei ရဲ့ CFO (ဘဏ္ဍာရေးဆိုင်ရာအရာရှိချုပ်) ဖြစ်တဲ့ Meng Wanzhou ကို အမေရိကန်ရဲ့ တောင်းဆိုမှုအရ ကနေဒါနိုင်ငံမှာ ဖမ်းဆီးခဲ့ပါတယ်။ အီရန်နဲ့ ကုန်သွယ်မှုဆိုင်ရာ ခွင့်ပြုမိန့်အား ချိုးဖောက်သည့် စွပ်စွဲချက်တွေကို ရင်ဆိုင်ရမှာဖြစ်ပါတယ်။


7 Dec 2018

ရိုက်တာသတင်းဋ္ဌာနရဲ့ ရီပို့အရ ဂျပန်ဟာလည်း Huawei နဲ့ ZTE တို့ရဲ့ Telecom နဲ့ ဆက်စပ်ပစ္စည်းတွေ ဝယ်ယူတာကို ရပ်ဆိုင်းလိုက်ပါတယ်။


12 Dec 2018
Huawei CFO အား အမေရိကန်နိုင်ငံသို့ လွှဲပြောင်းမပေးမှီ စောင့်ဆိုင်းနေစဉ်ကာလအတွင်း ကနေဒါတရားရုံးမှ အမေရိကန်ဒေါ်လာ ဆယ်သန်း အာမခံကြေး ကောက်ခံလိုက်ပါတယ်။ Meng Wanzhou ဟာ တရုတ်နိုင်ငံအခြေစိုက် တယ်လီကွန်းကုမ္ပဏီကြီးဖြစ်တဲ့ Huawei ရဲ့ CFO ဖြစ်သလို Huawei အား တည်ထောင်သူ Ren Zhengfei ရဲ့ သမီးလည်း ဖြစ်ပါတယ်။


24 Dec 2018
Huawei ရဲ့ ဖုန်းတင်ပို့ရောင်းချမှုဟာ သန်းနှစ်ရာကျော်သွားတဲ့အတွက် Apple ရဲ့ အပေါ် World No. 2 Smartphone Maker ဖြစ်သွားပါတယ်။

 


2019 ခုနှစ်အတွင်းမှာတော့ -


3 Jan 2019
ရိုက်တာသတင်းဋ္ဌာနရဲ့ ရီပို့တစ်ခုမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ဟာ Huawei နဲ့ ZTE တို့ရဲ့ ပစ္စည်းတွေ ဝယ်ယူမှုအား ပိတ်ပင်ရန်အတွက် အာဏာတစ်ရပ် ထုတ်ပြန်နိုင်ဖွယ်ရာရှိကြောင်း ဖော်ပြခဲ့ပါတယ်။

 

4 Jan 2019
လွှတ်တော်အမတ်နှစ်ဦးမှ ဦးဆောင်ပြီး တရုတ်နည်းပညာကုမ္ပဏီများအပေါ် စည်းကြပ်ငွေကောက်ခံစနစ်ကို စတင်ခဲ့သည်။ “တရုတ်ဟာ အမေရိကန်နည်းပညာကို ကျော်လွှားဖို့ရာအတွက် အထက်လမ်း၊ အောက်လမ်း နည်းမျိုးစုံသုံးပြီး အမေရိကန်ရဲ့ စီးပွားရေးအရ ထိခိုက်အောင်လုပ်မယ်လို့ သံဓိဌာန်ချထားတာရှင်းပါတယ်၊ ဒါကြောင့် ကျွန်တော်တို့ကလည်း အမေရိကန်ရဲ့နည်းပညာများကို တရုတ်ဆီကို မပါရလေအောင် နိုင်ငံတော်အဆင့် သတ်မှတ်ပြီး ဆောင်ရွက်ဖို့ လိုအပ်ပါတယ်” လို့ လွှတ်တော်အမတ် Warner က စာတမ်းတစ်စောင်ထဲမှာ ရေးသားထားပါတယ်။


8 Jan 2019
Las Vegas မှာ ကျင်းပခဲ့တဲ့ CES 2019 ပွဲမှာ Huawei ဟာ ဇွဲမလျှော့စတမ်း Laptop နဲ့ Tablet တွေ ချပြလာပါတယ်။ ကုမ္ပဏီရဲ့ CFO အထိန်းအသိမ်းခံနေရ၊ အမေရိကန်အစိုးရကလည်း လုံခြုံရေးအကြောင်းပြကာ သတိပေးချက်တွေထုတ်နေပေမယ့်လည်း Huawei ကို US မှာ ပြုတ်ကျသွားအောင် မဖြုတ်နိုင်တဲ့အပြင် World No. 2 phone maker ဈေးကွက်ရှယ်ရာတွေတောင် တိုးလာပါတယ်။ “အမေရိကန်ဟာ နည်းပညာနဲ့ ပတ်သက်လာရင် ထိပ်ဆုံးထဲက ပထမပါ။ ကျွန်တော်တို့ရဲ့ MateBook X Pro စွမ်းဆောင်ရည်တွေက ဒီကနည်းပညာပစ္စည်းတွေနဲ့ ယှဉ်ပြိုင်ဖို့အတွက်ပါပဲ” လို့ Huawei ရဲ့ ပြောရေးဆိုခွင့်ရှိသူ Teri Daley က CES 2019 မှာ ပြောကြားခဲ့ပါတယ်။


11 Jan 2019
ပိုလန်နိုင်ငံမှာ Huawei ဒါရိုက်တာတစ်ဦးဖြစ်သူအား သတင်းအချက်အလက် ခိုးယူမှုဖြင့် တရားစွဲခံရပါတယ်။ နောက်သုံးရက်အကြာမှာ ထိုဒါရိုက်တာအား Huawei မှ ထုတ်ပယ်လိုက်ပါတယ်။

 

18 Jan 2019
ကနေဒါနိုင်ငံမှ 5G နည်းပညာအတွက် Huawei မှ supply များတင်သွင်းခြင်းအား ပိတ်ပင်ထားခြင်းအပေါ် တရုတ်သံနိုင်ငံသံအမတ်ကြီး Lu Shaye မှ ယင်းပိတ်ပင်ခြင်းအတွက် နောက်ဆက်တွဲအကျိုးဆက်များ ဖြစ်ပေါ်လာနိုင်ကြောင်း၊ ထိုနောက်ဆက်တွဲအကျိုးဆက်များကို ထည့်သွင်းစဉ်းစားသင့်ကြောင်း သတင်းစာရှင်းလင်းပွဲမှာ သတိပေး ပြောကြားခဲ့ပါတယ်။


23 Jan 2019
Canada နိုင်ငံ Toronto အခြေစိုက် "The Globe and Mail" သတင်းဋ္ဌာနရဲ့ သတင်းတစ်ပုဒ်မှာ ကနေဒါနိုင်ငံတွင် အထိမ်းသိမ်းခံထားရသော Huawei ကုမ္ပဏီ CFO အား အမေရိကန်နိုင်ငံသို့ လွှဲပြောင်းပေးရန် ပုံမှန်နည်းလမ်းအတိုင်းဖြင့် တောင်းဆိုနိုင်တယ်လို့ ဖော်ပြထားပါတယ်။


24 Jan 2019
လာမယ့် 2020 မှာ စမတ်ဖုန်းလောကရဲ့ သရဖူကို Samsung ထံမှ လွှဲပြောင်းရတော့မည်ဖြစ်ကြောင်း တရုတ်တယ်လီကွန်းလေ့လာသုံးသပ်သူတွေက ဆိုထားတယ်လို့ ပြောပါတယ်။ CNN သတင်းဋ္ဌာနရဲ့ သတင်းတစ်ပုဒ်အရ “ဒီနှစ်ကတော့ နီးလာပြီ၊ နောက်နှစ်ကုန်လောက်ဆို ကျွန်တော်တို့ နံပါတ် ၁ ဖြစ်မှာ” ဟု Huawei ၏ CEO ဖြစ်သူ Richard Yu မှ သတင်းထောက်တွေကို ပြောကြားခဲ့တယ်လို့ ရေးသားထားပါတယ်။


25 Jan 2019
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်မှ နိုင်ငံတော်ကာကွယ်ရေးဆိုင်ရာအက်ဥပဒေ လက်မှတ်ထိုးချိန်မှစတင်ပြီး အမေရိကန်ရှိ ကောလိပ်များ၊ တက္ကသိုလ်များတွင် Video, Audio Conferencing system အစရှိတဲ့ Huawei device တွေကို ဖြုတ်ကာ အခြားပစ္စည်းများနှင့် လဲလှယ်တပ်ဆင်ကြပါတယ်။
Huawei မှ 5G network အသုံးပြုနိုင်သော ခေါက်ဖုန်း (foldable phone) အား ဖေဖော်ဝါရီလတွင် ထုတ်ဖော်ပြသမည်ဟု ကြေငြာခဲ့ပါတယ်။


29 Jan 2019
အမေရိကန်မှ Huawei ကုမ္ပဏီအား အချက်အလက်ခိုးယူခြင်း၊ အချက်အလက်များ ရောင်းစားခြင်း၊ ကိုယ်ကျိုးစီးပွားအလို့ငှာ လိမ်လည်ခြင်းတို့ အပါအဝင် အမှုပေါင်း ၂၃ မှုဖြင့် စွဲဆိုလိုက်ပါတယ်။ ထိုအမှုတွေထဲမှာ T-Mobile ၏ မူပိုင် ဖုန်းစမ်းသပ်စက်ရုပ်ဖြစ်သော Tappy အား ခိုးယူတုပမှုလည်း ပါဝင်ပါတယ်။

T-Mobile's Tappy Robot Arm

 

30 Jan 2019
Chipset တွေထုတ်ပေးတဲ့ နာမည်ကြီး Qualcomm ဟာ Huawei နဲ့ ရေတိုစာချုပ်တစ်ခု ချုပ်ဆိုခဲ့ပါတယ်။ ထိုစာချုပ်ဟာ ဒီဇင်ဘာ ၃၀ ရက်နေ့မှာ ပြီးဆုံးမှာဖြစ်ပါတယ်။


4 Feb 2019
သတင်းဋ္ဌာနတစ်ခုရဲ့ဖော်ပြချက်အရ FBI ဟာ Huawei lab တစ်ခုကို ဝင်ရောက်စုံစမ်းရှာဖွေခဲ့တယ်လို့ ဆိုပါတယ်။
နောက်ပြီး ဒိန်းမတ်မှာရှိတဲ့ Huawei ဝန်ထမ်းနှစ်ဦးအား အလုပ်လုပ်ခွင့်နဲ့ နေထိုင်ခွင့်ပါမစ်တွေမှာ ဒန်းနစ်ရှ်ဥပဒေနှင့် မညီညွတ်ဟုဆိုကာ နေရပ်သို့ ပြန်ပို့ခဲ့ပါတယ်။


