Huawei ပြီးတော့ DJI များဖြစ်နေမလား
=====


အထင်ကရ အမေရိကန်ရုပ်သံကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ CNN က သတင်းတစ်ခုအရ အမေရိကန် Homeland Security Department ဟာ တရုတ်လုပ် drone တွေရဲ့ အန္တရာယ်ကို သတိပေးပြောကြားခဲ့တယ်လို့ဆိုပါတယ်။ ဒီသတိပေးနှိုးဆော်ချက်ဟာ အဓိကအားဖြင့် အမေရိကန်မြောက်ဘက်ပိုင်းမှာ အသုံးများနေကြတဲ့ တရုတ်နိုင်ငံ ရှန်ကျန်းမှာ အခြေတည်ထားတဲ့ DJI ဆိုတဲ့ drone တွေကို ရည်ရွယ်နေတယ်လို့ သုံးသပ်ကြပါတယ်။ အပျော်သုံး drone တွေဟာ ၎င်းတို့ရဲ့ ပျံသန်းမှုအချက်အလက်တွေကို တရုတ်မှာရှိတဲ့ headquarter တွေကို အလိုအလျောက်ပေးပို့ပြီး တရုတ်အစိုးရမှ အခါအားလျော်စွာ ကြည့်ရှုနိုင်ခွင့်တွေလည်း ရှိတယ်လို့ဆိုပါတယ်။


DHS (Department of Homeland Security) ရဲ့ သတိပေးနှိုးဆော်ချက်မှာ အမေရိကန်နိုင်ငံရဲ့ သတင်းအချက်အလက်တွေကို အာဏာရှင်ဆန်သောနိုင်ငံတွေဆီသို့ ယူဆောင်ပေးခြင်း၊ ထိုအချက်အလက်တွေကို အလွဲသုံးစားလုပ်ခြင်း စတဲ့ နည်းပညာအသုံးပြုထားသော မည်သည့်ပစ္စည်းကိုမဆို ပြင်းပြင်းထန်ထန် အရေးယူသွားမည်ဖြစ်ကြောင်း ဆက်လက်ပြီးတော့ ဖော်ပြထားပါတယ်။

 

 

အဆိုပါအရေးယူမှုသည် လူမဲ့မောင်းနှင်သော လေယာဉ်များနှင့် ချိတ်စပ်ထားသော တရုတ်နိုင်ငံလုပ် ပစ္စည်းများအပေါ်၌လည်း အကျုံးဝင်ပါသည်။ တရုတ်နိုင်ငံသည် ၎င်းနိုင်ငံသားများအတွက် intelligence လုပ်ငန်းများ အထောက်အပံ့ပေးရန် ကြီးလေးသောတာဝန်များအပေါ် ဆောင်ရွက်မှုအားနည်းသည့်အလျောက် drone များတွင် တပ်ဆင်ထားသော device များမှာ သတင်းအချက်အလက်များကို စုဆောင်းခြင်း၊ လွှဲပြောင်းခြင်းများ လုပ်ပေးနိုင်သောစနစ်များ ပါဝင်နိုင်သည့်အတွက် အဆိုပါပစ္စည်းများကိုလည်း အရေးယူမှု သက်ဆောင်စေနိုင်ပါသည်။


DHS ရဲ့ သတိပေးမှုဟာ တရားဝင်စာထုတ်ပြန်ထားခြင်းမဟုတ်သလို ရည်ရွယ်တဲ့ကုမ္ပဏီဟာလည်း DJI လို့ မပါရှိပါဘူး။ ဒါပေမယ့် အမေရိကန်နဲ့ တရုတ်ရဲ့ စီးပွားရေးအားပြိုင်မှုစစ်ပွဲမှာ ထိခိုက်သွားနိုင်မယ့်၊ သတိထားစောင့်ကြည့်ရမယ့် နောက်ကုမ္ပဏီတစ်ခုလို့ဆိုရင်လည်း မမှားပါဘူး။ အမေရိကန်နိုင်ငံ လုံခြုံရေးဆိုင်ရာအတွက် အစိုးရရဲ့ ဆင့်ခေါ်မှုအပေါ် အငြင်းပွားတုန့်ပြန်လိုက်တဲ့ Huawei လို ကုမ္ပဏီကြီးကိုတောင်မှ အရေးယူလိုက်တယ်ဆိုကတည်းက တရုတ်ကုမ္ပဏီတွေအတွက် ခြိမ်းခြောက်မှုတစ်ရပ်ပါပဲ။


