Google ဟာ Android ဖြန့်ချီမှုဇယားကို ပြီးခဲ့တဲ့ရက်ပိုင်းကမှ ကြေငြာလိုက်ပါတယ်။ ဒီဇယားဟာ ခြောက်လကျော်အကြာမှ ပြန်လည်ကြေငြာတာဖြစ်ပြီး ဇယားအရ Android မှ ဖြန့်ချီခဲ့တဲ့ version တွေကို အသုံးပြုသူ ရာခိုင်နှုန်း မည်မျှရှိပြီဆိုတာ အကြမ်းဖျဉ်းဖော်ပြထားပါတယ်။

Android 9 တဖြစ်လဲ Android Pie ကို ၂၀၁၈ သြဂုတ်လက စတင်ဖြန့်ချီခဲ့ပေမယ့် ၂၀၁၈ အောက်တိုဘာလအထိ Android Pie ကို အသုံးပြုတဲ့ဖုန်းတွေ များများစားစား မရှိသေးပါဘူး။ ဒါပေမယ့် ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ထုတ်ပြန်ခဲ့တဲ့ ဇယားအရ Android Pie အသုံးပြုတဲ့ device တွေဟာ 10.4 ရာခိုင်နှုန်းအထိတက်လာတာကို မြင်ရပါတယ်။ ၂၀၁၇ သြဂုတ်လက စတင်ဖြန့်ချီခဲ့တဲ့ Android Oreo (Android 8.0 and 8.1) ဟာ ၂၀၁၈ မေလအထိ အသုံးပြုသူ 4 ရာခိုင်နှုန်းသာ ရှိခဲ့တာကြောင့် မိုဘိုင်းနဲ့ အခြားအီလက်ထရောနစ်ပစ္စည်း ထုတ်လုပ်သူတွေဟာ android version အသစ်ကို ပိုမိုလျင်မြန်စွာ update လုပ်လာနိုင်တာကို မျက်ဝါးထင်ထင်မြင်နိုင်ပါတယ်။ ဒါဟာ Project Treble ရဲ့ အကျိုးသက်ရောက်မှုပါပဲ။

Project Treble ဆိုတာကို အတိုချုံးပြောပြရရင်တော့ Android Oreo (Android 8.0) မှာ စတင်ထည့်သွင်းခဲ့တဲ့ project ပါ။ Oreo မှာ OS framework ကို ကြီးမားတဲ့ အပြောင်းအလဲအဖြစ် ပြန်လည်ရေးဆွဲထားပါတယ်။ Project Treble ဟာ device တွေကို လျင်လျင်မြန်မြန်နဲ့ လွယ်ကူစွာ update လုပ်နိုင်ဖို့ အဓိကရည်ရွယ်ခဲ့ပြီး ၎င်းအလုပ်လုပ်နေတာကိုလည်း သုံးစွဲသူတွေ မမြင်တွေ့နိုင်ပါဘူး။ ယခင် Android ဒီဇိုင်းဆွဲထားပုံက Android update ဖြစ်မှ vendor အပိုင်းဖြစ်တဲ့ OEM ကို တွဲပြီး update လုပ်နိုင်ခဲ့ပေမယ့် ယခု Android Oreo ထဲမှာ OEM အပိုင်းကို ခွဲထုတ်လိုက်ပါတယ်။ ဒါ့ကြောင့် အဓိက Android OS ကို update မလုပ်သေးခဲ့ရင်တောင်မှ vendor ရဲ့ OEM အပိုင်းတွေကို update လုပ်ပေးနိုင်တာကြောင့် သုံးစွဲသူတွေရဲ့ လိုအပ်ချက်တွေကို လျင်လျင်မြန်မြန်နဲ့ firmware update တွေထုတ်ပြီး ဖြေရှင်းပေးနိုင်လာခဲ့ပါတယ်။

 

Android 7 & 7.1 Nougat အသုံးပြုသူဦးရေဟာ ယခင် 28.2 ရာခိုင်နှုန်းမှ 19.2 ရာခိုင်နှုန်းကိုသော်လည်းကောင်း၊ Android 6 Marshmallow ဟာ 21.3 ရာခိုင်နှုန်းမှ 16.9 ရာခိုင်နှုန်းကိုသော်လည်းကောင်း၊ Android 5 & 5.1 Lollipop ဟာ 17.9 ရာခိုင်နှုန်းမှ 14.5 ရာခိုင်နှုန်းကိုသော်လည်းကောင်း၊ Android 4.4 KitKat ဟာ 7.6 ရာခိုင်နှုန်းမှ 6.9 ရာခိုင်နှုန်းကိုသော်လည်းကောင်း၊ Jelly Bean ဟာ 3 ရာခိုင်နှုန်းမှ 2.2 ရာခိုင်နှုန်းကိုသော်လည်းကောင်း ကျဆင်းသွားပြီး ကနဦး Android version တွေဖြစ်တဲ့ Ice Cream Sandwich နဲ့ Gingerbread တွေဟာတော့ 0.3 ရာခိုင်နှုန်းမှာပဲ ဆက်လက်တည်ရှိနေပါတယ်။ ဒါဟာ Android Oreo နဲ့ Android Pie တို့အသုံးပြုထားတဲ့ mobile device တွေ များပြားလာတာနဲ့အမျှ Android Oreo အသုံးပြုသူတွေဟာလည်း Android Pie ကို လျင်မြန်စွာ update လုပ်နိုင်လာနိုင်လို့ပဲဖြစ်ပါတယ်။