6 Feb 2019
အမေရိကန်နိုင်ငံကနေ ဥရောပနိုင်ငံများရှိ 5G လုပ်ငန်းများအတွက် Huawei equipment များ အသုံးမပြုရန် ဟန့်တားနှိုးဆော်လိုက်ပါတယ်။


17 Feb 2019
ဗြိတိန်အစိုးရက 5G လုပ်ငန်းများတွင် Huawei equipment များ အသုံးပြုခြင်းဟာ လုံခြုံရေးဆိုင်ရာအတွက် အားနည်းယုတ်လျော့စေလိမ့်မယ်ဟု ကောက်ချက်ချခဲ့တယ်လို့ ဆိုပါတယ်။


19 Feb 2019
Huawei တည်ထောင်သူ Ren Zhengfei က BBC အား “အမေရိကန်က Huawei ကို အမြစ်ဖြုတ်နိုင်တယ်ဆိုတာ ဘယ်နည်းနဲ့မှ မဖြစ်နိုင်” ဟု ပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီး ၎င်းက “ကမ္ဘာကြီးဟာ Huawei ကို လိုအပ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပိုမိုပြီးတိုးတက်ကောင်းမွန်တာတွေကို လုပ်ပြနိုင်လို့ပါပဲ။” ဟု ထပ်မံပြောကြားခဲ့သလို Huawei သည် နည်းပညာ spy လုပ်သည်ဟူသည့် စွဲဆိုချက်များအပေါ် ငြင်းဆန်ခဲ့ပါတယ်။


20-21 Feb 2019
Huawei တည်ထောင်သူ Ren Zhengfei က ၎င်း၏ သမီးဖြစ်သူ Huawei ၏ CFO အား ဖမ်းဆီးထိန်းသိမ်းခံထားရမှုနဲ့ ပတ်သက်လို့ “ဒါဟာ နိုင်ငံရေးအရ ဖိအားပေးခံရမှုပဲ။ အမေရိကန်က 5G နည်းပညာကို သူတို့ရဲ့ စစ်တပ်မှာ အသုံးပြုတဲ့ ပစ္စည်းအချို့နဲ့ နည်းပညာ တန်းတူလို့ ယူဆပုံရပါတယ်။ 5G ဆိုတာက အနုမြူဗုံးမှ မဟုတ်ဘဲ” ဟူ၍ ပြောကြားခဲ့ပါတယ်။


21 Feb 2019
အမေရိကန်ပြည်ထောင်စု အတွင်းရေးမှူးဖြစ်သူ Mike Pompeo က Huawei ရဲ့ နည်းပညာကို မသုံးကြဖို့ အခြားနိုင်ငံတွေကို ထပ်မံတိုက်တွန်းပါတယ်။ ရုပ်သံသတင်းဋ္ဌာနတစ်ခုဖြစ်တဲ့ Fox Business နဲ့ အင်တာဗျူးမှာ Mike Pompeo က “Huawei နည်းပညာအသုံးပြုနေသေးတဲ့ နိုင်ငံတွေကို ကျွန်တော်တို့ရဲ့ အရေးကြီး အချက်အလက်တွေ ဝေမျှဖို့ရာ မဖြစ်နိုင်ပါဘူး။ အခြေအနေတစ်ချို့မှာဆိုရင် အမေရိကန်သံရုံး၊ အမေရိကန်စစ်ဋ္ဌာနခွဲ၊ အမေရိကန်ရဲ့ အရင်းအမြစ်တွေ နေရာချထားဖို့ အနေအထား မပေးနိုင်တော့တဲ့အခါမျိုး ကြုံတွေ့ရနိုင်ပါတယ်။ ဒါဟာ လုံခြုံရေးအတွက်ပါ။” လို့ ပြောကြားထားပါတယ်။


22 Feb 2019
Pompeo ရဲ့ သတိပေးချက်ထပ်မံထွက်ရှိလာပြီးတဲ့နောက်မှာ အီတလီနိုင်ငံရေးသမားများဟာ နိုင်ငံအစိုးရပိုင်းကို Huawei 5G အသုံးမပြုဖို့ တိုက်တွန်းခဲ့ကြတယ်လို့ ရိုက်တာသတင်းတစ်ခုမှာ ဖော်ပြထားပါတယ်။


24 Feb 2019
Barcelona မှာ ပြုလုပ်တဲ့ MWC (Mobile World Congress) 2019 ပွဲမှာ Huawei ဟာ Mate X ခေါက်ဖုန်းကို မိတ်ဆက်ခဲ့ပါတယ်။

 

25 Feb 2019
Huawei ဟာ solar tech (နေရောင်ခြည်စွမ်းအင်သုံးနည်းပညာ) အား အမေရိကန်အတွင်း ရောင်းချခွင့် ပိတ်ပင်ခံရနိုင်တယ်လို့ ဆိုပါတယ်။ အမေရိကန်လွှတ်တော်အမတ် ဆယ့်တစ်ဦး လက်မှတ်ရေးထိုးထားတဲ့ စာတစ်စောင်ကို တင်ပြခဲ့ပါတယ်။ ထိုစာအတွင်းမှာ အမေရိကန်နိုင်ငံအတွင်း Huawei Solar ထုတ်ကုန်တွေကို ရောင်းချခွင့် ပိတ်ပင်ပေးဖို့ရာဖြစ်ပြီး Huawei ထုတ်ကုန်တွေကြောင့် စွမ်းအင် infrastructure လုံခြုံရေးအတွက် ခြိမ်းခြောက်နိုင်ဖွယ်ရာရှိကြောင်း ပါရှိပါတယ်။


26 Feb 2019
Samsung နဲ့ Huawei ကုမ္ပဏီအကြားက နှစ်နှစ်ကြာ မူပိုင်ခွင့်ဆိုင်ရာ အပြန်အလှန်တရားစွဲဆိုမှုတွေကို ကျေအေးကြဖို့ သဘောတူညီချက် ရယူခဲ့ကြကာ တရားရုံးထံ ဦးတိုက်တောင်းဆိုခဲ့ပါတယ်။


28 Feb 2019
တရုတ်ကလေးငယ်များမှ Huawei ရဲ့ ဂုဏ်ကျက်သရေ အလှတရားကို ချီးမွမ်းထောပနာပြုထားတဲ့ သီချင်းတစ်ပုဒ်အား တရုတ်လိုသီဆိုနေသည့် ရုပ်သံထွက်လာခဲ့ပါတယ်။


1 Mar 2019
Huawei CFO ရဲ့ အမှုအား ကြားနာစစ်ဆေးရန် လုံလောက်တဲ့သက်သေတွေ ရှိနေပြီဖြစ်တဲ့အတွက် အမေရိကန်သို့ လွှဲပြောင်းပေးသင့်ပြီဖြစ်ကြောင်း ကနေဒါရဲ့ နိုင်ငံတော်အဆင့် ဥပဒေရေးရာဋ္ဌာနက ထုတ်ပြန်ခဲ့ပါတယ်။ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲကို Pompeo တက်ရောက်ခဲ့ပြီး ၎င်းမှ ဖိလစ်ပိုင်နိုင်ငံတွင် Huawei 5G equipment များ အသုံးမပြုရန် အကြိမ်ကြိမ် သတိပေးပြောဆိုခဲ့ပါတယ်။


5 Mar 2019
Belgium နိုင်ငံ Brussels မြို့တော်မှာ Huawei ဟာ ဆိုက်ဘာလုံခြုံရေးစင်တာတစ်ခုဖွင့်လှစ်ပေးခဲ့ပြီး ၎င်းပွဲမှာ ဆိုက်ဘာလုံခြုံရေးဆိုင်ရာ စံနှုန်းစံထားတွေနဲ့ ပတ်သက်လို့ အစိုးရရော သုံးစွဲသူများကပါ ၎င်းတို့ရဲ့ source code များ software များ ထုတ်ကုန်များကို ကြိုက်သလို စစ်ဆေးနိုင်ပါကြောင်း ထိုပွဲအား တက်ရောက်ခဲ့တဲ့ ရိုက်တာသတင်းဋ္ဌာနကို ပြောကြားခဲ့ပါတယ်။
Huawei ရဲ့ ဥက္ကဋ္ဌတစ်ဦးဖြစ်သူ Ken Hu က ထိုပွဲတွင် “ယနေ့ဖြစ်နေတဲ့ကိစ္စရဲ့ အခြေခံအကြောင်းအရာတွေကို နားလည်မှုအားနည်းလို့ ဖြစ်ရတာပါ။ ရလဒ်အနေနဲ့ မတူညီတဲ့ရှယ်ရာရှင်တွေမှာ မတူညီတဲ့ မျှော်လင့်ချက်ပန်းတိုင်တွေရှိပြီး အဲ့ဒီပန်းတိုင်တွေအကြားထဲမှာ တာဝန်တွေ မချိန်ညှိနိုင်ကြတော့တာကြောင့် ပြဿနာတွေ ဖြစ်ခဲ့ရတာပါ” ဟု ပြောကြားခဲ့ပါသေးတယ်။


8 Mar 2019
Huawei ဟာ ၎င်းတို့ရဲ့ ကုန်ပစ္စည်းများတင်သွင်းခွင့်/အသုံးပြုခွင့် ပိတ်ပင်ထားခံရခြင်းအပေါ် အမေရိကန်အစိုးရအား တရားစွဲဆိုလိုက်ပါတယ်။ ဝါရှင်တန်မှ Huawei equipment များဟာ လုံခြုံရေးခြိမ်းခြောက်မှုများ ရှိနေသည်ဟု ဆုံးဖြတ်ချက်ချလိုက်ပြီးတဲ့နောက် “ဥပဒေသာ နောက်ဆုံး အားထားရာ”ဟု ကုမ္ပဏီက ပြောကြားပြီး တက္ကဆက်ပြည်နယ်အရှေ့ပိုင်းမှာရှိတဲ့ ခရိုင်တရားရုံးတစ်ခုကနေ တရားစွဲဆိုခဲ့ခြင်းပါ။ Huawei ရဲ လက်ထောက်ဥက္ကဋ္ဌဖြစ်သူ Guo Ping က Huawei ပစ္စည်းများသည် လုံခြုံရေးအတွက် ခြိမ်းခြောက်မှုဖြစ်စေသည်ဟူသော ပြစရာ သက်သေမရှိဘဲ တင်ပို့ရောင်းချခွင့် ပိတ်ပင်ခဲ့တာကြောင့် အမေရိကန်ဟာ တရားရင်ဆိုင်ရာမှာ ရှုံးနိမ့်နိုင်တယ်လို့ ပြောကြားပါတယ်။ Huawei မှနေပြီးတော့ တရားရင်ဆိုင်ရန်အတွက် နောက်ဆုံးအားထားရာအနေနဲ့ ပြင်ဆင်ထားကာ အမေရိကန်အား ပြန်လည်အရေးယူဖို့ ကြိုးစားနေကြောင်းကိုလည်း ပြောကြားခဲ့ပါသေးတယ်။


