နည်းပညာတစ်ခေတ်ကို ဦးဆောင်ခဲ့တဲ့ Apple ကို ကြားလိုက်ရရင်ဖြင့် ကျွန်တော်တို့ဟာ (၂၀၁၁ မှာ ကွယ်လွန်ခဲ့တဲ့) Steve Jobs (Steven Paul Jobs) ကို မမြင်ဖူး၊ မတွေ့ဖူးရင်တောင်မှ သူ့နာမည်ကို တပါတည်း တွဲသိကြပါတယ်။


ဒါပေမယ့် Apple ရဲ့ အများနဲ့မတူ တမူထူးခြားတဲ့ ကုန်ပစ္စည်းတွေဖြစ်ပေါ်လာဖို့ နောက်တန်းကနေ ပါဝင်ဆောင်ရွက်ခဲ့တဲ့သူတွေကိုလည်း ချန်ထားလို့မရပါဘူး။ 1992 ခုနှစ် စက်တင်ဘာလကတည်းက စတင်လို့ Apple ကုမ္ပဏီမှာ အနှစ်သုံးဆယ်တိုင် ကာလရှည်ကြာစွာ လုပ်ဆောင်ခဲ့တဲ့ Chief Design Officer (CDO) Jony Ive ဟာ ၎င်းရဲ့ကိုယ်ပိုင်ကုမ္ပဏီထူထောင်ဖို့ရာ Apple မှ ယခုနှစ်အကုန်ပိုင်းလောက်မှာ ထွက်မယ်လို့ သတင်းတစ်ခုမှာ ဖော်ပြထားပါတယ်။ Ive ဟာ Apple မှ အနားယူမှာဖြစ်ပေမယ့် LoveFrom လို့ အမည်ပေးထားတဲ့ ဒီဇိုင်းကုမ္ပဏီ အနေနဲ့ Apple ရဲ့ အရေးကြီးပရောဂျက်တွေကို ဆောင်ရွက်နေဦးမှာ ဖြစ်ပါတယ်လို့ Apple က ပြောပါတယ်။

Jony Ive and Tim Cook

Jony Ive ဟာ Steve Jobs ရွေးချယ်ခဲ့တဲ့ အားကိုးအားထားပြုရတဲ့ အကောင်းဆုံးဆိုတဲ့ ဝန်ထမ်းတွေထဲက အကောင်းဆုံးကျန်ရှိတဲ့သူတစ်ယောက်ပါ။ Apple ရဲ့ ထိပ်တန်းထုတ်ကုန်တွေဖြစ်တဲ့ iPhone, iPod, iPad နဲ့ iMac တွေဟာ သူ့ဒီဇိုင်းလက်ရာတွေဖြစ်သလို iOS 7 ကို develop လုပ်တဲ့နေရာမှာလည်း ပါဝင်ခဲ့ပါတယ်။ ဒါ့အပြင် Apple Park လို့ သိကြတဲ့ ကယ်လီဖိုးနီးယားမှာရှိတဲ့ Apple ရုံးချုပ်ကြီးကို တည်ဆောက်တဲ့နေရာမှာလည်း ပါဝင်ခဲ့ပါသေးတယ်။ သူ့ရဲ့ လက်ရာတွေဟာ Apple product တွေအပေါ် အနုပညာနဲ့ နည်းပညာကို ရောမွှေပြီး အသုံးပြုသူတွေဘဝင်ခိုက်အောင် ဆောင်ရွက်နိုင်ခဲ့တာ အထင်အရှားပါပဲ။

ဒါ့ကြောင့် Gizmochina ရဲ့ ဆောင်းပါးတစ်ပုဒ်ထဲက သူ့ရဲ့အထင်ရှားဆုံးလက်ရာဆယ်ခုကို စာရှုသူတို့ သိရှိရလေအောင် Taungoo.Net ကနေ စုဆည်းတင်ဆက်ပေးပါရစေ ...

 

 

1. iMac G3


Apple ရဲ့ အရောင်စုံလင်လှတဲ့ iMac ဒီဇိုင်းအသစ်တစ်ခုဖြစ်ခဲ့ပါတယ်။ အပြာရောင်နဲ့ရွှေရောင်ကို  ရောစပ်ထားတဲ့ blonde blue အရောင်နဲ့ စတင်ထွက်ရှိခဲ့ပေမယ့် လူကြိုက်များတာကြောင့် နောက်ထပ် အရောင်ဆယ်မျိုးနဲ့ ထပ်ထုတ်ခဲ့ရပါတယ်။ Steve Jobs ကတောင်မှ “တခြားဂြိုလ်ကလာတဲ့  စက်တစ်မျိုးလိုပဲ၊ ဒါပေမယ့် ဒီဇိုင်းပိုကောင်းတယ်” လို့ သမုတ်ခဲ့ပါသေးတယ်။ ဒါ့အပြင် ယခု iMac G3 ကြောင့် 1990 နှောင်းပိုင်းမှာကြုံရတဲ့ စီးပွားပျက်ကပ်ထဲကနေ Apple ကို ဆွဲတင်နိုင်ခဲ့ပါတယ်။ Floppy Drives တွေကိုဖယ်ရှားပြီး USB connectors တွေကို စတင်သုံးစွဲခဲ့တဲ့ ကွန်ပျူတာလည်း ဖြစ်ခဲ့ပါတယ်။

