Mobile Phone handset လောကရဲ့ ဘုရင်တစ်ဆူဖြစ်ခဲ့ဖူးတဲ့ Nokia ကို မှတ်မိကြဦးမယ်ထင်ပါတယ်။ ၂၀၀၀ ခုနှစ်ဝန်းကျင်များကာလ၌ လက်ကိုင်ဖုန်းတွေထဲမှာ Nokia နဲ့ Sony Ericsson နာမည်တွေဟာ မြန်မာနိုင်ငံဖုန်းလောကအတွင်း ထိပ်ဆုံးဖုန်းတွေဖြစ်ခဲ့ဖူးပါတယ်။ ခလုတ်ဖုန်းတွေကို ဒီဇိုင်းအမျိုးမျိုးနဲ့ ထုတ်လုပ်ခဲ့ပြီး Touch Screen နဲ့ဖုန်းတွေလည်း မော်ဒယ်အများအပြားထွက်ခဲ့ပါတယ်။ Nokia ရဲ့ operating system ဖြစ်တဲ့ Symbian OS ဟာလည်း တမူထူးခြားတဲ့ OS ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် 2010  နောက်ပိုင်း Samsung တို့ Sony Ericsson တို့ဟာ နည်းပညာရေစီးကြောင်းအရ Android OS ကို ပြောင်းလဲသုံးစွဲခဲ့ပေမယ့် Nokia ကတော့ Symbian OS ကိုပဲသုံးကာ ဈေးကွက်မှာ တင်းခံနေခဲ့ပါတယ်။  2013 နှောင်းပိုင်းလောက်ကစလို့ Nokia ဖုန်းသုံးစွဲသူတွေဟာ Nokia ရဲ့ အံချော်နေတဲ့ ဦးတည်ချက်များကြောင့် Symbian အသုံးပြုသူ အလွန်နည်းလာပြီး ရှယ်ယာဈေးကွက်ဟာလည်း ကျဆင်းခဲ့ပါတယ်။

 

2014 မှာတော့ Nokia ရဲ့ ဖုန်းထုတ်လုပ်မှုဋ္ဌာနနဲ့ နည်းပညာတွေကို Microsoft ထံ ရောင်းချလိုက်ပြီး Telecom လောကထဲ အာရုံစိုက်ကာ တစိုက်မတ်မတ်လုပ်ကိုင်လာခဲ့ပါတော့တယ်။ Microsoft ကတော့ Nokia ရဲ့ နာမည်ကို အသုံးချပြီး Windows Smartphone တွေကို ဆက်လက်ထုတ်လုပ်ခဲ့တာ 2016 အထိပါ။ Lumia 730/830/930 ဖုန်းတွေဟာ Windows OS နဲ့ နောက်ဆုံးထုတ်ခဲ့တဲ့ ဖုန်းတွေပါပဲ။

ယခုနောက်ပိုင်းမှာတော့ Nokia ဟာ ၎င်းရဲ့ဖုန်းထုတ်လုပ်မှုကို Android OS သုံးပြီး ပြန်လည်လုပ်ဆောင်နေတာကို မြင်တွေ့ရမှာပါ။

ယခုTaungoo.Net ကနေ ဖော်ပြပေးမယ့် အကြောင်းအရာကတော့ 2019 ဖေဖော်ဝါရီမှာ ကျင်းပခဲ့တဲ့ Mobile World Congress ပွဲမှာ ဖင်လန်နိုင်ငံစမတ်ဖုန်းထုတ်လုပ်တဲ့ကုမ္ပဏီ Nokia ရဲ့ Nokia 9 Pureview ပဲဖြစ်ပါတယ်။ ယနေ့ မနက်ခင်း ဆယ့်တစ်နာရီလောက်က Nokia 9 Pureview ကင်မရာနဲ့ ရိုက်ကူးလို့ရတဲ့ပုံတွေပါတဲ့ ဗီဒီယိုကို Nokia Mobile India ရဲ့ တရားဝင် Twitter စာမျက်နှာမှာ Coming Soon (မကြာမီ လာမည်) ဟု ကြေညာသွားပါတယ်။