12 Mar 2019
အမေရိကန်သမ္မဒေါ်နယ်ထရန့်ရဲ့ အုပ်ချုပ်ရေးအဖွဲ့ဟာ တရုတ် Telecom ကုမ္ပဏီ Huawei ကို 5G ပစ္စည်းရောင်းချမှု ပိတ်ပင်ရေးမှာ ဥရောပနိုင်ငံများ ပူးပေါင်းပါဝင်ကြဖို့ အလိုရှိသည့်အားလျော်စွာ ဂျာမနီနိုင်ငံကိုလည်း Huawei device များ ဖယ်ရှားဖို့ ပြောကြားခဲ့ပါတယ်။ တကယ်လို့များ မလိုက်နာခဲ့ရင် အမေရိကန်မှ သတင်းအချက်အလက်ဝေမျှမှုကို ကန့်သတ်လိုက်မည်ဟု သတိပေးပြောကြားခဲ့တယ်လို့ The Wall Street ဂျာနယ်မှာ ရေးသားထားပါတယ်။
Huawei Mate 20 ဟာ ဖုန်းတင်ပို့မှု တစ်ဆယ်သန်းကျော်သွားပြီဖြစ်ပါတယ်။


14 Mar 2019
Huawei ဟာ အမေရိကန်နဲ့ ဆက်ဆံရေးတင်းမာလာတာကြောင့် သူတို့အနေနဲ့ Plan B ကို အကောင်အထည် စတင်ဖော်နေရပါပြီ။ ဒါကြောင့် တကယ်လိုများ သူတို့ဟာ Android နဲ့ Windows OS တွေ အသုံးမပြုရတော့ဘူးဆိုရင် သူတို့ကိုယ်ပိုင် OS တစ်ခုကို develop လုပ်နေပြီဖြစ်ကြောင်း South China Morning Post သတင်းစာမှာ ဖော်ပြခဲ့ပါတယ်။


15 Mar 2019
Huawei တည်ထောင်သူ Ren Zhengfei က သူ၏သမီးဖြစ်သူ Huawei CFO ဟာ သူမ အဖမ်းမခံရခင်ကတည်းက အလုပ်အသစ်လိုက်ရှာနေကြောင်း၊ Huawei မှ အနားယူချင်ပြီဖြစ်ကြောင်း ပြောခဲ့တယ်လို့ ကနေဒါ CTV သတင်းဋ္ဌာန အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။


19 Mar 2019
Germany နိုင်ငံအကြီးအကဲဖြစ်သူ Angela Merkel က Huawei ကုမ္ပဏီအပေါ် US မှ အရေးယူမှုတွင်ပူးပေါင်းဖို့ရာ အခက်အခဲရှိနေပေမယ့် mobile network လုံခြုံရေးအတွက်ဆိုရင် Germany နိုင်ငံဟာ သီးသန့်ခွဲထွက်နေမှာ မဟုတ်ပါဘူးလို့ ပြောကြားခဲ့ပါတယ်။ ဂျာမနီမှာ mobile အတွက် Huawei ထုတ်ကုန်သုံးစွဲထားမှုဟာ အဓိက core တွေမှာတပ်ဆင်ထားတာကြောင့် အစားထိုးလဲလှယ်မယ်ဆိုရင်တောင် အခြားနိုင်ငံများထက် တော်တော်လေး ခက်ခဲမှာ ဖြစ်တယ်လို့လဲ ထည့်သွင်းပြောကြားခဲ့ပါသေးတယ်။ Berlin မှာ ပြုလုပ်ခဲ့တဲ့ Global Solutions summit ပွဲတွင် Bloomberg သတင်းဋ္ဌာန အယ်ဒီတာချုပ်နှင့် စကားဝိုင်းတစ်ခုမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။


26 Mar 2019
Huawei ဟာ P30 နဲ့ P30 Pro ကို ပဲရစ်မြို့မှာ မိတ်ဆက်ခဲ့ပါတယ်။


28 Mar 2019
ဗြိတိန်ရုပ်သံ BBC One မှာ တင်ဆက်နေတဲ့ Watchdog တီဗီအစီအစဉ်ကနေ Huawei networking equipment တွေရဲ့ လုံခြုံရေးယိုပေါက်များအပေါ် စောင့်ကြည့်သတိပေးကာ ထိုယိုပေါက်များကို ပြန်လည်ပြင်ဆင်ရန်အတွက် ခက်ခဲမည်ဖြစ်ကြောင်း သုံးသပ်ခဲ့ပါတယ်။

 

29 Mar 2019
တရုတ်သတင်းဋ္ဌာနတစ်ခုဖြစ်တဲ့ CNBC သတင်းဋ္ဌာနရဲ့ သတင်းတစ်ခုအရ Huawei အလှည့်ကျဥက္ကဋ္ဌဖြစ်သူ Guo Ping က 2018 အတွက် ကုမ္ပဏီ အမြတ်ငွေဟာ ဒေါ်လာဘီလီယံတစ်ရာကျော်ခဲ့ကြောင်း၊ Huawei ကို မယှဉ်နိုင်တဲ့အတွက် မစားရတဲ့အမဲ သဲနဲ့ပက်သလို အရှုံးသမားတစ်ဦးရဲ့ ဆောက်တည်ရာမရ အကြံတွေနဲ့ အမေရိကန်က သူ့ရဲ့မိတ်ဖက်နိုင်ငံတွေကိုပါ Huawei device တွေ အသုံးပြုမရအောင် ပိတ်ပင်ခဲ့ကြောင်းကို ပြောကြားသွားပါတယ်။ ဆက်လက်ပြီး အမေရိကန်မှ စွပ်စွဲထားသလို Huawei Product တွေအပေါ် တရုတ်အစိုးရ စိတ်ကြိုက်ခြယ်လှယ်လို့ရနေတယ်ဆိုရင် သူတို့ကုမ္ပဏီအတွက် သေကြောင်းကြံမှုတစ်ရပ်သာ ဖြစ်ကြောင်းကိုပါ ပြောကြားသွားပါသေးတယ်။


4 Apr 2019
Huawei ဟာ Samsung နဲ့ Apple အပေါ် ကျော်လွှားနိုင်စေရန်အတွက် လမ်းစဉ်အသစ်များ ချမှတ်ခဲ့ပါတယ်။
အခြားသောတက္ကသိုလ်များ၊ ကောလိပ်များနည်းတူ Massachusetts Institute of Technology (MIT) ဟာ အမေရိကန်မှ စုံစမ်းထောက်လှမ်းနေမှုများကြောင့် Huawei နဲ့ ZTE တို့နှင့်ချုပ်ဆိုထားသော စာချုပ်များအပေါ် သက်တမ်းတိုးခြင်းများ၊ စာချုပ်သစ်ထပ်မံချုပ်ဆိုခြင်းများ မပြုလုပ်တော့ပါဘူး။


8 Apr 2019
Apple smartphone များတွင် အသုံးပြုနိုင်ရန်အတွက် 5G chips များကို ဝယ်ယူနိုင်ကြောင်း Huawei မှ ကမ်းလှမ်းလိုက်ပါတယ်။ များမကြာမီထွက်ပေါ်လာမယ့် 5G နည်းပညာကို iPhone များမှာ အသုံးပြုနိုင်ရန်အတွက် iPhone ဟာ အခက်အခဲတွေရှိနေပါသေးတယ်။ 2016 မှ စတင်ကာ Apple ဟာ 4G network အသုံးပြုနိုင်ရန် Intel နဲ့ Qualcomm ကို iPhone modem အဖြစ်အသုံးပြုလာခဲ့ပါတယ်။ 2018 မှာ iPhone XS, iPhone XS Max နဲ့ iPhone XR တို့အတွက် Intel ရဲ့ wireless chip ကို အသုံးပြုခဲ့ပါတယ်။ ဒါကြောင့် နောက်ထွက်မယ် iPhone series တွေမှာ Intel ကို အသုံးပြုမယ်လို့ မှန်းဆရပါတယ်။ Apple နဲ့ Qualcomm အကြား မူပိုင်ခွင့်အငြင်းပွားမှုတွေရှိနေသေးတာကြောင့် လက်ရှိမှာ Qualcomm ရဲ့ 5G chip တွေ အသုံးပြုဖို့ရာ မသေချာသေးပါဘူး။ ဒီအချိန်မှာပဲ Huawei က သူ့ရဲ့ 5G Balong 5000 chipset တွေကို ဝယ်ယူဖို့ ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။ Apple ကတော့ ဝယ်ယူရန်အတွက် အကြောင်းမပြန်သေးပါဘူး။


9 Apr 2019
Huawei device များကို Germany တွင် ပိတ်ပင်လိုက်ကြောင်း အမေရိကန်မှ သတင်းထုတ်ပြန်လိုက်ပါတယ်။


11 Apr 2019
2015 ခုနှစ်တုန်းက Google နဲ့ Huawei ပူးပေါင်းပြီး Nexus 6P ထုတ်ခဲ့ပါတယ်။ အသုံးပြုသူအများအပြားဟာ bootloop issue တက်နေတာကြောင့် April 2017 မှာထုတ်ပြန်ခဲ့တဲ့ ဥပဒေတစ်ရပ်အရ ကုမ္ပဏီနှစ်ခုပူးပေါင်းပြီး ကန်ဒေါ်လာ 9.75 သန်း ပေးလျော်ရမှာဖြစ်ပါတယ်။ Nexus 6P အသုံးပြုသူတစ်ဦးလျှင် ကန်ဒေါ်လာ ၄၀၀ အထိ လျော်ကြေးရနိုင်ပါလိမ့်မယ်။


21 Apr 2019
UK သတင်းဋ္ဌာနတစ်ခုဖြစ်တဲ့ The Times ရဲ့ သတင်းတစ်ရပ်အရ Huawei ဟာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အမျိုးသားလုံခြုံရေးကော်မရှင်မှ ငွေကြေးထောက်ပံ့မှုကို ရယူထားကြောင်း CIA (The Central Intelligence Agency) မှ စွဲချက်တင်ထားပါတယ်။


24 Apr 2019
ဗြိတိန်မှ Huawei အား 5G infrastructure တွင်လုပ်ကိုင်ရန် အကန့်အသတ်ဖြင့် ခွင့်ပြုထားကြောင်း UK သတင်းဋ္ဌာန Telegraph မှ သတင်းတစ်ပုဒ်တွင် ရေးသားထားပါတယ်။ ဗြိတိန်ဝန်ကြီးချုပ် Theresa May ဟာ Huawei ကို အသက်ရှူချောင်သွားအောင် ကူညီသည့်အနေဖြင့် 5G infrastructure တည်ဆောက်ရာမှာ အဓိကကျတဲ့ အစိတ်အပိုင်းများလွဲလျှင် အခြားနေရာများတွင် ပါဝင်ခွင့်ပြုခဲ့သည်ဟု ဆိုထားပါတယ်။ ရက်အနည်းငယ်အကြာမှာ တရုတ်နိုင်ငံမှ ဗြိတိန်အား 5G rollout တွင် ပိုပြီးပါဝင်ခွင့်ပြုရန် တောင်းဆိုထားပါတယ်။


