တီထွင်ဆန်းသစ်မှုတွေနဲ့ ခေတ်ရှေ့ပြေးတဲ့ တရုတ်ကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Lenovo ဟာ အသံနဲ့ထိန်းချုပ်တဲ့စနစ်ပါဝင်သော Smart Mouse ကို ကြေညာလိုက်ပါတယ်။ အဲ့ဒီ smart mouse ဟာဆိုရင် အသံနဲ့ထိန်းချုပ်ခြင်း၊ ဘာသာပြန်ပေးခြင်းတို့ကို support လုပ်ပါတယ်။ ဈေးနှုန်းကတော့ ကန်ဒေါ်လာ 43 ဝန်းကျင်ပါ။

အဆိုပါ smart mouse မှာ တရုတ်ကုမ္ပဏီအသစ်တစ်ခုဖြစ်တဲ့ Keda Xunfei ရဲ့ စကားပြောသံများအား သိုလှောင်မှတ်မိနိုင်တဲ့နည်းပညာကို အသုံးချထားတယ်လို့ ပြောပါတယ်။ အသုံးပြုသူရဲ့ စကားသံတွေ မှတ်သားထားပြီး အင်္ဂလိပ်ဘာသာသို့ ဘာသာပြန်ပေးခြင်း၊ အသံဖြင့် အမိန့်ပေးကာထိန်းချုပ်နိုင်ခြင်း နဲ့ အခြားသောစနစ်တွေပါဝင်ပါတယ်။ ဘာသာစကားအနေနဲ့ တရုတ် (မန်ဒရင်း၊ စီချွမ်၊ ဟောနန်၊ ကန်တုံ) နှင့် အင်္ဂလိပ်ဘာသာတွေကို အသုံးပြုလို့ရပါတယ်။ ဘာသာပြန်ပေးနိုင်တာတွေကတော့ အင်္ဂလိပ်ဘာသာမှ တရုတ်သို့ ဘာသာပြန်ပေးခြင်း၊ တရုတ်မှ အင်္ဂလိပ်၊ ပြင်သစ်၊ ဂျပန်၊ ဂျာမန်နဲ့ အခြား ၂၆ ဘာသာစကားသို့ ဘာသာပြန်ပေးနိုင်ပါတယ်။

AI cloud service platform ကို အသုံးချပြီးတော့ စကားလုံးအသစ်တွေကို စုဆောင်းပြီးတော့ အဆိုပါ smart mouse ရဲ့ အဘိဓာန်ကို မကြာခဏ update လုပ်ပေးပါတယ်လို့ဆိုပါတယ်။ Blue light positioning နည်းပညာကို အသုံးပြုထားတာကြောင့် ယခုလက်ရှိအသုံးပြုနေတဲ့ လေဆာရောင်ခြည်သုံး mouse တွေထက် tracking နဲ့ positioning လုပ်တဲ့နေရာမှာ ပိုပြီးကောင်းမွန်တယ်လို့ ပြောပါတယ်။ ဒါကြောင့် Lenovo smart mouse ကို သစ်သား၊ မှန်၊ ပိတ်စ နဲ့ အခြားမျက်နှာပြင်တွေပေါ်မှာ ကောင်းကောင်းသုံးနိုင်ပါတယ်။ နောက်ပြီးတော့ 600/1200/2400/4000 DPI တွေကို support လုပ်တာကြောင့် DPI လေးမျိုးစလုံးမှာ ကြိုက်သလို ချိန်ညှိနိုင်ပါသေးတယ်။


Lenovo smart mouse ရဲ့ အရွယ်အစားကတော့ 110x61x32 mm ဖြစ်ပါတယ်။ အပြင်ကာဗာအနေနဲ့ကတော့ ABS ပလပ်စတစ်အမျိုးအစားနဲ့ဖြစ်ပြီး လုံးဝပြောင်ချောနေတာမျိုးမဟုတ်ဘဲ metal texture နဲ့ဖြစ်တာကြောင့် mouse ကိုကိုင်တဲ့အချိန်မှာ အဆင်ပြေနေပါလိမ့်မယ်။ Mouse wheel ကိုတော့ metal roller သုံးထားတယ်လို့ဆိုပါတယ်။