 

Google ဟာ ယခုစာရင်းထုတ်ပြန်ဖို့ ကြားထဲမှာ အချိန်ခြောက်လကြာခဲ့ပါတယ်။

 

ဒါကတော့ ကြားထဲမှာ Android Version အသစ် မထုတ်တော့လို့ Google ရဲ့ data feed ဟာ အချက်အလက်ပြောင်းလဲမှုတွေ မရခဲ့တာပါ။ ကုမ္ပဏီဟာ နောက်ထုတ်မယ့် version အသစ်ဟာ သုံးစွဲသူတွေရဲ့ ပြဿနာတွေကို ဖြေရှင်းရုံတင်မက ကြီးမားတဲ့ ဆန်းသစ်မှုကိုတွေပါ ထပ်ပေါင်းထည့်ပေးချင်တာကြောင့် minor update မရှိခဲ့လို့ပါ။ (ယခင်ကဆိုရင် Android 7.0 ထုတ်တယ်၊ issue တွေရှိလို့ Android 7.0.1 ထုတ်တယ်၊ အနည်းငယ်ထပ်ထည့်ချင်လို့ Android 7.0.2 ထုတ်တယ်၊ အစရှိသဖြင့် minor updated version တွေ များခဲ့ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ minor တွေ သိပ်မထုတ်ဖြစ်တော့လို့ အချိန်ခြောက်လအထိ ကြာမြင့်ခဲ့တာပဲဖြစ်ပါတယ်။)

Google ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ယောက် ပြောကြားတာကတော့ Google ဟာ အသုံးပြုသူတွေအပေါ် ပိုမိုကောင်းမွန်တဲ့ ဆန်းသစ်တဲ့ version တွေကိုပဲ ထုတ်ပေးချင်ပါတယ်လို့ပြောကြားခဲ့ပါတယ်။ ဒါကြောင့် ဒီလို version အသစ်တွေထုတ်ဖို့ အချိန်တွေ အတော်ယူရနိုင်ပါတယ်လို့ ဆိုပါတယ်။ Android distribution အသစ်တွေထုတ်တာ နည်းတာကြောင့် ၂၀၁၉ ဇွန်လမှာလည်း report
ကိန်းဂဏန်းအသစ်တွေ မြင်ရဖို့ မျှော်လင့်စရာတော့မရှိပါဘူး။ ဒါပေမယ့်လည်း Version အသစ်ထုတ်တဲ့အခါ ကောင်းမွန်လှပတဲ့ အပြောင်းအလဲများနဲ့ ကိန်းဂဏန်းကို မြင်တွေ့ရမှာတော့ အသေအချာပါပဲ။ Google ဟာ Android 10.0 အတွက် ပြင်ဆင်နေပြီဖြစ်ပြီး လက်ရှိအခြေအနေမှာ နာမည်အနေနဲ့ကတော့ Android Q လို့ ပေးထားပါတယ်။

 

ယခု Graph ပုံအားကြည့်လျှင် Android version အဟောင်းတွေကို အသုံးပြုထားတဲ့ devices တွေကို အသုံးပြုသူတွေရှိနေသေးတာကို တွေ့ရမှာပါ။ ၎င်းအသုံးပြုတွေဟာ mobile တစ်လုံးတည်းကို အချိန်ကြာမြင့်စွာကိုင်ဆောင်တာကြောင့်လည်း Android version အဟောင်းတွေရဲ့ အသုံးပြုမှု မြင့်တက်နေတာဖြစ်သလို mobile device ထုတ်လုပ်တဲ့ကုမ္ပဏီတွေရဲ့ Flagship Phone တွေ ဈေးကြီးတာကြောင့်လည်း ဖုန်းအဟောင်းပဲ သုံးနေကြသူတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ တန်ဖိုးနည်းဖုန်းတွေဟာလည်း firmware update သိပ်မလုပ်တာကြောင့်လည်း ပါနိုင်ပါသေးတယ်။