လူမှုကွန်ယက်တစ်ခုဖြစ်တဲ့ Google+ တွင် အသုံးပြုသူများ၏ ကိုယ်ပိုင်လုံခြုံရေးအချက်အလက်များပေါက်ကြားစေနိုင်သော bug တစ်ခုကို ရှာဖွေတွေ့ရှိပြီးတဲ့နောက်မှာ Google+ ကို
ပိတ်လိုက်တော့မည်ဟု ကြားသိလိုက်ရတဲ့အခါမှာ စာရေးဆရာတစ်ဦးဖြစ်တဲ့ John Lewis ဟာ ကြိုတင်တွက်ဆထားသော်လည်းပဲ အလဲထိုးခံလိုက်ရသလို ခံစားခဲ့ရပါတယ်။

Lewis ဟာ Costa Rican အမြဲစိမ်းသစ်တောထဲမှာ သီးခြားလေးနေထိုင်ပြီး စာတွေရေးသားကာ ရှစ်နှစ်လောက်အချိန် ကုန်ခဲ့သူပဲဖြစ်ပါတယ်။ သူဟာ သူ့ရဲ့မနက်ခင်းတိုင်းလိုလို ကော်ဖီလေးတစ်ကျိုက်ကျိုက်သောက်လျက် Google+ က သူ့မိတ်ဆွေတွေနဲ့ စကားစမြည်ပြော၊ လူမှုကွန်ယက်တွေမှာတင်ထားတဲ့ စာတွေဖတ်ရင်း နေထိုင်ခဲ့သူပါ။

Google+

 

Google ဟာ သူ့ရဲ့ ခုနှစ်နှစ်ကြာပြီဖြစ်တဲ့ Google+ service ကို များမကြာမီလများတွင် ပိတ်တော့မည်ဟု တနင်္လာနေ့က ကြေငြာပြီးတဲ့နောက်မှာတော့ Lewis ဟာ CNBC သတင်းဋဌာနကို အောက်ပါအတိုင်း ဖုန်းဖြင့် ပြောကြားခဲ့ပါတယ်။
"Plus ဟာ Google ရဲ့ ဝမ်းမနာသားလိုဖြစ်နေတာ တော်တော်ကြာပါပြီ။ ကျွန်တော်ကတော့ ဒီလိုပုံစံလေးနဲ့ ထာဝရ ရှိနေစေချင်မိပါတယ်"

Google ဟာ Google Plus ကို အစိတ်စိတ်အမွှာမွှာပဲလုပ်လုပ်၊ အပြင်လူတွေက Google Plus ကို သေနေတဲ့ Social Network ကြီးလို့ပဲပြောပြော Lewis ဟာ ဘယ်လိုနည်းနဲ့မှ မဖြုံတဲ့ သစ္စာရှိ အမာခံအသုံးပြုသူလူနည်းစုထဲက တစ်ဦးအပါအဝင်ပဲဖြစ်ပါတယ်။ Google Plus ရဲ့ ကိုးဆယ်ရာခိုင်နှုန်းသောအသုံးပြုသူတွေဟာ Google Plus ကို ဝင်ကြည့်တဲ့အချိန် ငါးစက္ကန့်လောက်ပဲရှိကြတယ့်အတွက် Google+ ဟာ Facebook လိုမျိုး အချိန်ယူအသုံးပြုတဲ့ Website လိုမဖြစ်တော့ပါဘူး။

ဒါပေမယ့် Lewis လို လူမျိုးတွေအဖို့ ဒီလို အေးအေးချမ်းချမ်းအသုံးပြုရတာဟာ သူတို့အတွက် စွဲဆောင်မှုသဖွယ် ဖြစ်လို့နေပါတယ်။

Facebook လိုမျိုး ဖိနပ်တစ်ရံအလကားရဖို့ အသုံးပြုသူသန်းပေါင်းများစွာဟာ ကလေးပုံတွေ တစ်သီတတန်း share ကြတာမျိုး၊ ကြော်ငြာတွေတစ်ပုံတပင်လည်းမရှိ၊ Twitter လိုမျိုး အနိုင်ကျင့်စော်ကား စကားများတာမျိုး ပို့စ်တွေ ဖောင်းပွနေတာမျိုးလည်း မရှိပဲ Google+ ဟာ တိတ်ဆိတ်ငြိမ်သက်နေတဲ့ Social Network အဖြစ်ကျန်နေရစ်ခဲ့ပါတယ်။
ဒါ့ကြောင့် အဓိပ္ပါယ်ရှိတဲ့ ဆွေးနွေးမှုတွေနဲ့ အသုံးဝင်တဲ့ တုံ့ပြန်ချက်တွေပဲရှိတယ်လို့ Google+ user တွေက ဆိုကြပါတယ်။