30 Apr 2019
UK-based carrier ဖြစ်တဲ့ Vodafone ဟာ Huawei equipment တွေရဲ့ ဖုံးကွယ်ထားတဲ့ backdoor တွေကို တွေ့ရှိတယ်လို့ Bloomberg သတင်းဋ္ဌာနမှ သတင်းတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။ အဆိုပါ တွေ့ရှိမှုအရ (အခြားတစ်စုံတစ်ဦးမှ access လုပ်နိုင်သည့်) backdoor ပေါင်း 26 ခုကို 2009 ကတည်းက တွေ့ရှိခဲ့တာဖြစ်ပြီး Huawei အား ပြင်ဆင်ရန် 2011 တွင် တင်ပြခဲ့ပါတယ်။ 2012 တွင် ပြင်ဆင်ပြီးဖြစ်ကြောင်း ကြေငြာခဲ့ပါတယ်။ Huawei ကတော့ အတိတ်ကဖြစ်ရပ်ကို ပြန်လည်ထောက်မပြဖို့ comment ပေးခဲ့ပါတယ်။


1 May 2019
Huawei ရဲ့ ဖုန်းရောင်းချမှုဟာ 2019 Q1 မှာတင်ပဲ 50% အထိမြင့်တက်ခဲ့ပါတယ်။
နောက်ထပ် ဂျပန်သတင်းဋ္ဌာနတစ်ခုဖြစ်တဲ့ Nikkei ရဲ့ သတင်းတစ်ပုဒ်မှာ Huawei ဟာ ကမ္ဘာ့ပထမဦးဆုံးအဖြစ် 8K 5G TV ကို ဒီနှစ်အကုန်ပိုင်းလောက်မှာ ထုတ်လုပ်ဖို့ရှိကြောင်း ဖော်ပြထားပါတယ်။

 

2 May 2019
ဗြိတိန်ဝန်ကြီးချုပ်မှ Huawei ကုမ္ပဏီအား မီးစိမ်းပြလိုက်ခြင်းအပေါ် ဗြိတိန်အစိုးရရဲ့ စုံစမ်းထောက်လှမ်းရေးများအတွက် အကြပ်တွေ့နိုင်ကြောင်း ကာကွယ်ရေးဝန်ကြီး Gavin Williamson က ထောက်ပြခဲ့ပါတယ်။


3 May 2019
Huawei ရဲ့ လုံခြုံရေးကျိုးပေါက်မှုအား အမေရိကန်မှ သတိပေးနှိုးဆော်မှုကြောင့် Czech Republic နိုင်ငံ ပါရာဂွေးမြို့တော်မှာ နိုင်ငံပေါင်း ၃၀ ကျော်က လုံခြုံရေးဆိုင်ရာ အစိုးရအရာရှိတွေရော ကျွမ်းကျင်ပညာရှင်များပါ စုပေါင်းပြီး 5G ကွန်ရက်ဖြန့်ကျက်ရေးအတွက် guideline များရေးဆွဲကြပါတယ်။


8 May 2019
Huawei အား လုံခြုံရေးဆိုင်ရာ စုံစမ်းဆေးမှုများကြောင့် UK တွင် 5G ကွန်ရက်တည်ဆောက်ရေး နောက်ကျနိုင်တယ်လို့ Bloomberg သတင်းဋ္ဌာနက ဆိုထားပါတယ်။ UK အစိုးရက တရားဝင်ထုတ်ပြန်ထားတာကတော့ ကွန်ရက်များ မြန်နှုန်းမြင့်ဖို့ရာတစ်ခုတည်းအတွက် လုံခြုံရေးကို လျစ်လျှူမရှုနိုင်ပါဘူးလို့ ပြောကြားထားပါတယ်။


15 May 2019
အမေရိကန်သမ္မဒေါ်နယ်ထရန့်က ဆက်သွယ်ရေးကွန်ရက်၊ နည်းပညာနှင့် ဆားဗစ်များအား နိုင်ငံခြားတိုင်းပြည်များ၏ ခြိမ်းခြောက်မှုအပေါ် ကိုင်တွယ်နိုင်ရန် ဥပဒေတစ်ရပ်ကို လက်မှတ်ထိုးပြီးနောက် Huawei အား ထိရောက်စွာ ပိတ်ပင်ခဲ့ခြင်းအပေါ် 5G ကွန်ရက်တည်ဆောက်မှုမှာ US ဟာ အတော်လေး နောက်ကျကျန်ရစ်နေခဲ့တော့မည်ဟု Huawei မှ ပြောကြားခဲ့ကြောင်း ရိုက်တာသတင်းဋ္ဌာန၏ သတင်းတစ်ပုဒ်မှာ ရေးသားထားပါတယ်။


16 May 2019
မိမိတို့ကုမ္ပဏီအား ပိတ်ပင်ထားခြင်းကြောင့် အမေရိကန်ကုမ္ပဏီများနှင့် နိုင်ငံသားများ၏ လုပ်ငန်းများ သိသိသာသာထိခိုက်လိမ့်မည်ဖြစ်ကြောင်း Huawei မှ ပြောကြားလိုက်ပါတယ်။


19 May 2019
Google မှ Huawei ဖုန်းများအပေါ်၌ Android update များထောက်ပံ့ခြင်းအပေါ် ရပ်တန့်လိုက်ပါတယ်။ ဈေးကွက်ထဲရောက်ရှိနေတဲ့ ဖုန်းတွေ အပေါ်မှာတော့ Google Play service တွေနဲ့ Google Play Protect service တွေကို အချိန်အတိုင်းအတာတစ်ခုအထိ ပေးထားမယ်လို့ CNET သတင်းဋ္ဌာနကို Google မှ email ပို့ကာ ပြောကြားခဲ့ပါတယ်။ (အထောက်အပံ့ဟာ ၂၀၁၉ သြဂုတ်လ ၁၉ ရက်နေ့အထိသာ ပေးတော့မည်ဟု နောက်ထပ်သတင်းအရဆိုထားပါတယ်။)
Google နည်းတူ Chipset ကုမ္ပဏီတွေဖြစ်တဲ့ Intel, Qualcomm, Xilinx နဲ့ Broadcom ဟာလည်း အထောက်အပံ့ရပ်တန့်လိုက်တယ်လို့ Bloomberg သတင်းဋ္ဌာနရဲ့ သတင်းတစ်ခုမှာ ဖော်ပြထားပါတယ်။
ဂျပန်သတင်းဋ္ဌာနတစ်ခုဖြစ်တဲ့ Nikkei ကလည်း Germany အခြေစိုက် semiconductor ကုမ္ပဏီဖြစ်တဲ့ Infineon မှလည်း ကုန်ပစ္စည်းတင်သွင်းမှုများ ရပ်တန့်ထားတယ်လို့ သတင်းတစ်ခုမှာ ဖော်ပြထားပါတယ်။


20 May 2019
Google မှ Huawei အား ထောက်ပံ့မှုရပ်တန့်လိုက်ပြီးနောက် အမေရိကန်မှ Huawei အား ကုန်သွယ်မှုပိတ်ပင်လိုက်ခြင်းကို ယာယီရွှေ့ဆိုင်းလိုက်ပါတယ်။ Huawei equipment များအသုံးပြုထားသော လက်ရှိကွန်ရက်များပေါ်တွင် ယာယီဆက်လက်လုပ်ကိုင်ခွင့်နှင့် ဈေးကွက်အတွင်းရှိဖုန်းများအား update ထုတ်ပေးခြင်းလိုင်စင်ကို သြဂုတ်လ ၁၉ ရက်နေ့အထိ ခွင့်ပြုလိုက်ပါတယ်။ ထိုအပေါ်တွင် Huawei တည်ထောင်သူ Ren Zhengfei မှ “ယခုလိုရွှေ့ဆိုင်းပေးမှုဟာ Huawei ကုန်ပစ္စည်းများ တင်သွင်းခွင့်ပိတ်ပင်ခြင်းအပေါ် အပြောင်းအလဲဖြစ်မှာ မဟုတ်ကြောင်း၊ Huawei ရဲ့ ပြဿနာဟာ အမေရိကန်ကုမ္ပဏီများနှင့်မဟုတ်ဘဲ အစိုးရနဲ့သာ ထိပ်တိုက်ရင်ဆိုင်နေရတာဖြစ်ကြောင်း” ကို တရုတ်ရုပ်သံဋ္ဌာနကြီးတစ်ခုဖြစ်တဲ့ CCTV မှာ ပြောကြားသွားပါတယ်။


21 May 2019
Bloomberg ရဲ့ သတင်းတစ်ပုဒ်အရ Huawei ဟာ သူ့ရဲ့ App Store ကို Google ရဲ့ App Store ဖြစ်တဲ့ Play Store နဲ့ ပြိုင်ဆိုင်လိုကြောင်း ဖော်ပြထားပါတယ်။ Huawei ဟာ ပြီးခဲ့သည့်နှစ်ကတည်းက သူ့ရဲ့ App Store အတွင်း Application များ ထပ်ပေါင်းထည့်နိုင်ဖို့ ပါတနာများ ရှာဖွေခဲ့ပါတယ်။ Application ရေးဆွဲသူတွေကို တရုတ်ဈေးကွက်မှာ အင်ပြည့်အားပြည့်ပါဝင်နိုင်ကြောင်း၊ ဒါ့အပြင် ဥရောပမှာ သုံးစွဲသူ သန်းငါးဆယ်ကျော်ရှိတဲ့အတွက် ပူးပေါင်းပါဝင်ကြဖို့ 2018 နှစ်ကုန်ပိုင်းမှာ ဖိတ်ခေါ်ခဲ့ပါတယ်။ ဒါဟာ US မှ အရေးယူပိတ်ပင်မှုမစတင်ခင် ကြိုတင်ပြင်ဆင်ခဲ့တဲ့ အစီအစဉ်တွေထဲက တစ်ခုပါ။


