ကလေးငယ်ကို ဖုန်း၊ တီဗွီတွေ အကြာကြီးမပြသင့်

 

ကလေးငယ်တွေရဲ့မိဘတွေဟာ ကလေးတွေကို ငြိမ်နေအောင် ဖုန်းတွေ တက်ဘလက်တွေ ပေးထားတတ်ကြပါတယ်။ ကလေးတွေကလည်း စကရင်တောက်တောက်ပြောင်ပြောင်လေးမှာ အရောင်စုံလင်တဲ့ အရုပ်လေးတွေ လှုပ်ရှားနေတာမို့လို့ သဘောကျ ကြိုက်နှစ်သက်မှုကို ပြကြပါတယ်။ နောက်ပိုင်း မိဘတွေက ဖုန်းမပေးတော့ရင် ကလေးငယ်က ကလေးငယ်ရဲ့လုပ်ပိုင်ခွင့်တစ်ရပ်အနေနဲ့ ငိုပြဂျီကျပြီး ဖုန်းကို တောင်းတတ်ကြပါတယ်။ အဲ့ဒီအချိန်မှာ မိဘတွေဖြစ်သူတွေကလည်း အငိုတိတ်ရင်ပြီးရောဆိုပြီး ဖုန်းကို ပေးလိုက်ကြပါတယ်။ ဒါနဲ့ပဲ ကလေးနဲ့ဖုန်းဟာ လုံးလည်ချာလည်လိုက်လို့နေပါတယ်။ အချို့မိဘတွေဆို တစ်နာရီ နှစ်နာရီလောက်ကြာအောင် ဖုန်းကို ကလေးအနားမှာ ထားပေးတတ်ကြပါတယ်။ တစ်ချို့တွေဆိုရင် “ကလေးက ဖုန်းတွေနှိပ်တတ်တယ်၊ ဒါမျိုး ကျုပ်တို့တောင် မလုပ်တတ်ဘူး၊ သူကမှ သိသေးတယ်” ဆိုပြီး ကလေးငယ်တွေဖုန်းသုံးတတ်တာကို ဂုဏ်ယူနေတာတောင်ရှိပါသေးတယ်။ ဒါဟာ တကယ်တော့ မကောင်းပါဘူး။ တကယ့်ကို ဆိုးဆိုးဝါးဝါး မကောင်းတာပါ။ သုတေသနတွေအရ ဖုန်းနဲ့ (ဒါမှမဟုတ်) တီဗီနဲ့ အချိန်တွေဖြုန်းတတ်ကြတဲ့ ငယ်ရွယ်တဲ့ကလေးတွေဟာ သာမန်ကလေးငယ်တွေထက် သူတို့ရဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေ နှေးကွေးကြောင်း ထုတ်ပြန်ကြေညာထားပါတယ်။

no screen to a child

 

ကနေဒါမှာရှိတဲ့ ကယ်လ်ဂယ်ရီတက္ကသိုလ်ရဲ့ သုတေသနအရ တီဗွီတွေ ဖုန်းတွေကြည့်နေတတ်တဲ့ ၂ နှစ်မှ ၃ နှစ်အရွယ်ကလေးငယ်တွေဟာ ၎င်းတို့ရဲ့ ၃ နှစ်မှ ၅ နှစ်အထိ ဉာဏ်ရည်၊ ကိုယ်ကာယ၊ ပေါင်းသင်းဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုနဲ့ တိုက်ရိုက်သက်ဆိုင်နေကြောင်း တွေ့ရှိရတယ်လို့ ဆိုပါတယ်။ အဆိုပါဖွံ့ဖြိုးတိုးတက်မှုဆိုတဲ့နေရာမှာ စကားအပြောအဆိုဆိုင်ရာ၊ ပေါင်းသင်းဆက်ဆံရေးဆိုင်ရာ၊ ပြဿနာဖြေရှင်းမှုဆိုင်ရာ အစရှိတာတွေလည်းပါဝင်ပါတယ်။ ကလေးငယ်ဟာ ပုံသဏ္ဍာန်မျိုးစုံရှိတဲ့ သစ်သားတုံးလေးတွေနဲ့ ဆော့တဲ့အခါမှာ ဖြတ်ထိုးဉာဏ်အသုံးပြုပြီး ဖြေရှင်းတဲ့အချိန် ကြာမြင့်နေတတ်တယ်လို့ ဆိုပါတယ်။