 

2. iMac G4


Jony Ive ဟာ အနာဂါတ် device တွေကို တည်ဆောက်ဖို့ စိတ်အားထက်သန်နေခဲ့ပါတယ်။ သူဟာ Apple အတွက် ဒီဇိုင်းအသစ်တွေထုတ်ဖို့ ကြိုးစားနေခဲ့ပါတယ်။ ဒါ့ကြောင့် iMac G3 ထုတ်ပြီးတဲ့နောက်မှာ ကွန်ပျူတာကို ကျုံ့စေဖို့ ဒီဇိုင်းဆွဲခဲ့ပြီး iMac G4 ကို ထုတ်လုပ်နိုင်ခဲ့ပါတယ်။

 

3. iBook G4 Laptop


MacBook Laptop တွေ မတိုင်ခင်မှာထွက်ရှိခဲ့တဲ့ iBook ဟာ ၎င်းရဲ့ ကျစ်လစ်ပြီးကောင်းမွန်လှတဲ့ဒီဇိုင်းကြောင့် ကမ္ဘာအနှံ့က သုံးစွဲသူတွေရဲ့ သည်းခြေကို ကိုင်လှုပ်နိုင်စွမ်းရှိခဲ့ပါတယ်။ အရောင်တောက်တောက်တွေအစား အဖြူရောင်ဖျော့ဖျော့ကို အသုံးပြုပြီး အလွယ်တကူသယ်ယူသွားလို့ရအောင် ကွန်ပျူတာမှာ Keyboard, Mouse (Mousepad) နဲ့ Battery ကို တပ်ဆင်ခဲ့တာပဲဖြစ်ပါတယ်။ iBook G4 ကို 2003 October 22 မှာ ထွက်ရှိခဲ့ပြီး 2005 တိုင်သည်အထိ upgrade အမျိုးမျိုးပြောင်းလဲကာ ထုတ်လုပ်နိုင်ခဲ့သည်အထိ အောင်မြင်ခဲ့ပါတယ်။

 

4. iPod Music Player

ကျွန်တော်တို့ ခပ်ငယ်ငယ်ကျောင်းသားဘဝက ခါးမှာချိတ်ပြီး နားကြပ်နဲ့ သီချင်းနားထောင်လို့ရတဲ့ Sony Walkman ကက်ဆက်ငယ်လေးတွေကို သဘောကျငေးမောခဲ့ဖူးပါတယ်။ နောက်တော့ Compact Disc (CD) စီဒီချပ်တွေရဲ့ခေတ်ရောက်လာတယ်။ သီချင်းကျော်ဖို့အတွက် အခွေရစ်နေစရာမလိုတော့ဘူး။ အဲ့ဒါလည်း သွားရည်ကျခဲ့ရဖူးတယ်။ ပြီးတဲ့နောက်မှာတော့ MP3 Player လေးတွေပေါ်လာတယ်။ AAA size ဓာတ်ခဲတစ်လုံးထည့်ပြီး သီချင်းနားထောင်လို့ရတဲ့ တရုတ်က MP3 player လေးတွေ မြန်မာနိုင်ငံထဲ ဝင်လာတယ်။ 128MB, 512MB, 1GB အစရှိတဲ့ storage မျိုးစုံနဲ့။ အဲ့ဒါကိုလည်း သဘောကျခဲ့ဖူးတယ်။ အဲ့ဒီနောက်မှာတော့ လူငယ်တစ်ယောက်က iPod Classic တစ်လုံးကိုင်တာမြင်တော့ အတော်လေးကို စိတ်ဝင်စားခဲ့မိပါတယ်။ သီချင်းတွေအများကြီးဆန့်တယ်၊ မျက်နှာပြင်မှာ ဘယ်သီချင်းကို ဘယ်လိုကျော်ရမလဲ၊ loop ဘယ်လိုလုပ်မလဲ ရှင်းရှင်းလင်းလင်းမြင်ရတယ်။