Huawei ၏ CEO လည်းဖြစ် တည်ထောင်သူလည်းဖြစ်သူ Ren Zhengfei က ထိခိုက်မှုဆုံးရှုံးမှုများအပေါ် အရေးမစိုက်သလို တုန့်ပြန်နေသော်လည်း ကုမ္ပဏီ၏ အဓိကစီးပွားရေးအားယိမ်းယိုင်သွားစေမည့် အမေရိကန်ကုမ္ပဏီများနှင့် ကုန်သွယ်ခွင့်ကို ပိတ်ပင်ခြင်းကို အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပြီးခဲ့သည့်အပတ်တွင် လုပ်ဆောင်ခဲ့ပါသည်။


သုံးစွဲသူတွေမှ ၎င်းကုမ္ပဏီဟာ သုံးစွဲသူတွေရဲ့ အချက်အလက်တွေ စုဆောင်း၊ ခိုးယူ၊ ထုတ်လွှင့်နေခြင်းတွေရှိနေကြောင်း ပြောဆိုနေခြင်းအပေါ် DJI ရဲ့ ပြန်လည်ချေပရေးသားချက်တွင် လုံခြုံရေးဟာ သူတို့ကုမ္ပဏီရဲ့ မဏ္ဍိုင်တစ်ရပ်ဖြစ်ကြောင်း၊ ၎င်းတို့ နည်းပညာဟာ လုံခြုံရေးအတွက် စိုးရိမ်စရာမရှိကြောင်းအား အမေရိကန်အစိုးရမှ ထောက်ခံချက်ရထားပြီးဖြစ်ကြောင်းနဲ့ အမေရိကန်ရဲ့ စီးပွားရေးများအား ဦးဆောင်ထောက်ပံ့ပေးနေကြောင်းကို တွေ့ရပါတယ်။


DJI မှ ဆက်လက်ရေးသားချက် -

အာမခံချက် ကောင်းကောင်းလိုအပ်တဲ့ အစိုးရနှင့် ဆောက်လုပ်ရေးလုပ်ငန်းခွင် သုံးစွဲသူတွေအတွက် သတင်းအချက်အလက်တွေကို DJI သို့လည်းကောင်း၊ အင်တာနက်သို့လည်းကောင်း လွှဲပြောင်းထုတ်လွှင့်ခြင်းမလုပ်တဲ့ drone တွေကို ထောက်ပံ့ပေးပါတယ်။ နောက်ပြီးတော့ သုံးစွဲသူတွေဟာ DHS ရဲ့ သတိပေးထားမှုတွေနဲ့ ပတ်သက်တဲ့ feature တွေကိုလည်း အသုံးပြုနိုင်ပါတယ်။ ဒါ့ကြောင့် အမေရိကန်စီးပွားရေးသမားတွေနဲ့ အစိုးရအေဂျင်စီတွေဟာ DJI drone တွေကို ယုံကြည်စွာနဲ့ အသုံးပြုနိုင်ပြီး အသက်ကယ်လုပ်ငန်းတွေ၊ လုပ်ငန်းခွင်လုံခြုံရေးတွေ၊ အလွန်အမင်းအရေးကြီးတဲ့ အော်ပရေးရှင်းတွေမှာ ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့ တာဝန်ယူမှုနဲ့ ပတ်သက်လို့ အလွန်အမင်း ဂရုစိုက်ပါတယ်။


၂၀၁၇ မှာ DJI ဟာ drone တွေ ပျံသန်းနေစဉ်အတွင်း အင်တာနက်အသုံးပြုမှုကို ရပ်တန့်လို့ရတဲ့ စနစ်တစ်ခုကို application မှာ ထည့်သွင်းပေးခဲ့ပါတယ်။ ဒါပေမယ့်သော်ငြားလည်း အမေရိကန်စစ်တပ်ရဲ့ မှတ်တမ်းများအရ ဆိုက်ဘာလုံခြုံရေးဆိုင်ရာကိစ္စရပ်များအပေါ် စွပ်စွဲထောက်ပြထားမှုတွေရှိတာကြောင့် DJI drone အသုံးပြုမှုအား လုံးဝရပ်ဆိုင်းထားခဲ့ပါတယ်။

 

သတင်းမူရင်း ။ ။ The Verge