Google ရဲ့ ကုမ္ပဏီခွဲတစ်ခုဖြစ်တဲ့ Alphabet's Verily ဟာ သွားလာလှုပ်ရှားမှု၊ အလေးချိန် နဲ့ အမှတ်မထင်လဲကျမှုကိုပါ တိုင်းတာနိုင်သိနိုင်တဲ့ ဖိနပ်ကို ထုတ်လုပ်ဖို့ ပြင်ဆင်နေကြပါပြီ။ ၎င်းဖိနပ်မှာ ကိုယ်ခန္ဓာအလေးချိန်ကို အာရုံခံနိုင်တဲ့ Sensor တွေကို တပ်ဆင်ထားကာ ကျန်းမာရေးအရ ဖြစ်နိုင်ချေများကိုတွက်ချက်ပေးပါတယ်။ အဆိုပါ sensor တွေဟာ ခန္ဓာကိုယ်အတွင်းမှာရှိတဲ့ အရည်ဓာတ်အတိုင်းအတာကို သိရှိပြီး ရုတ်တရက်တက်လာတဲ့ကိုယ်အလေးချိန်ကို တွက်ချက်ကာ နှလုံးရပ်တန့်ခြင်း၊ နှလုံးခုန်နှေးခြင်းများကို ဖော်ပြပေးနိုင်တာကတော့ စိတ်ဝင်စားစရာ ကောင်းပါတယ်။

Verily ဟာ အဆိုပါဖိနပ်အပေါ် စူးစိုက်ပြီး ထုတ်လုပ်တော့မှာဖြစ်တဲ့အလျောက် သီးသန့်တွေ့ဆုံပွဲတစ်ခုမှာ နမူနာပုံကြမ်းကို ချပြပြီး ဈေးကွက်ထဲဖြန့်ဖြူးရောင်းချဖို့အတွက် အတူတကွတွဲလုပ်ရန် developer တွေကို ရှာဖွေကမ်းလှမ်းခဲ့ပါတယ်။ အဓိက partner တွေအဖြစ် ဈေးကွက်လိုအပ်ချက်ကိုသိပြီး ဖိနပ်ဒီဇိုင်းတွေကို ပုံကြမ်းကစလို့ လူကြိုက်များမယ့်ဖိနပ်ပုံစံအထိ ထုတ်လုပ်ဖို့ အတွေ့အကြုံရှိတဲ့သူတွေကို ရှာဖွေနေတာပဲဖြစ်ပါတယ်။

Verily အဖွဲ့ဟာ ကျန်းမာရေးအထောက်အကူပြု နည်းပညာဆိုင်ရာပစ္စည်းတွေကို အဓိကထားပြီး စူးစမ်းရှာဖွေတီထွင်နေတာပဲဖြစ်ပါတယ်။ ၎င်းအဖွဲ့ရဲ့ ထင်ရှားတဲ့ပရောဂျက်တွေကတော့ "Smart Contact Lenses" နဲ့ "Smart Spoon" တို့ပါပဲ။ Smart Contact Lenses ကတော့ မျက်ရည်ကနေတစ်ဆင့် သကြားဓာတ် (ဂလူးကို့စ်) ပါဝင်မှုနှုန်းကို တွက်ချက်ပေးနိုင်တဲ့ မျက်ကပ်မှန်ဖြစ်ပြီး Novertis' eye-care division တစ်ခုဖြစ်တဲ့ Alcon နဲ့ Verily တို့ ပူးပေါင်းလုပ်ဆောင်နေတာဖြစ်ပါတယ်။ ဒီပရောဂျက်ဟာ ဆီးချို/သွေးချိုသမားတွေအတွက် အဆင်မပြေနိုင်ဘူးဆိုတဲ့ အဆိုတစ်ရပ်ကြောင့် ရပ်တန့်ထားပေမယ့် Verily ကတော့ ဒီပရောဂျက်ကို develop ဖြစ်အောင် ဆက်လက်ဆောင်ရွက်နေပါတယ်။ Smart Spoon ပရောဂျက်ကတော့ အဲ့ဒီဇွန်းနဲ့ခပ်တဲ့ အစားအသောက်တွေထဲမှာပါဝင်တဲ့ အာဟာရတွေကို တွက်ချက်ပေးပြီး ဇွန်းကို အာရုံကြောမသန်မစွမ်းဖြစ်နေတဲ့သူတွေ ကိုင်တွယ်တဲ့အခါမှာ ဖိတ်ကျမသွားအောင် ဇွန်းခွက်ရဲ့လယ်ဗယ်ကို လိုက်ညှိပေးတဲ့စနစ်ကို အသုံးပြုထားပါတယ်။