အဲ့ဒီ iPod ရဲ့ နောက်ကွယ်က ဒီဇိုင်နာကလည်း Jony Ive ပါပဲ။ iPod ဟာ Sony Walkman နဲ့ တခြား CD Player တွေကို အလဲထိုးနိုင်ခဲ့ပါတယ်။ သူက CD Player တွေရဲ့ size ဖြစ်တဲ့ CD ပြားတစ်ချပ်ရဲ့ဆိုဒ်ထက်ကို သေးငယ်တယ်၊ ပေါ့ပါးတယ်၊ အပြင်အဆင်လှပတယ်၊ စီဒီတစ်ချပ်မှာဆန့်တဲ့ သီချင်းအရေအတွက်တွေထက် အများကြီးပိုဆန့်တယ်၊ သီချင်းအသံထွက်ကလည်းကောင်းတယ်၊ စီဒီတွေလို လွယ်လွယ်ကူကူနဲ့ မပျက်စီးနိုင်ဘူး၊ iTunes ကို သုံးပြီး သီချင်းတွေကို ပြောင်းပြီး နားထောင်နိုင်တယ်၊ စတဲ့ စတဲ့ အားသာချက်တွေကြောင့် iPod ဟာ ပြိုင်ဘက်ကင်းဘဝကို ရောက်ရှိခဲ့ပါတယ်။

 

5. iPod Mini


iPod ဟာ လူကြိုက်များ၊ အရောင်းသွက်တာကြောင့် Jony Ive ဟာ iPod Mini ကို ထပ်ထုတ်ဖို့ ဖြစ်လာရပါတယ်။ iPod Mini ဟာ ပိုသေးပြီး ပေါ့ပါးလွန်းတာကြောင့် သီချင်းချစ်သူပရိသတ်အကြားမှာ ချက်ချင်းကိုပဲ ရေပန်းစားခဲ့ရပါတယ်။ ပြီးတော့ iPod Mini ဟာ သွက်လက်တဲ့ လူငယ်ကြိုက် အရောင်နုနုလေးတွေနဲ့လည်း ထုတ်ခဲ့တာဖြစ်ပါတယ်။ Steve Jobs ကတောင်မှ တော်တော်လှတာပဲလို့ ထုတ်ဖော်ချီးကျူးရပါတယ်တဲ့။

 

6. iPhone


ယနေ့ခေတ်အချိန်မှာ Apple ဆိုရင် iPhone ကို တန်းပြီး ပြေးမြင်မိကြတာ အမှန်ပါပဲ။ တယ်လီဖုန်းမိုဘိုင်းဖုန်းဆိုတာနဲ့ ခလုတ်တွေအများကြီးပါတဲ့ ခလုတ်ဖုန်းတွေနဲ့ အလုပ်ရှုပ်နေကြတုန်းမှာ Apple ဟာ မျက်နှာပြင်တစ်ခုလုံးကို ထိတွေ့ကာ လုပ်ဆောင်နိုင်မယ့် touch-screen mobile အဖြစ် iPhone ရဲ့ ပထမမျိုးဆက်ကို ထုတ်ဖော်မိတ်ဆက်ခဲ့ပါတယ်။ ဒါကိုတွေ့လိုက်တော့ လူတိုင်းလူတိုင်းဟာ အံ့သြဘနန်းဖြစ်သွားရရှာပါတယ်။ 3.5 လက်မ မျက်နှာပြင်လေးပေါ်မှာ ဆန်းသစ်တီထွင်ထားတဲ့ နည်းပညာအပြည့်နဲ့ပဲကိုး။ ဒီ iPhone ဟာ smartphone လောကကို လှုပ်နှိုးလိုက်သလိုပါပဲ။ iPhone 1st generation ရဲ့ လက်ရာဟာလည်း Jony Ive ရဲ့ masterpiece ပါပဲ။

 

7. iPad


9.7 လက်မ မျက်နှာပြင်ရှိပြီး လှပကျော့ရှင်းပေါ့ပါးတဲ့ iPad ကို အပန်းဖြေဖွယ်ရာ entertainment နဲ့ လုပ်ငန်းခွင် business သုံးအတွက် ထုတ်လုပ်လိုက်ပါတယ်။ ဒါဟာလည်း Jony Ive အတွက် ဂုဏ်ထူးဝင် ပရောဂျက်တစ်ခု ဖြစ်ခဲ့ပါတယ်။

 