22 May 2019
Chip designer ကုမ္ပဏီဖြစ်တဲ့ Arm ဟာ Huawei နဲ့ ဆက်လက်လုပ်ဆောင်ဖို့ရာ ရပ်တန့်လိုက်တယ်လို့ သတင်းရရှိပါတယ်။ ဒါပေမယ့် လက်ရှိ အသုံးပြုနေတဲ့ Product တွေအပေါ် အထောက်အပံ့ဆက်လက် ပေးဆောင်မှာဖြစ်ပြီး သိပ်မကြာခင်က ချုပ်ဆိုခဲ့တဲ့ စာချုပ်တွေအရ Huawei ကိုယ်ပိုင် Arm-based chipset တွေတည်ဆောက်နိုင်အောင် နှစ်အနည်းငယ်ကြာ အထောက်အပံ့ပေးနေရဦးမှာဖြစ်ပါတယ်။ Arm ဟာ UK company ဖြစ်ပြီး Apple, Samsung နဲ့ Huawei အပါအဝင် ကမ္ဘာပေါ်က ဖုန်းတော်တော်များများရဲ့ processor design ကို ရေးဆွဲပေးသူဖြစ်ပါတယ်။ Qualcomm ရဲ့ Snapdragon၊ Samsung ရဲ့ Exynos chip၊ Apple ရဲ့ A-series processor၊ Huawei ရဲ့ HiSilicon semiconductor တွေဟာ Arm ရဲ့ chip architecture အရ တည်ဆောက်ထားခြင်းဖြစ်ပါတယ်။ Arm ရဲ့ နည်းပညာမပါဘဲ သူတို့ကိုယ်ပိုင် design နဲ့ ပြုလုပ်မယ်ဆိုရင် ကုန်ကျစားရိတ်မြင့်မားပြီး ခက်ခဲလိမ့်မယ်လို့ ဆိုထားပါတယ်။
WMC 2019 မှာ မိတ်ဆက်ခဲ့တဲ့ Huawei Mate 20 X 5G ဖုန်းဟာ UK ဈေးကွက်အတွင်း Huawei ရဲ့ ပထမဦးဆုံးသော 5G smartphone ဖြစ်လာဖို့ရာရှိခဲ့ပါတယ်။ သို့သော်ငြားလည်း Google ရဲ့ support တွေ မရနိုင်တော့တာကြောင့် ၎င်းဖုန်းတွေ တင်သွင်းရောင်းချဖို့ရာ အခက်အခဲဖြစ်လာခဲ့ပါတယ်။ UK carrier ဖြစ်တဲ့ EE ဟာ UK မှာ ပထမဦးဆုံးသော 5G network အဖြစ် May 30 တွင် ကြေငြာခဲ့ပြီး ထိုပွဲမှာ Huawei 5G ဖုန်းတွေကို ရောင်းချဖို့ရာ မဖြစ်နိုင်တော့ပါဘူး။ နောက်ထပ် UK carrier ဖြစ်တဲ့ Vodafone ဟာလည်း Huawei Mate 20 X အမှာတွေကို ရပ်တန့်ထားတယ်လို့ဆိုပါတယ်။ Vodafone ဟာလည်း July 3 ရက်နေ့မှာ 5G ကို launch လုပ်ဖို့ ကြေငြာထားပါတယ်။


23 May 2019
စီးပွားရေးသတင်းများကို အဓိကထုတ်လွှင့်တဲ့ CNBC သတင်းဋ္ဌာနရဲ့ အင်တာဗျူးတစ်ခုမှာ အမေရိကန်ပြည်ထောင်စု အတွင်းရေးမှူး Mike Pompeo က တရုတ်ကုမ္ပဏီများအတွင်းမှာ တရုတ်အစိုးရရဲ့ ပါဝင်ပတ်သက်ခွင့်ရှိနေခြင်းဟာ တရုတ်နိုင်ငံရဲ့ဥပဒေကြောင့်ဖြစ်တဲ့အတွက် Huawei ဟာ တရုတ်အစိုးရနဲ့ ပတ်သက်မှုမရှိကြောင်း ပြောကြားတာဟာ လိမ်ညာမှုတစ်ရပ်ဖြစ်ကြောင်း ပြောကြားသွားပါတယ်။ Huawei CEO ဟာ ဒီအမှန်တရားကို အမေရိကန်ပြည်သူတွေကို ဖွင့်ဟမပြောသွားသလို ကမ္ဘာကသိအောင်လည်း မပြောသွားဘူးလို့ ထပ်မံပြောကြားသွားပါသေးတယ်။


24 May 2019
"Hongmeng" လို့ခေါ်အမည်ပေးထားတဲ့ Huawei ရဲ့ ကိုယ်ပိုင် OS ဟာ အဆင်သင့်ဖြစ်ဖို့တော့ လိုနေပါသေးတယ်။ Google မှ Android ကို support လုံးဝ မပေးတော့တဲ့အခါမှာ ဒီ Hongmeng OS ကို ထုတ်သုံးဖို့ မှတ်ပုံတင်ထားတယ်လို့ Huawei မှ ပြောကြားထားပါတယ်။ ကုမ္ပဏီအတွင်းနာမည်အနေနဲ့ကတော့ Project Z လို့ code name ပေးထားကြောင်း Wall Street Journal မှာ ဖော်ပြခဲ့ပါတယ်။ Huawei ဟာ ကိုယ်ပိုင် OS တစ်ခုကို အခြေအနေဆိုးတစ်ခုကြုံကြိုက်ခဲ့ရင် အသုံးပြုဖို့ 2012 ကတည်းက စတင်ကာ develop လုပ်လာတာဖြစ်တယ်လို့ Tech Republic မှာ 2018 April လောက်က ဖော်ပြခဲ့ဖူးပါတယ်။
ဂျပန်သတင်းဋ္ဌာန Nikkei ရဲ့ ဖော်ပြချက်အရ Amazon Japan Online Store ကနေ Huawei ရဲ့ phone, tablets နဲ့ ကွန်ပျူတာတွေကို direct sale မှ ဖယ်ရှားခဲ့တယ်လို့ ရေးသားထားပါတယ်။

 

27 May 2019
Huawei တည်ထောင်သူ Ren Zhengfei က အကယ်၍များ US-China Trade War ရဲ့ အကျိုးဆက်နေနဲ့ Apple ကို တရုတ်နိုင်ငံမှာ ပြန်လည်ပိတ်ပင်ခံရဖို့ မဖြစ်နိုင်ကြောင်း၊ တကယ်လို့ Apple ကို တရုတ်နိုင်ငံမှ ban ခဲ့ပါက ဆန္ဒပြသူထဲမှာ သူဟာထိပ်ဆုံးမှပါဝင်မှာဖြစ်ကြောင်း၊ Apple ဟာ Smartphone လောကမှာ ခေါင်းဆောင်ဖြစ်သလို၊ ကျွန်တော်ဟာလည်း Apple ရဲ့ တပည့်ဖြစ်ကြောင်း Bloomberg သတင်းဋ္ဌာနနှင့် အင်တာဗျူးမှာ ထည့်သွင်းပြောကြားသွားပါတယ်။

 

28 May 2019
Huawei ဟာ Android OS ကို အစားထိုးမယ့် သူ့ရဲ့ Hongmeng OS ကို ယခုနှစ်အကုန်ပိုင်းလောက်မှ တရုတ်ပြည်တွင်းမှာ ဖြန့်ချီနိုင်မှာဖြစ်ပြီး ကမ္ဘာအနှံ့ကိုတော့ 2020 အတွင်းမှ ဖြန့်ချီနိုင်မှာဖြစ်တယ်လို့ နည်းပညာသတင်းတွေကို ဦးစားပေးဖော်ပြတဲ့ Techradar သတင်းဋ္ဌာနကို ပြောကြားသွားပါတယ်။ ၂၀၁၉ သြဂုတ် ၁၉ မှာ Google ဟာ Huawei ဖုန်းတွေကို latest update တွေနဲ့ service တွေ ပေးတော့မှာ မဟုတ်ကြောင်း သတင်းထွက်ပြီးတဲ့နောက် Huawei ဟာ Hongmeng OS ကို အမြန်ဆုံးဖြန့်ချီနိုင်ဖို့ ကြိုးစားနေတာဖြစ်ပေမယ့် နောက်လအထိ အဆင်သင့်မဖြစ်နိုင်သေးဘူးလို့ ပြောကြားထားပါတယ်။

 

29 May 2019
Huawei ဟာ အမေရိကန်အစိုးရရဲ့ ပိတ်ဆို့မှုအပေါ် ထဲထဲဝင်ဝင်ပြန်လည်တိုက်ခိုက်လို့လာနေပါတယ်။ ၎င်းကို အမေရိကန်နိုင်ငံမှ ကြောင်းကျိုးဆီလျော်မှုမရှိဘဲနဲ့ ကုန်သွယ်ခွင့်ပိတ်ပင်ခံထားရခြင်းအပေါ် တရားရုံးသို့ ထပ်မံဦးတိုက်လျှောက်ထားလိုက်တယ်လို့ Shenzhen ၌ ဒီကနေ့ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ Song Liuping (Huawei Chief Legal Officer) က ပြောကြားခဲ့ပါတယ်။ တကယ်တော့ အရိပ်မတွေ့၊ အကောင်မမြင်ရဘဲနဲ့ ရမ်းသန်းမှန်းဆပြီး စွပ်စွဲလိုက်တဲ့ လုံခြုံရေးခြိမ်းခြောက်မှုဆိုတာကြီးကို အမေရိကန်အစိုးရမှ လက်ဆုပ်လက်ကိုင်ပြသဖို့လိုကြောင်း၊ မှားယွင်းထုတ်ပြန်ခဲ့တဲ့ National Defense Authorization Act (NDAA) ဥပဒေကို တရားရုံးက ပြန်လည်ပြင်ဆင်ပေးနိုင်ဖို့ မျှော်လင့်မိပါကြောင်းကို ဆက်လက်ပြောကြားခဲ့ပါတယ်။
သိပ္ပံနှင့်နည်းပညာမဂ္ဂဇင်းဖြစ်တဲ့ Science Mag ရဲ့ သတင်းတစ်ပုဒ်အရ Huawei ရဲ့ သိပ္ပံပညာရှင်များကို အမေရိကန်အခြေစိုက် စာစောင်ဖြန့်ချီသူ IEEE (Institute of Electrical and Electronics Engineers) ရဲ့ သိပ္ပံနှင့်နည်းပညာစာမူများ တည်းဖြတ်ဖတ်ရှုခြင်းအား ပိတ်ပင်လိုက်တယ်လို့ ဖော်ပြထားပါတယ်။ IEEE ရဲ့ ပြောကြားချက်အရ အယ်ဒီတာတွေဟာ ဂျာနယ်ထုတ်ဝေဖြန့်ချီရေးကိစ္စရပ်များမှာ Huawei scientists တွေ ပါဝင်နေမယ်ဆိုရင် လတ်တလောဖြစ်ပွားနေတဲ့ ဥပဒေကြောင်းလမ်းအရ ထိခိုက်နစ်နာမှုများ ဖြစ်ပွားမှာ စိုးရိမ်နေကြောင်း ပြောဆိုထားပါတယ်။ IEEE ဟာ နိုင်ငံပေါင်း ၁၆၀ မှ မန်ဘာဝင် ၄၂၂၀၀၀ ရှိပြီး ဂျာနယ်နှင့် မဂ္ဂဇင်းပေါင်း ၂၀၀ ဝန်းကျင် ထုတ်ဝေနေပါတယ်။ ကမ္ဘာသူကမ္ဘာသားတွေရဲ့ အကျိုးကျေးဇူးအတွက် အနာဂါတ်နည်းပညာများအပေါ် နှစ်မြုပ်လေ့လာနေတဲ့ ကမ္ဘာ့အကြီးဆုံး နည်းပညာကျွမ်းကျင်ပညာရှင်များ အဖွဲ့အစည်းဟူ၍ IEEE မှ ၎င်းတို့အဖွဲ့အစည်းအပေါ် သတ်မှတ်ထားပါတယ်။