ယခုလို လက်တွေ့စမ်းသပ်မှုကိုပြုလုပ်တဲ့အခါ သုတေသနပညာရှင်တွေဟာ ကနေဒါနိုင်ငံမှ ကလေးမိခင် ၂၄၄၁ ဦး နဲ့ ကလေးငယ်တွေကို ပူးပေါင်းပါဝင်စေခဲ့ပါတယ်။ သုတေသနဟာ ယခုမှစတင်တာမဟုတ်ပါဘူး။ သုတေသနစတင်ချိန် စာရင်းကောက်ယူတဲ့အခါမှာ ကလေးမိခင်တွေဟာ ၂၀၀၈ မှ ၂၀၁၀ ကတည်းက ကိုယ်ဝန်ဆောင်ခဲ့တာဖြစ်ပြီး ၎င်းတို့ကို ၂၀၁၁ မှ ၂၀၁၆ အတွင်းခေါ်ယူကာ စမ်းသပ်မှုတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဒါ့ကြောင့် ကလေးတွေရဲ့အသက်ဟာ ၂ နှစ်မှ ၅ နှစ်အတွင်း ဖြစ်ကြပါတယ်။ ကလေးငယ်မိခင်တွေအဆိုအရ ကလေးတွေကို ဖုန်းတွေ၊ တက်ဘလက်တွေ ပြတဲ့အချိန်ကာလဟာ ရုံးဖွင့်တဲ့ တနင်္လာမှ သောကြာအတွင်းနဲ့ အားလပ်ရက်တွေမှာ ပြတာပိုများတယ်လို့ ပြောပါတယ်။


သုတေသနပညာရှင်တွေရဲ့ ထပ်မံတွေ့ရှိချက်ကတော့ ဖုန်းတွေ အကြည့်များတဲ့ ၂ နှစ်အရွယ်ကလေးငယ်တွေဟာ ဖုန်းကြည့်တတ်တဲ့ ၃ နှစ်အရွယ်ကလေးငယ်တွေထက် ဖွံ့ဖြိုးတိုးတက်မှု အားနည်းပြီး ယင်း ၃ နှစ်အရွယ်ကလေးငယ်တွေဟာလည်း ဖုန်းကြည့်တဲ့ ၅ နှစ်အရွယ်ကလေးငယ်တွေထက် ရလဒ်ကောင်းနည်းကြတာကို တွေ့ရပါတယ်လို့ ဆိုပါတယ်။ ဒီစမ်းသပ်ချက်အတွင်း ကလေးငယ်တွေရဲ့
ဖုန်းကြည့်တဲ့ အချိန်တွေဟာ ပျမ်းမျှအားဖြင့် သုံးပိုင်းခွဲထားပါတယ်။ တစ်ရက်လျှင် 3.6 နာရီ (၃ နာရီ ၃၆ မိနစ်)၊ 2.4 နာရီ (၂ နာရီ ၂၄ မိနစ်) နဲ့ 1.6 နာရီ (၁ နာရီ ၃၆ မိနစ်) ဆိုပြီး ဖုန်းအသုံးပြုချိန် သုံးဆင့်ခွဲခြားကာ ရလဒ်များထုတ်ပြန်ထားတာဖြစ်ပါတယ်။