ကောလဟာလတွေအရ ဇွန်လပိုင်းတွင် အိန္ဒိယနိုင်ငံမှာ ဖြန့်ချီမည်ဟု အစောပိုင်းကာလများ၌ ကြားနေရသော်လည်း ယခုမှ တရားဝင်ကြေညာတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဘယ်အချိန်၊ ဘယ်ဈေးဆိုတာကို မဖော်ပြသေးပါဘူး။ ယခင်ရီပို့တွေထဲမှာတော့ ယခု flagship smartphone ကို ကန်ဒေါ်လာ ၈၇၀ ဝန်းကျင်လောက် ပေးရလိမ့်မယ်လို့ ဆိုထားပါတယ်။ ဒါပေမယ့် ဇူလိုင် ငါးရက်နေ့ (မနက်ဖြန်) မှာ Nokia 9 Pureview ကို ထိုင်းနိုင်ငံအွန်လိုင်းဈေးရောင်းဝဘ်ဆိုက် (Shopee Mall) တွင် စတင်ရောင်းချမှာဖြစ်ပြီး ကန်ဒေါ်လာ 615 ဝန်းကျင်ကနေစပြီး တန်ဖိုးကျသင့်လိမ့်မယ်လို့ သတင်းတစ်ခုမှာ ဖော်ပြထားပါတယ်။


Nokia Pureview 9 Specifications and Features

Nokia 9 Pureview ဟာ 5.99 လက်မ QHD+ အရည်အသွေး၊ pOLED display / 2560 x 1440 pixel 2K resolution နဲ့ ထုတ်လုပ်ထားတာဖြစ်ပါတယ်။ Corning ကုမ္ပဏီရဲ့ Gorilla Glass 5 ကို အသုံးပြုကာ ဖုန်းစကရင်ကို ကာကွယ်ထားပါတယ်။ Nokia 9 Pureview ဟာ မှန်ပေါ်မှာ လက်ဗွေနှိပ်လို့ရမယ့် နည်းပညာသုံး in-display fingerprint scanner ပါရှိတဲ့ Nokia ပထမဦးဆုံးဖုန်းပဲ ဖြစ်ပါတယ်။

မန်မိုရီ 6GB နဲ့ 128GB storage ပါဝင်ပြီး Qualcomm Snapdragon 845 processor ကို အသုံးပြုထားပါတယ်။ Android 9.0 Pie ရဲ့ stock OS Android One ကို အသုံးပြုထားပါတယ်။ 3,320 mAh ဘက်ထရီပါဝင်ပြီး၊ Quick Charge 3.0 နဲ့ 10W Wireless Charging နည်းပညာတွေ အလုပ်လုပ်ပါတယ်။

အများဖုန်းတွေနဲ့မတူ တမူထူးခြားချက်ကတော့ Nokia 9 PureView မှာ ကင်မရာငါးလုံးကို dual-tone LED flash နဲ့ အခြား sensor တွေနဲ့အတူ အနောက်ဘက်မှာ အဝိုင်းလိုက်တပ်ဆင်ထားတာပါပဲ။
ကင်မရာငါးလုံးစလုံးဟာ 12 MP lense တွေ ဖြစ်ကြပြီး RGB sensor နှစ်လုံး နဲ့ monochrome sensor သုံးလုံးပါဝင်ပါတယ်။ အရှေ့ဘက်မှာကတော့ 20 MP ကင်မရာတစ်လုံးပါဝင်ပါတယ်။ နောက်တစ်ချက်က IP67 လို့ ပြောထားတာကြောင့် ဖုန်မှုန့်တွေနဲ့ ရေစိုဒဏ်ကို သေသေချာချာခံနိုင်ရည်ရှိစွာ တည်ဆောက်ထားတဲ့ ဘော်ဒီပါ။ ရေချိုးကန်ထဲ လက်ဆေးကန်ထဲ မတော်တဆကျသွားတဲ့အခါ လျင်မြန်စွာ ပြန်လည်ဆယ်ယူနိုင်ပါက ဖုန်းအတွင်းပိုင်းကို ရေစိမ့်ခြင်းမရှိနိုင်ဘူးလို့ ဆိုလိုပါတယ်။ ဖုန်းပေါ်မှာ ဆီတွေဆေးတွေပေသွားတာမျိုးဆိုရင် ရေအမြန်ဆေးကာ ရေစင်အောင်သုတ်လိုက်လို့ ရနိုင်ပါတယ်။

Gizmochina Rating

 

 

ဒီအကြောင်းကို ပြည့်ပြည့်စုံစုံ ဖတ်ရှုလို့ရအောင် Taungoo.Net မှနေပြီး ရှာဖွေတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ ပုံ နှင့် အချက်အလက်များကို အင်တာနက်သတင်းဋ္ဌာနများမှ စုဆောင်းတင်ပြအပ်ပါတယ်။

ပြန်လည်ကူးယူဖော်ပြချင်ရင်တော့ Credit: Taungoo.Net ဟု ထည့်သွင်းဖော်ပြပေးပါရန် တောင်းဆိုအပ်ပါတယ်ခင်ဗျာ။