ကြော်ငြာတွေလည်း များများစားစားမရှိ၊ စာရှည်ရှည်ရေးသားလို့လည်းရ၊ စိတ်ဝင်စားသူအချင်းချင်းသာ ဆွေးနွေးလို့ အဆင်ပြေနိုင်တာမို့ Topic တွေကို လွယ်လွယ်ကူကူ အာရုံစိုက်နိုင်တာလို့ Google+ fan တွေကပြောကြားပါတယ်။

Lewis ကတော့ Google+ ဟာ သူ့ရဲ့ ဘဝလမ်းကြောင်းတစ်ခုဖြစ်နေခဲ့ပါပြီ၊ ဒီမှာရတဲ့ တုံ့ပြန်ပြောဆိုမှုတွေ၊ အပြန်အလှန် လေးစားမှုတွေကို ဘယ်မှာမှ မရနိုင်တော့ပါဘူးဟုလည်း ပြောကြားခဲ့ပါသေးတယ်။

"Google+ Mass Migration" ဆိုတဲ့ Group ကို Lewis တည်ထောင်ခဲ့ပြီးတဲ့နောက်မှာ အဖွဲ့ဝင်ပေါင်း ၁၃၀၀ ကျော်ရရှိခဲ့ပြီး သူတို့ဟာ Google+ ကို ပိတ်ပင်တော့မည့်သတင်းနှင့်ပတ်သက်ပြီး ဝမ်းနည်းမှုတွေ၊ အမှတ်တရတွေရေးသားခဲ့ကြပြီး Google+ မရှိတော့ပါက အလားတူအသုံးပြုနိုင်မယ့် social website တွေကိုပါ အကြံပေးကြပါတယ်။ အဲ့ဒီအချိန်မှာပဲ Change.org ဆိုတဲ့ အသနားခံလွှာရေးသားနိုင်တဲ့ website ကနေတစ်ဆင့် အသနားခံသူ တစ်သောင်းရှစ်ထောင်ကျော်တို့ရဲ့ လက်မှတ်တွေနဲ့အတူ Google Plus ကို မပိတ်ဖို့ အသနားခံလွှာ ပို့ခဲ့ကြပါတယ်။ ဒါ့ကြောင့် ကုမ္ပဏီဟာ အသုံးပြုသူလူနည်းစုရဲ့ဆန္ဒအရ Google+ ကို ဆက်လက်ထားရှိရမလား၊ လုံခြုံရေးကျိုးပေါက်မှုအတွက်ပဲ ပိတ်လိုက်တော့မည်ဟု သတင်းထုတ်ပြန်ခဲ့တဲ့ ကုမ္ပဏီရဲ့ ဆုံးဖြတ်ချက်ကိုပဲ ပြင်ဆင်ရတော့မလားဆိုတာ စဉ်းစားစရာရှိလာပါတော့တယ်။

Lewis တည်ဆောက်ထားတဲ့ Group ထဲက မန်ဘာတစ်ဦးဖြစ်တဲ့ Edward Morbius ကလည်း သူ့ဘဝမှာ အရင်းနှီးဆုံး လူယုံမိတ်ဆွေတွေကို Google+ ကို အသုံးပြုရင်း တွေ့ဆုံခဲ့တာဖြစ်ကြောင်းနဲ့ သူတို့ကိုလည်း online ကနေပဲ အဆက်အသွယ်လုပ်ကြောင့် CNBC သတင်းဋ္ဌာနကို email ပို့ပြီး ပြောကြားခဲ့ပါသေးတယ်။ Google+ ပေါ်မှာ သူ့ရဲ့နာမည်အရင်းကို အသုံးမပြုပေမယ့် ခွင့်ပြုထားတဲ့အတွက် Google ကို တန်ဖိုးထားကျေးဇူးတင်ကြောင်းနဲ့ Google+ မှာ ရခဲ့တဲ့ အလေးထားဆွေးနွေးချက်တွေဟာ ဘယ် social website တွေမှာမှ မရှာတွေ့နိုင်ကြောင်းလည်း Mobius က ပြောခဲ့ပါသေးတယ်။

နေ့တွေ လတွေ နှစ်တွေကြာတဲ့ ဆွေးနွေးချက်တွေတောင်ရှိတယ်၊ ပြီးတော့ အဲ့ဒါတွေကလည်း အဖိုးတန်ကြတယ်ဟု လည်း ၎င်းက email ထဲမှာ ရေးသားခဲ့ပါတယ်။