ကလေးအရမ်းငယ်နေတဲ့အချိန်မှာ ဖုန်းကိုပေးပြီး ကြည့်စေခြင်းဟာ ကလေးတွေကို အဆိပ်ခတ်နေသလိုပါပဲ။ ခဏတဖြုတ် (ဆယ်မိနစ်ခန့်) ပေးပြတာဟာ ကိစ္စမရှိပေမယ့် နာရီနဲ့ချီပြီး ပေးပြခြင်းဟာ နောက်ဆက်တွဲဆိုးကျိုးတွေကိုပဲ ဖြစ်စေနိုင်မှာပါ။ ဒါ့ကြောင့် ကယ်လ်ဂယ်ရီတက္ကသိုလ်ရဲ့ ဖုန်းအချိန်အတော်ကြာ အသုံးပြုတဲ့ကလေးငယ်တွေ ဖွံ့ဖြိုးတိုးတက်မှုနှောင့်နှေးစေကြောင်း သုတေသနက အလေးထား မီးမောင်းထိုးပြသနေခြင်းဖြစ်ပါတယ်။ AAP (American Academy of Pediatrics) ကလည်း အသက် ၁ နှစ်မှ ၂ နှစ်ခွဲအတွင်း ကလေးငယ်တွေကို TV, mobile, tablet, computer အစရှိတဲ့ Digital media အသုံးပြုခြင်းကို ရှောင်ရှားကြဖို့ တိုက်တွန်းထားပါသေးတယ်။ အသက် ၃ နှစ်မှ ၅ နှစ်အတွင်း မူကြိုအရွယ်ကလေးငယ်တွေကိုတော့ HD (high-definition) program အစီအစဉ်ကို တစ်ရက်တစ်နာရီကြာမျှပဲ အသုံးပြုသင့်ပါတယ်လို့လည်း ပြောထားပါတယ်။


မီဒီယာနဲ့ နည်းပညာလောကမှာ ကလေးတွေအတွက်ရည်ရွယ်ပြီး Review တွေနဲ့ ဆောင်ရန်ရှောင်ရန်တွေ ရေးသားနေသော၊ ကလေးများအတွက် survey တွေဆောင်ရွက်နေသော non-profit organization တစ်ခုဖြစ်တဲ့ Common Sense Media ရဲ့ report တစ်ခုမှာတော့ အသက် ၈ နှစ်အောက် ကလေးငယ်တွေဟာ တစ်ရက်ကို ဖုန်းတွေ/တီဗွီတွေ ကြည့်ရှုချိန်ပျမ်းမျှ ၂ နာရီနဲ့ ၁၉ မိနစ်ရှိနေပြီလို့ ဖော်ပြထားပါတယ်။ အမေရိကန်ရဲ့ အမျိုးသားဆေးဝါးစာကြည့်တိုက်ရဲ့ report တစ်ခုမှာတော့ အမေရိကန်မှာရှိတဲ့ကလေးငယ်တွေဟာ တီဗွီကြည့်ခြင်း၊ ကွန်ပျူတာသုံးခြင်း၊ ဂိမ်းကစားခြင်း အစရှိတဲ့ screen ရှေ့မှာ တစ်ရက်ကို ၅ နာရီမှ ၇ နာရီအထိတောင် အချိန်ဖြုန်းနေကြတယ်လို့ ဆိုပါတယ်။


ယခုလို ကယ်လ်ဂယ်ရီတက္ကသိုလ်က ပြုလုပ်ချပြခဲ့တဲ့ သုတေသနဟာ screen အသုံးပြုမှုကြာချိန်နဲ့ ကလေးတွေရဲ့အနာဂါတ်ဖွံ့ဖြိုးတိုးတက်မှုအတွက် အချက်များနဲ့တကွ နှိုင်းယှဉ်ပြခြင်းဟာ ပထမဦးဆုံးပဲဖြစ်ပါတယ်။ ဒါပေမယ့် သုတေသီများရဲ့အဆိုအရ ဖုန်း တီဗွီ screen အလွန်အမင်းကြည့်ခြင်းဟာ ကလေးငယ်တွေရဲ့ဖွံ့ဖြိုးတိုးတက်မှုနှေးကွေးခြင်းသာ မဟုတ်ပါဘူးတဲ့။ ကလေးတွေရဲ့ အိပ်ချိန်တွေ လျော့သွားစေမယ်၊ မိဘတွေနဲ့ အတူနေတဲ့အချိန်တွေ လျော့သွားစေမယ်၊ ပြီးတော့ ကလေးတွေရဲ့ ဆောင်ရန်/ရှောင်ရန်တွေ ဗဟုသုတတွေပေးတဲ့ ကလေးစာအုပ်တွေဖတ်ဖို့ အချိန်တွေ နည်းသွားစေမယ်၊ အစရှိတာတွေကြောင့် ကလေးတွေရဲ့ မြင့်မားတဲ့ IQ ကိုပါ ထိခိုက်စေသွားနိုင်ပါတယ်တဲ့။