 

30 May 2019
နည်းပညာစံနှုန်းများ သတ်မှတ်ပေးတဲ့ အဖွဲ့အစည်းနှစ်ခုမှ Huawei အပေါ် သူတို့ရဲ့ကန့်သတ်ထားမှုတွေ ဖယ်ရှားပေးလိုက်ပါတယ်။ May 24 ရက်နေ့ကတည်းက Wi-Fi Alliance နဲ့ SD Association တို့က သူတို့ရဲ့ membership ကုမ္ပဏီတွေထဲကနေ Huawei ကို ဖယ်ရှားခဲ့ကြပါတယ်။ ဒါပေမယ့် ဒီရက်ပိုင်းမှာတော့ Organization List ထဲမှာ Huawei ကို ပြန်လည်ထည့်ထားတာကို တွေ့ရပါတယ်။ Wi-Fi Alliance ဆိုတာ Wi-Fi နည်းပညာတွေကို အဆင့်မြှင့်တင်ပေးပြီး ၎င်းအားအသုံးပြုတဲ့ကုန်ပစ္စည်းတွေအပေါ် မှန်ကန်ကြောင်းထောက်ခံချက်ထုတ်ပေးတဲ့ အဖွဲ့အစည်းဖြစ်ပြီး၊ SD Association ဆိုတာကတော့ ဖုန်းတွေ၊ ကင်မရာတွေနဲ့ အခြားပစ္စည်းတွေမှာ အသုံးပြုတဲ့ SD memory card တွေအပေါ် စံနှုန်းများပြည့်မှီမှုရှိစေရန် ထောက်ခံချက်ပေးတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ ၎င်းအဖွဲ့အစည်းများ၏ membership အဖြစ်ရပ်စဲခံရပါက ၎င်းကုန်ပစ္စည်းများ အသုံးပြုမှုကို တားဆီး၍ မရနိုင်သော်လည်း ၎င်းကုန်ပစ္စည်းများ၏ စံနှုန်းများအပေါ် စစ်မှန်ကြောင်း သက်သေခံလက်မှတ်ထုတ်ပေးခြင်းအား ကန့်သတ်၍ရကြောင်း ဖော်ပြထားပါတယ်။
ဒါ့အပြင် microelectronics industry တွေရဲ့ semiconductor တွေအပေါ် စံနှုန်းသတ်မှတ်ပေးတဲ့ JEDEC နဲ့ Bluetooth စံနှုန်းသတ်မှတ်ပေးတဲ့ Bluetooth မှလည်း membership အဖြစ် ပြန်လည်ထည့်သွင်းပေးထားကြောင်း စပိန်ဘာသာဖြင့်ထုတ်လွှင့်တဲ့ CNET သတင်းတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။
တောင်ကိုရီးယားဆိုးလ်မြို့မှာ ကန်ဒေါ်လာ၅သန်းခန့် ရင်းနှီးမြှုပ်နှံထားတဲ့ 5G Lab တစ်ခုကို ယနေ့တွင် ဖွင့်လှစ်ခဲ့ပြီး ထိုပွဲသို့ သတင်းမီဒီယာများအား မဖိတ်ကြားပဲ တိတ်တဆိတ်ကျင်းပခဲ့တယ်လို့ ရိုက်တာသတင်းတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။ ထို Lab ကို next-generation wireless network development center အဖြစ်ရည်ရွယ်ပြီး အခြားကုမ္ပဏီများက ၎င်းတို့နည်းပညာများကို စမ်းသပ်နိုင်တဲ့ Lab ဖြစ်ကြောင်း ဖော်ပြထားပါတယ်။
Smartwatch ကဲ့သို့သော wearables များတင်ပို့ရောင်းချမှုဟာ အရှိန်အဟုန်ပြင်းပြင်းနဲ့ ဖြစ်နေပါပြီ။ Apple Watch ဟာ ကမ္ဘာပေါ်မှာ အကြီးဆုံး wearable seller ဖြစ်ပါတယ်။ ဒါပေမယ့် Huawei ရဲ့ wearable ရောင်းချမှုဟာ ယခု ပထမကွာတားမှာတင် မနှစ်ကတစ်နှစ်လုံးရောင်းအားထက် 282.2% ကျော် တင်ပို့ရောင်းချနိုင်ကြောင်း စစ်တမ်းများအရ သိရှိရပါတယ်။

 

31 May 2019
Huawei ဟာ အမေရိကန်နဲ့အကြားက တင်းမာမှုကို တုန့်ပြန်သည့်အနေနဲ့ သူ့ရဲ့ဝန်ထမ်းတွေကို အမေရိကန်အဆက်အသွယ်တွေနဲ့ နည်းပညာဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲတွေ မပြုလုပ်ကြရန် တားမြစ်ထားကြောင်း ကြာသပတေးနေ့က သတင်းတစ်ပုဒ်အရ ဖော်ပြထားပါတယ်။

 

2 June 2019
South China Morning Post သတင်းဋ္ဌာနရဲ့သတင်းတစ်ပုဒ်အရ အမေရိကန်အစိုးရမှ Huawei အား Google Android အပါအဝင် အမေရိကန်ကုမ္ပဏီများ၏ ထုတ်ကုန်များသုံးစွဲမှုအပေါ် ပိတ်ပင်ခြင်း၊Huawei ထုတ်ကုန်များကို အမေရိကန်နိုင်ငံတွင် ဖြန့်ဖြူး ရောင်းချခွင့် ပိတ်ပင်ခြင်းများကြောင့် Huawei ရဲ့ ဖုန်းထုတ်လုပ်မှုနှုန်းထားဟာ အတော်လေးနှေးကွေးသွားတယ်လို့ ဆိုထားပါတယ်။
Apple, Huawei, Sony, Nokia, Xiaomi အစရှိတဲ့ နာမည်ကြီးဖုန်းကုမ္ပဏီတွေအတွက် အီလက်ထရောနစ်ပစ္စည်းတွေထုတ်လုပ်သော ထိုင်ဝမ်ကုမ္ပဏီတစ်ခုဖြစ်တဲ့ Foxconn ဟာလည်း Huawei ကုန်ထုတ်လုပ်မှုအတော်များများအပေါ် ဖယ်ရှားရပ်ဆိုင်းခဲ့ပါတယ်။ အမေရိကန်အစိုးရဟာ Huawei နဲ့ တရုတ်အစိုးရရဲ့ ပတ်သက်မှုအပေါ် စိုးရိမ်ထိတ်လန့်နေခဲ့တာကြောင့် ဒီလို ပိတ်ပင်ခြင်းတွေ ပြုလုပ်ခဲ့ရတာပါ။Huawei phone တွေကြောင့်မဟုတ်ဘဲ Huawei ရဲ့ Telecommunications infrastructure equipment တွေကြောင့်ပါ။ အဲ့ဒီ equipment တွေမှာ တရုတ်အစိုးရ ဝင်နိုင်ထွက်နိုင်တဲ့ backdoors တွေ ဖန်တီးပြီး အဖျက်အမှောင့်လုပ်မှာကို စိုးရိမ်တာဖြစ်ပါတယ်။
Huawei ရဲ့ အမေရိကန်နဲ့ ဆက်ဆံရေးဟာ ၂၀၁၈ နှစ်စပိုင်းကတည်းက ဆိုးသည်ထက်ဆိုးလာခဲ့တာပါ။ ရက်ကိုးဆယ် သတ်မှတ်ချိန်ပြီးဆုံးခဲ့ရင် (သြဂုတ် ၁၉ အရောက်မှာ) Android နဲ့ Google Support တွေ မပေးတော့တာမို့ တရုတ်နိုင်ငံပြင်ပဈေးကွက်တွေမှာ အခြားဖုန်းတွေနဲ့ယှဉ်ပြိုင်ဖို့ အတော်လေးရုန်းကန်ရမှာပါ။ ၂၀၁၈ နှစ်အကုန်မှာ Apple ကို ကျော်တက်နိုင်တာကြောင့် smartphone ဈေးကွက်ရဲ့ သရဖူဆောင်းထားတဲ့ Samsung ကို ဖြုတ်ချနိုင်ဖို့ မျှော်လင့်ချက်တွေရှိခဲ့ပေမယ့် တစ်နေ့ထက်တစ်နေ့ သတင်းကောင်းတွေအစား သတင်းဆိုးတွေကိုသာ ကြားနေရတာကြောင့် သရဖူနဲ့ တဖြည်းဖြည်းဝေးကွာလာပါတယ်။

 

3 June 2019
အမေရိကန်အခြေစိုက် နည်းပညာ သတင်းနှင့်စာစောင်ဖြန့်ချီသူ IEEE (Institute of Electrical and Electronics Engineers) အဖွဲ့အစည်းကြီးက ပြီးခဲ့တဲ့အပတ်မှာ Huawei မှ ပညာရှင်တွေကို စာမူများတည်းဖြတ်ဖတ်ရှုခြင်းအား ပိတ်ပင်ခဲ့ပါတယ်။ ဒါပေမယ့် ယခုတနင်္ဂနွေနေ့မှာ ပြန်လည်ခွင့်ပြုပေးလိုက်ပါတယ်။ IEEE ဟာ နိုင်ငံပေါင်း ၁၆၀ မှ မန်ဘာဝင် ၄၂၂၀၀၀ ရှိပြီး ဂျာနယ်နှင့် မဂ္ဂဇင်းပေါင်း ၂၀၀ ဝန်းကျင် ထုတ်ဝေနေတဲ့အဖွဲ့အစည်းပါ။

 

4 June 2019
Huawei နဲ့ CNEX Lab အပြန်အလှန်စွဲချက်တင်နေကြသည့်အချိန် Huawei ၏ အင်ဂျင်နီယာမန်နေဂျာဟောင်းလည်းဖြစ် CNEX Lab ၏ co-founder လည်းဖြစ်သူ Huang ကို Huawei မှ ကုန်သွယ်မှုဆိုင်ရာလျှို့ဝှက်ချက်များ ခိုးယူမှုအတွက် တရားခွင်ကို Texas ရှိတရားရုံးတွင် ယနေ့ (အင်္ဂါနေ့) မှာ ရင်ဆိုင်ခဲ့ကြောင်း ရိုက်တာသတင်းဋ္ဌာန၏သတင်းတစ်ပုဒ်တွင် ဖော်ပြထားပါတယ်။

 