8. iOS 7


Apple ရဲ့ hardware ဒီဇိုင်းတွေထုတ်လုပ်နေတဲ့ Jony Ive ဟာ software ဒီဇိုင်းဘက်ကို လှည့်ခဲ့ပါတယ်။ 2013 မှာ ထွက်ရှိမယ့် iOS 7 operating system အတွက် ၎င်းဟာ ကူညီခဲ့ပါတယ်။ Apple ရဲ့ mobile operating system ဖြစ်တဲ့ iOS 7 ဟာ ကြီးမားတဲ့ အပြောင်းအလဲတွေနဲ့ iOS တွေရဲ့ အချိုးအကွေ့တစ်ခုဖြစ်ခဲ့ပါတယ်။ ယခင် iOS တွေထက် စတိုင်ကျလှပသွားတယ်၊ ရှင်းလင်းသွားတယ်၊ အရောင်အယူအဆတွေ ပိုကောင်းလာတယ်၊ notification style တွေ ပြောင်းလဲသွားတယ်၊ သုံးစွဲသူတွေသဘောကျစွဲမက်လောက်သည်အထိ အတော်များများကို ပြောင်းလဲခဲ့နိုင်ပါတယ်။ Jony Ive  ဟာ ရိုးရှင်းလှပဆိုတဲ့အနုပညာကို ကျွန်တော်တို့ဆီ အမြင်တစ်မျိုးနဲ့ ချပြလိုက်တာပါပဲ။

 

9. Apple Watch


Apple ရဲ့ နောက်ထပ်နာမည်ကြီး ကုန်ပစ္စည်းတစ်ခုဖြစ်တဲ့ Apple Watch လက်ပတ်နာရီကို 2014 မှာ မိတ်ဆက်ခဲ့ပါတယ်။ ကျန်းမာရေးအထောက်အကူပြုဖြစ်ရုံသာမက အခြား function တွေပါ အသုံးပြုလို့ ရအောင် တီထွင်ဒီဇိုင်းဆွဲခဲ့တာဖြစ်ပါတယ်။ Stainless steel အသုံးပြုထားတဲ့ နာရီအိမ်၊ လေးထောင့်ပုံစံ မျက်နှာပြင်၊ Digital အသုံးပြုထားခြင်း၊ iPhone နဲ့ ချိတ်ဆက်အသုံးပြုနိုင်ခြင်း၊ ပြောင်းလဲဝတ်ဆင်လို့ရတဲ့ နာရီကြိုး၊ အစရှိတာတွေနဲ့ အဲ့ဒီအချိန်ကာလတုန်းက အကောင်းဆုံး စတိုင်လ်အကျဆုံး wearable item အဖြစ် ရပ်တည်နိုင်ခဲ့တာပါ။

 

10. Apple Park

ကြီးကျယ်ခမ်းနားလှတဲ့ Apple ရဲ့ ရုံးချုပ်ဖြစ်တဲ့ Apple Park ကိုလည်း Jony Ive က ဒီဇိုင်းဆွဲခဲ့တာပါ။ ရုံးချုပ်အသစ်အတွက် ကြံစည်ခဲ့တာကတော့ Steve Jobs နဲ့ Jony Ive နှစ်ယောက်စလုံးပါ။ Jony Ive ဟာ ၎င်းရဲ့ အကြံသစ် စိတ်ကူးသစ်တွေပံ့ပိုးပေးခဲ့ပါတယ်။ Apple Park ကို 2017 မှာ ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ ဝန်ထမ်းပေါင်း တစ်သောင်းနှစ်ထောင်မက ဆန့်တဲ့ ရုံးချုပ်ကို 2,800,000 square feet (260,000 square meters) ကျယ်တဲ့ ပရဝုဏ်အတွင်းမှာ တည်ဆောက်ခဲ့ပြီး သဏ္ဍာန်ကတော့ စက်ဝိုင်းပုံပါ။ Jony Ive ဟာ Apple product တွေရဲ့ ဒီဇိုင်းကိုဆွဲခဲ့ရုံမျှမက ကယ်လီဖိုးနီးယားမှာရှိတဲ့ စီလီကွန်တောင်ကြားက Cupertino city လို့သိကြတဲ့ Apple ရုံးချုပ် Apple Park ကိုပါ ဖန်တီးနိုင်တဲ့သူတစ်ယောက် ဖြစ်ခဲ့ပါတယ်။

 

Taungoo.Net မှနေပြီး ရှာဖွေတင်ဆက်ပေးလိုက်ကာ ပုံ နှင့် အချက်အလက်များကို အင်တာနက်သတင်းဋ္ဌာနများမှ စုဆောင်းတင်ပြအပ်ပါတယ်။

ပြန်လည်ကူးယူဖော်ပြချင်ရင်တော့ Credit: Taungoo.Net ဟု ထည့်သွင်းဖော်ပြပေးပါရန် တောင်းဆိုအပ်ပါတယ်ခင်ဗျာ။