အဆိုပါသုတေသနမှာ မိဘတွေဟာ ကလေးတွေနဲ့အတူတူစာဖတ်ခြင်းကြောင့် အရေး/အဖတ်စွမ်းရည်တွေရဲ့ အခြေခံဖြစ်တဲ့ နားထောင်စွမ်းရည်၊ စာလုံးပေါင်းစွမ်းရည်၊ စာဖတ်စွမ်းရည်နဲ့ ဝေါဟာရစွမ်းရည်တွေ တိုးတက်လာနိုင်ကြောင်းကိုလည်း ဖော်ပြခဲ့ပါသေးတယ်။ ယခုကဲ့သို့ စာဖတ်ကြခြင်းကြောင့် အနာဂါတ်ကာလမှာ စာဖတ်ချင်တဲ့စိတ်ကိုလည်း တိုးမြှင့်ပေးစေနိုင်ပါတယ်။


အခြားသုတေသနတစ်ခုကလည်း မိဘတွေဟာ ကလေးတွေကို digital media အသုံးပြုမှု ကန့်သတ်ပေးလိုက်ခြင်းဟာ ကလေးတွေရဲ့ ကျန်းမာရေးနဲ့ ကောင်းမွန်တဲ့အပြုအမူ အလေ့အကျင့်တွေကို ချီးမြှောက်ပေးရာရောက်ပါတယ်လို့ဆိုပါတယ်။ အဲ့ဒီသုတေသနကတော့ အမေရိကန်ဆေးဝါးညွန့်ပေါင်းအဖွဲ့အစည်းကထုတ်တဲ့ ဂျာနယ်ထဲမှာ ရေးသားဖော်ပြခဲ့တာဖြစ်ပါတယ်။

ယခုခေတ်မှာ ငယ်ရွယ်တဲ့ကလေးတွေငြိမ်နေစေဖို့ ကလေးတွေကို ဖုန်းတွေ၊ တက်ဘလက်တွေ သီးသန့်ဝယ်ပေးထားတာကို တွေ့နေ၊ မြင်နေကြရပါတယ်။ ကျန်းမာရေးဘက်ကပဲကြည့်ကြည့်၊ လူမှုပေါင်းသင်းဆက်ဆံရေးဘက်ကပဲကြည့်ကြည့် အသက် ၁၁ နှစ်အရွယ်ရောက်မှသာ အသုံးပြုဖို့ပေးထားသင့်ပါတယ်။ ကလေးတွေကို ကလေးဖြစ်ခွင့်ပဲပေးတာ အကောင်းဆုံးပါ။ ကလေးတွေနဲ့ အတူတူစာဖတ်ကြ၊ အတူတူ ကစားကြရင် သူတို့ စိတ်ထဲမှာ လုံခြုံပြီး ပျော်ရွှင်ဖွယ်ရာဖြစ်နေမှာပါ။ အရွယ်ရောက်သူတွေအသုံးပြုတဲ့ပစ္စည်းတွေကို အရွယ်ရောက်မှသာ အသုံးပြုခွင့်ပေးကြဖို့ပဲ လိုပါတယ်။

Let the child play - no screen time

Image sources : ပုံတွေကိုတော့ အင်တာနက်မှ ရှာဖွေဖော်ပြပေးထားခြင်းဖြစ်ပါတယ်။

 

ကဲ ...

Taungoo.Net ပရိသတ် မိဘများကလည်း မိမိတို့ရဲ့ သားငယ်/သမီးငယ်တွေ၊ တူငယ်တွေ၊ တူမငယ်တွေကို ဖုန်းပေးသုံးတာ၊ တီဗွီအကြာကြီးပေးကြည့်တာ မကောင်းဘူးဆိုတာကို ခြုံငုံသုံးသပ်မိမှာပါ။ ဒီတော့ ကလေးတွေရဲ့အနာဂါတ်ကောင်းမွန်ဖို့၊ လူ့အဖွဲ့အစည်းမှာ ဝင်ဆန့်စေဖို့ ငယ်ရွယ်စဉ်အချိန်မှာ Digital Media အသုံးပြုတာတွေကို ကန့်သတ်လိုက်ကြဖို့ တိုက်တွန်းလိုက်ပါတယ်ခင်ဗျာ။

ကလေးငယ်တွေရဲ့ဘဝတွေ လှပ သာယာကြပါစေဗျာ ...