5 June 2019
Huawei ရဲ့ ထိပ်သီးပိုင်းတွေက အမေရိကန်နဲ့ "no-spy agreement" ချုပ်ဆိုလိုကြောင်း ဖော်ပြလာပါတယ်။ NPR သတင်းဋ္ဌာန၏ သတင်းတစ်ပုဒ်အရ Huawei မှ လျှို့ဝှက်ထောက်လှမ်းမှုများမပါဝင်တဲ့ သဘောတူညီမှုစာချုပ်ချုပ်ဆိုလိုကြောင်း၊ ဒါပေမယ့် ယခုကဲ့သို့ တင်းမာနေတဲ့အခြေအနေမှာတော့ ဖြစ်သင့်တဲ့ကိစ္စရပ်တစ်ခုမဟုတ်တာတော့ လက်ခံကြောင်း Huawei ၏ ဥက္ကဋ္ဌတစ်ဦးဖြစ်သူ Liang Hua မှ အမေရိကန်ဂျာနယ်လစ်များအား ပြောကြားခဲ့တယ်လို့ ဆိုထားပါတယ်။ “ကျွန်တော်တို့ဆီက ကုန်ပစ္စည်းတွေကို အမေရိကန်က မမှာယူတော့တာမှန်ပါတယ်၊ ဒါပေမယ့် အနာဂါတ်မှာတော့ ဝယ်ယူကောင်းဝယ်ယူနိုင်ပါတယ်၊ အဲ့ဒီအချိန်အခါမျိုးမှာဆိုရင်တော့ ဒီလို no-spy agreement ကို ချုပ်ဆိုလိုပါတယ်” လို့ ၎င်းက ပြောကြားခဲ့ပါသေးတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ရဲ့ Huawei အပေါ်ကုန်သွယ်မှုပိတ်ပင်ခြင်းဟာ ခြေလှမ်းကျော်လွန်နေကြောင်း၊ နိုင်ငံရေးအခွင့်အာဏာကို မှားယွင်းတဲ့နည်းနဲ့ အသုံးချခြင်းကြောင့် စက်မှုလုပ်ငန်းတစ်ခု ပြိုကွဲခြင်းရလဒ်ကိုသာ ရရှိကြောင်း ထပ်မံပြောကြားခဲ့ပါတယ်။

 

6 June 2019
တရုတ်အစိုးရမှ Huawei အား 5G Licenses အတွက် တွန်းအားပေးနေချိန်မှာပဲ ရုရှတယ်လီကွန်းဟာ Huawei အား ရုရှနိုင်ငံ 5G network ဖြန့်ကျက်ရေးအတွက် အကူအညီပေးရန် ခွင့်ပြုလိုက်ကြောင်း BBC သတင်းတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။
ရိုက်တာသတင်းဋ္ဌာနသတင်းတစ်ပုဒ်မှာ Carriers China Mobile, China Unicom နဲ့ China Telecom (China Broadcasting Network Corporation) တို့ဟာ တရုတ်နိုင်ငံမှာ 5G လိုင်စင်များရရှိသွားတယ်လို့ ဖော်ပြထားပါတယ်။
တရုတ်သမ္မတ Xi Jinping ဟာ ရုရှနိုင်ငံသို့ သုံးရက်ကြာသွားရောက်တဲ့ခရီးစဉ်အတွင်း “ရုရှနိုင်ငံ၏ 5G ကွန်ယက်ဖြန့်ကျက်နိုင်ရန် 2019 နှင့် 2020 ခုနှစ်များအတွင်း 5G နည်းပညာများပံ့ပိုးပေးပေးရန်” သဘောတူညီမှုစာချုပ် ချုပ်ဆိုခဲ့ကြပါတယ်။

 

7 June 2019
Facebook, Instagram နဲ့ WhatsApp application တွေကို နောက်ထုတ်မယ့် Huawei ဖုန်းတွေမှာ pre-install (ဖုန်းရဲ့ Original Firmware ထဲမှာ ကြိုတင်ထည့်သွင်းထားခြင်း) ကို ပြုလုပ်ခွင့် မပြုတော့ကြောင်း Reuters သတင်းဋ္ဌာနရဲ့သတင်းတစ်ပုဒ်ထဲမှာ ဖော်ပြထားပါတယ်။ လက်ရှိ Huawei ဖုန်း ကိုင်ဆောင်ထားသူများအတွက် Facebook ရဲ့ application တွေကို download နဲ့ update တွေ လုပ်ခွင့်ပြုထားပေမယ့် ဖုန်းအသစ်တွေမှာတော့ Facebook ပိုင် app တွေ တပါတည်းပါဝင်တော့မှာ မဟုတ်ပါဘူး။
Huawei ကို ban တဲ့ကိစ္စနဲ့ ပတ်သက်ပြီး အမေရိကန်နိုင်ငံ အမျိုးသားလုံခြုံရေးအပေါ် အန္တရာယ်ကျရောက်နိုင်ကြောင်း Trump ၏ စီမံခန့်ခွဲရေးဆိုင်ရာ လုပ်ကိုင်ပုံများကို Google က သတိပေးထောက်ပြထားပါတယ်။ Google ၏ security အပါအဝင် update များ ပံ့ပိုးမှုရပ်တန့်ချိန်၌ အမေရိကန်နဲ့ ကမ္ဘာအနှံ့က Huawei ဖုန်းကိုင်ဆောင်သူများရဲ့ လုံခြုံရေးအတွက် စိုးရိမ်ပူပန်ရကြောင်း Google ၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက email statement တစ်ခုမှာ ရေးသားထားကြောင်း Financial Times သတင်းစာစောင်မှာ ဖော်ပြထားပါတယ်။

 

10 June 2019
Huawei ဟာ Google Play Store က Application ဖန်တီးရေးဆွဲသူ developer တွေကို Huawei ရဲ့ ကိုယ်ပိုင် Application Store ဖြစ်တဲ့ AppGallery app store မှာ ၎င်းတို့ app တွေ publish လုပ်ဖို့ ဖိတ်ခေါ်နေတယ်လို့ ပြောပါတယ်။ mobile software development community ဖိုရမ်တစ်ခုဖြစ်တဲ့ XDA developers မှာ အမည်မသိ developer တစ်ယောက်ဟာ ၎င်းဆီရောက်ရှိလာတဲ့ Huawei ရဲ့ ဖိတ်ကြားလွှာအီးမေးလ်ကို တနင်္လာနေ့က share ခဲ့ပါတယ်။ ၎င်းအီးမေးလ်ထဲမှာ AppGallery ဟာဆိုရင် လစဉ် active ဖြစ်နေတဲ့ အသုံးပြုသူပေါင်း သန်း ၂၇၀ ဟာ ဖုန်းသန်းပေါင်း ၃၅၀ ကို အသုံးပြုနေကြကြောင်း၊ developer တွေအနေနဲ့လည်း ငါးသိန်းခြောက်သောင်းကျော်ခန့်ရှိတဲ့ community ရှိနေကြောင်း ပါရှိပါတယ်။ သင်ဟာ သင့်ရဲ့ app ကို AppGallery မှာ publish လုပ်ခြင်းအားဖြင့် Huawei phone အသုံးပြုသူများ အဆင်ပြေချောမွေ့စေရန်အတွက်ရှေ့ရှုကာ Huawei မှ သင့်အား အထောက်အပံ့ အပြည့်အဝပေးမည်ဖြစ်ကြောင်း ၎င်းအီးမေးလ်ထဲမှာ ရေးသားထားပါသေးတယ်။ Huawei ဟာ Google ရဲ့ ထောက်ပံ့ပေးမှု ရပ်တန့်လိုက်တဲ့အချိန်မှာ ၎င်းတို့ရဲ့ ကိုယ်ပိုင် OS ဖြစ်တဲ့ Hongmeng ကို ချက်ချင်းအစားထိုးဖို့ရာ မဖြစ်နိုင်သေးတဲ့အတွက် သြဂုတ် ၁၉ ရက်နေ့ကျော်လွန်တာနဲ့ Huawei phone အသုံးပြုသူတွေဟာ မည်ကဲ့သို့ခရီးဆက်ရမည်ကို တိကျတဲ့ အဖြေမရှိသေးပါဘူး။
The Wall Street Journal ရဲ့ သတင်းတစ်ပုဒ်အရ အိမ်ဖြူတော်၏စီမံနှင့်ဘဏ္ဍာရေးရာ ယာယီဒါရိုက်တာဖြစ်သူ Russel T. Vought က Huawei အပေါ် ကုန်သွယ်ခွင့်ပိတ်ပင်ခြင်းအား နှစ်နှစ်ခန့် ဆိုင်းငံ့သင့်ကြောင်း တောင်းဆိုလိုက်ပါတယ်။ ၎င်းမှ ဂျွန်လ လေးရက်နေ့တွင် ဒုတိယသမ္မတထံသို့ စာတစ်စောင်ပို့ခဲ့ပြီး ၎င်းစာထဲတွင် အမေရိကန်နိုင်ငံ ကျေးလက်ဒေသများရှိ Huawei နည်းပညာသုံးသော ကုမ္ပဏီများအပေါ် ဆိုးကျိုးများ သက်ရောက်နိုင်သည့်အတွက် ဆိုင်းငံ့ပေးပါရန် ရေးသားထားကြောင်း ပါရှိပါတယ်။

 

11 June 2019
၂၀၁၈ နှစ်ဝက်ပိုင်းလောက်က ကမ္ဘာ့ဒုတိယ smartphone ကုမ္ပဏီကြီးဖြစ်တဲ့ Apple ကို ကျော်တက်ပြီးနောက် Huawei ဟာ ဒုတိယ smartphone ကုမ္ပဏီဖြစ်လို့လာပါတယ်။ ၂၀၁၉ အကုန်မှာ ပထမနေရာကို ရယူနိုင်လိမ့်မည်ဖြစ်ကြောင်း Huawei CEO ဖြစ်တဲ့ Richard Yu ဟာ ယခင်က ပြောကြားခဲ့တာရှိပါတယ်။ ဒါပေမယ့်လည်း Huawei ရဲ့ Chief Strategy Officer က လတ်တလောအခြေအနေများကြောင့် ထိုပန်းတိုင်ကို ရောက်နိုင်ဦးမည်မဟုတ်ကြောင်း အင်္ဂါနေ့ကပြုလုပ်ခဲ့တဲ့ Consumer Electronics Show (CES) Asia ပွဲတွင် ပြောကြားသွားကြောင်း ရိုက်တာသတင်းဋ္ဌာနရဲ့ သတင်းတစ်ပုဒ်မှာ ရေးသားထားပါတယ်။
ယခုအပတ်အတွင်းထွက်ရှိမည်ဟု ကြေငြာထားတဲ့ Huawei ရဲ့ Laptop အသစ်ဟာ US sanction များကြောင့် CES Asia 2019 ပွဲမှာ မပြသနိုင်တော့ပါဘူး။ ထို Laptop ဟာ Microsoft ရဲ့ Windows Operating System နဲ့ Intel ရဲ့ processor တွေ ထည့်သွင်းအသုံးပြုထားတာဖြစ်တဲ့အတွက် အမေရိကန်ရဲ့ ကုန်သွယ်ရေးပိတ်ပင်မှု၏ အကျိုးဆက်အရ ထိုအမေရိကန်ကုမ္ပဏီများနှင့် စာချုပ်ချုပ်ဆိုထားခြင်းမရှိသည့်အတွက် CES Asia 2019 ပွဲမှာ ထည့်သွင်းမိတ်ဆက်နိုင်ခြင်း မရှိတော့တာပါ။

 

12 June 2019
Huawei ဟာ မေလ ၂၇ ရက်နေ့က သူ့ရဲ့ OS အသစ်ဖြစ်တဲ့ Hongmeng ကို Peru နိုင်ငံမှာ ကုန်ပစ္စည်းအမှတ်တံဆိပ်အနေနဲ့ မူပိုင်ခွင့်တင်ထားခဲ့တယ်လို့ ရိုက်တာသတင်းတစ်ခုမှာ ဖော်ပြထားပါတယ်။
Huawei သည် အမေရိကန်နိုင်ငံ carrier တစ်ခုဖြစ်တဲ့ Verizon ထံမှ ငှားရမ်းမှုလိုင်စင်ကြေး အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော် ရရှိလိုကြောင်း ရိုက်တာသတင်းဋ္ဌာနရဲ့သတင်းတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။ ဒီငှားရမ်းမှုအခကြေးငွေဆိုတာဟာ core networking နဲ့ ပတ်သက်တဲ့ နည်းပညာ နှင့်အတူ infrastructure ပေါင်း 230 အတွက် ပါဝင်ပါတယ်။ ဒီကိစ္စအတွက် Verizon နဲ့ Huawei တို့ရဲ့ ကိုယ်စားလှယ်တော်တွေဟာ ပြီးခဲ့တဲ့အပတ်က New York မှာ တွေ့ဆုံကာ ဆွေးနွေးခဲ့ကြပါတယ်။

 

13 June 2019
အင်္ဂလန်နိုင်ငံ 5G Network တွင် Huawei ၏ equipment များ အသုံးပြုခြင်းအပေါ်ကန့်သတ်လိုက်တဲ့ ကိစ္စရပ်ကြောင့် နှစ်နိုင်ငံ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများအပေါ် ထိခိုက်နိုင်ကြောင်း အင်္ဂလန်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ဖြစ်တဲ့ Lui က BBC ရုပ်သံနှင့် အင်တာဗျူးမှာ ပြောကြားလိုက်ပါတယ်။

 

18 June 2019
အမေရိကန်၏ ပိတ်ဆို့မှုများကြောင့် Huawei ကုမ္ပဏီအနေဖြင့် များစွာသောဒုက္ခများ ကြုံတွေ့နေရကြောင်း Founder နှင့် CEO ဖြစ်သူ Ren Zhengfei က တနင်္လာနေ့မှာ ပြောကြားလိုက်ပါတယ်။ ၎င်းအနေဖြင့် အမေရိကန်ဒေါ်လာ 30 Billion အထိ ဆုံးရှုံးနစ်နာနိုင်ကြောင်း တွက်ဆမိတယ်လို့ Shenzhen မှာရှိတဲ့ ရုံးချုပ်မှာ ပြောကြားသွားခြင်းဖြစ်ပါတယ်။ 2018 မှာ ကန်ဒေါ်လာ 104 Billion အမြတ်ငွေရရှိခဲ့တာကြောင့် အစောပိုင်းကာလများမှာ ကန်ဒေါ်လာ 125 မှ 130 Billion အထိ မျှော်လင့်ခဲ့သော်လည်း ယခုလို ကုန်သွယ်ခွင့်ပိတ်ပင်ခံရမှုများကြောင့် ကန်ဒေါ်လာ 100 Billion အထိသာ မျှော်မှန်းလို့ရကြောင်း၊ အမေရိကန်ကနေ အဘက်ဘက်ကပိတ်ဆို့နေတာကြောင့် မမျှော်လင့်နိုင်ကြောင်း နှင့် 2021 မှာ ဖွံ့ဖြိုးတိုးတက်လာနိုင်တဲ့ အီလက်ထရောနစ်နှင့် နည်းပညာရပ်များကိုပါ ထည့်သွင်းပြောကြားသွားခဲ့ပါတယ်။
အမေရိကန်မှ ကုန်သွယ်မှုများပိတ်ဆို့ပြီးတဲ့နောက် ယခင်လများက Microsoft ရဲ့ Online Store မှာ Huawei Laptop ရောင်းချခြင်းကို ဖယ်ရှားခဲ့ပေမယ့် ယခုအခါ ပြန်လည်ရောင်းချနေတာကို တွေ့ရပါတယ်။ အများစုရဲ့ မေးခွန်းတွေကို Microsoft အနေနဲ့ email statement တစ်ခုထဲမှာ ပြန်လည်ဖြေကြားခဲ့တာကတော့ အမေရိကန်အစိုးရရဲ့ ဥပဒေရေးရာလုပ်ထုံးလုပ်နည်းတွေကို ဆက်လက်လိုက်နာသွားမှာပဲဖြစ်ကြောင်း၊ ယခုလက်ရှိ ဆက်လက်ရောင်းချတဲ့ Huawei Laptop တွေဟာလည်း ထပ်မံအသစ်ရောက်ရှိတဲ့ ပစ္စည်းတွေမဟုတ်ဘဲ Warehouse တွေထဲမှာကျန်ရှိနေသေးတဲ့ Laptop တွေကိုသာ ရောင်းချခြင်းဖြစ်ကြောင်း ပါရှိပါတယ်။

 

19 June 2019
အမေရိကန်ရဲ့ကုန်သွယ်ခွင့်ပိတ်ပင်မှုကြောင့် ဆုံးရှုံးနစ်နာနိုင်ချေရှိတဲ့ ကန်ဒေါ်လာ 30 Billion အတွက် မည်သို့မျှသောကမရောက်ကြောင်းကို Huawei ရဲ့ Founder နှင့် CEO ဖြစ်သူ Ren Zhengfei က ဗုဒ္ဓဟူးနေ့က ရုပ်သံသတင်းဋ္ဌာနတစ်ခုဖြစ်တဲ့ CNBC နဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။ တရုတ်နိုင်ငံက ထောက်ခံအားပေးနေကြတဲ့အတွက် အမေရိကန်နိုင်ငံက ရရှိနိုင်မယ့် 30 Billion ဆိုတာကို ပြဿနာတစ်ရပ်အနေနဲ့ မထင်မြင်မိကြောင်း၊ Huawei အတွက် ၎င်းဆုံးရှုံးမှုဟာ အလွန့်အလွန်သေးငယ်တဲ့ ကိစ္စတစ်ရပ်သာဖြစ်ကြောင်းကိုပါ ထည့်သွင်းပြောကြားသွားပါတယ်။ အမေရိကန်သမ္မတဒေါ်နယ်ထရန့်က Huawei CEO ဖြစ်သူ Ren Zhengfei ကို ဖုန်းဆက်လာပါက မည်ကဲ့သို့ဆုံးဖြတ်မည်ကို CNBC က မေးမြန်းရာတွင် Ren က “ဖုန်းကိုင်ရမှာပေါ့ ... ကျွန်တော်တို့တိုင်ပင်လို့ရတာပေါ့ ... ပြီးတော့ တက်ကြွတဲ့လူမှုဝန်းကျင်တစ်ခုကို အတူတူတည်ဆောက်ပြီး နှစ်ဦးနှစ်ဘက်အကျိုးရှိမယ့်ကိစ္စတွေ ပူးပေါင်းလုပ်ဆောင်လို့ရနိုင်တာပေါ့။ အမေရိကန်နိုင်ငံက နည်းပညာရှေ့ဆောင်နိုင်ငံဖြစ်နေသေးတဲ့အလျောက် ကျွန်တော်တို့အနေနဲ့လည်း ပါဝင်ကူညီနိုင်ပါတယ်” လို့ ပြန်လည် ပြောကြားခဲ့ပါတယ်။

 

21 June 2019
အမေရိကန်ရဲ့ စီးပွားရေးပိတ်ဆို့မှုခံထားရတဲ့ကြားထဲက Huawei ဟာ mid-range ဖုန်းအမျိုးအစားဖြစ်တဲ့ Nova 5, Nova 5i နဲ့ Nova 5 Pro အသစ်သုံးမျိုးကို ထပ်ထုတ်လိုက်ပြန်ပါတယ်။ အသေးစိတ်ကို ဒီစာမျက်နှာမှာ ဆက်လက်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ။ Huawei Nova 5 Series 

ယခုလအတွင်းမှာထွက်ရှိမည်ဟု ကြေငြာခဲ့တဲ့ ကန်ဒေါ်လာ 2600 တန် foldable screen (ခေါက်၍ရသောဖုန်း) Huawei Mate X အား လာမည့် စက်တင်ဘာလအတွင်းတွင် ထုတ်လုပ်လိမ့်မည်ဟု Huawei မှ TechRadar နှင့် The Wall Street ဂျာနယ်အား ပြောကြားထားပါတယ်။
အမေရိကန်စီးပွားရေးဋ္ဌာနမှ နောက်ထပ် တရုတ်နည်းပညာကုမ္ပဏီငါးခုအား blacklist အတွင်း ထပ်မံထည့်သွင်းလိုက်ပါတယ်။ အဆိုပါ ကုမ္ပဏီငါးခုမှာ -

  1. Chengdu Haiguang Integrated Circuit, including two aliases (Hygon and Chengdu Haiguang Jincheng Dianlu Sheji) 
  2. Chengdu Haiguang Microelectronics Technology, including two aliases (HMC and Chengdu Haiguang Wei Dianzi Jishu)
  3. Higon, including five aliases (Higon Information Technology, Haiguang Xinxi Jishu Youxian Gongsi, THATIC, Tianjing Haiguang Advanced Technology Investment, and Tianjing Haiguang Xianjin Jishu Touzi Youxian Gongsi)
  4. Sugon, including nine aliases (Dawning, Dawning Information Industry, Sugon Information Industry, Shuguang, Shuguang Information Industry, Zhongke Dawn, Zhongke Shuguang, Dawning Company, and Tianjin Shuguang Computer Industry)
  5. Wuxi Jiangnan Institute of Computing Technology, including two aliases (Jiangnan Institute of Computing Technology and JICT)

 

 

 

 


အောက်ကပုံကတော့ Huawei အား အခြားနိုင်ငံများမှ Ban Status အခြေအနေကို ပြထားတဲ့ပုံလေးပါ။

 

ဒီ Pie Graph ကတော့ ၂၀၁၈ ခုနှစ်ရဲ့ Telecom Market Share ကို နှိုင်းယှဉ်ပြသထားခြင်းပါ။ Huawei ဟာ 28.6% နဲ့ ထိပ်ဆုံးမှာပါ။

 

 

ဒီအကြောင်းကို ပြည့်ပြည့်စုံစုံ ဖတ်ရှုလို့ရအောင်Taungoo.Net မှနေပြီး ရှာဖွေတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ သတင်း၊ ပုံ နှင့် အချက်အလက်များကို အင်တာနက်သတင်းဋ္ဌာနများမှ စုဆောင်းတင်ပြအပ်ပါတယ်။

ပြန်လည်ကူးယူဖော်ပြချင်ရင်တော့ Credit: Taungoo.Net ဟု ထည့်သွင်းဖော်ပြပေးပါရန် တောင်းဆိုအပ်ပါတယ်ခင်ဗျာ။