စည်းကမ်းနဲ့ ဥပဒေဆိုတာ ကျွန်တော်တို့လို နိုင်ငံသားတွေအတွက် လိုက်နာကျင့်သုံးရမယ့်တာဝန်ရှိပါတယ်။ စည်းကမ်းတို့ ဥပဒေတို့ဆိုတာဟာလည်း အမြောက်အများရှိပါတယ်။ ရောမရောက်ရင် ရောမလိုကျင့်ဆိုတဲ့အတိုင်း သူ့နယ် သူ့နိုင်ငံအလိုက် ဥပဒေတွေဆိုတာ မတူညီတာတွေလည်း များပါတယ်။ ဒါပေမယ့် ကမ္ဘာပေါ်က တစ်ချို့ တစ်ချို့သောနေရာတွေက ဥပဒေအချို့ဟာ မလိုအပ်ပဲ (ဒါမှမဟုတ်) ယုံကြည်ရခက်ခက်နဲ့ ထူးထူးဆန်းဆန်းတွေရှိတတ်ကြပါတယ်။ ဒီတော့ Taungoo.Net က Top 10 list ထဲကို ထည့်ပါရစေ။

၁။ အီတလီမြောက်ပိုင်းက မီလန်ဆိုတာကို မြန်မာနိုင်ငံက ဘောလုံးနဲ့ မစိမ်းတဲ့သူတွေ သိလောက်ပါရဲ့။ (အေစီမီလန်တို့၊ အင်တာမီလန်တို့) အဲ့ဒီမှာ ထူးဆန်းတဲ့ဥပဒေတစ်ခုရှိတယ်တဲ့။ မြို့သားတွေဟာ အသုဘ (ဒါမှမဟုတ်) ဆေးရုံကို သွားရောက်တဲ့အချိန်မဟုတ်ရင် လူတောသူတောမှာ မျက်နှာထားမှုန်တေတေနဲ့ မနေရပါဘူးတဲ့။ တရားမဝင်ဘူးတဲ့နော်။ (ရည်းစားနဲ့စိတ်ကောက်ရင် လူကြားထဲမှာ လာမနေပါနဲ့ဗျာ၊ တော်ကြာ ရုံးရောက် ဂါတ်ရောက် ဖြစ်ရချည်ရဲ့)

 

၂။ စင်္ကာပူမှာကတော့ ပီကေ (Chewing Gum) ဝါးစားနေတာက တရားမဝင်ပါဘူးတဲ့။ ဒါ့ကြောင့် ပီကေကို မယူရဘူး၊ မရောင်းရဘူးလို့ စည်းကမ်းထုတ်တားပါသတဲ့။ သူတို့ပြောတာကတော့ ပတ်ဝန်းကျင်ကို သန့်ရှင်းအောင်လို့ပါတဲ့။ (ပြောမရဘူးလေ၊ တချို့က ပီကေဝါးလို့အားရရင် တွေ့ကရာ ထိုင်ခုံတို့ နံရံတို့မှာကပ်ထားခဲ့တာတို့၊ လမ်းမပေါ် ထွေးခဲ့တာတို့ လုပ်တတ်ကြလွန်းလို့လေ)

၃။ မက္ကဆီကိုမှာကတော့ စက်ဘီးသမားတွေအတွက် ထုတ်ထားတဲ့ ဥပဒေတဲ့ဗျ။ စက်ဘီးစီးနေရင်းနဲ့ စက်ဘီးခြေနင်းနဲ့ ခြေထောက်နဲ့ ခွာပြီးမစီးရတဲ့။ ဟုတ်တော့လည်း ဟုတ်တာပဲ။ စက်ဘီးကို မထိန်းနိုင် မသိမ်းနိုင် ဖြစ်မှာစိုးလို့လေ။

၄။ ဆွစ်ဇာလန်မှာကတော့ တစ်မျိုးဗျ။ တိုက်ခန်းတွေမှာနေတဲ့လူတွေဟာ ညခင်းဆယ်နာရီကျော်ရင် အိမ်သာရေကို ဆွဲမချရပါဘူးတဲ့။ (ဝေါ .... ချူး .... ခနဲ အသံတွေထွက်မှာစိုးလို့လားတော့ မသိဘူး)

၅။ ကြက်တွေမွေးထားရင် သတိထား၊ ကြက်တွေကို ကားလမ်းပေါ် ဖြတ်မကူးစေနဲ့။ (အဲ ... chicken တို့၊ hen တို့၊ rooster တို့ကို ပြောတာခင်ဗျ၊ တစ်မျိုးမထင်နဲ့ဦး) ဟုတ်တယ် ... မွေးထားတဲ့ကြက်တွေ ကားလမ်းကို ဖြတ်မကူးစေနဲ့တဲ့။ အမေရိကန်နိုင်ငံ၊ ဂျော်ဂျီယာပြည်နယ်၊ ကွစ်မန်းမြို့လေးမှာ အဲ့ဒီဥပဒေကို ချိုးဖောက်ရင် ပိုင်ရှင်က ပြစ်ဒဏ်သင့်တယ်တဲ့ခင်ဗျ။ (အဲ့ဒီက ဥပဒေပြုသူများ တို့များတောရွာကို လာကြည့် အတုယူစေချင်တယ်)

၆။ ကြက်ဥပဒေနောက်တစ်ခုရှိသေးတယ်ဗျ။ နယူးဇီလန်မှာ မိုးပျံပူပေါင်းစီးတဲ့အချိန် ကြက်ဖတစ်ကောင်ကို ခေါ်မသွားရပါဘူးတဲ့။ ကြက်နဲ့အတူ မပျံသန်းရဥပဒေထင်တယ်ဗျ။

၇။ US နိုင်ငံ၊ မယ်ရီလန်းပြည်နယ်က ဘယ်လ်တီမိုးမြို့မှာဆိုရင် ခြင်္သေ့တစ်ကောင်ကို ရုပ်ရှင်ရုံထဲ မခေါ်လာရတဲ့။ အင်းလေ ... ဘယ်သူက ခေါ်လာမှာလဲလို့။ ခြင်္သေ့က ပေါက်ပေါက်ဆုပ်မှ မကြိုက်တာကို။

၈။ ရုရှမှာတော့ ညစ်ညစ်စုတ်စုတ်ကားမောင်းရင် ရာဇမာန်ရှခံထိမယ်တဲ့။

၉။ စကော့တလန်က ဥပဒေတစ်ခုကတော့ လူစိမ်းတစ်ယောက်က တပိုတပါးသွားချင်လို့ သင့်တံခါးကို ခေါက်တဲ့အခါ ခွင့်ပြုရမယ်တဲ့။ ဟုတ်သားပဲနော် ... အဲ့ကိစ္စက ထိပ်ဝရောက်နေရင် အိမ်ရှေ့မှာ ကိစ္စပြီးသွားမှာပေါ့။

၁၀။ ကနေဒါက အွန်တရီယိုပြည်နယ် အိုရှာဝါမြို့မှာကိုရောက်ရင် သစ်ပင်တော့ သွားမတက်ကြပါနဲ့ဗျာ။ အဲ့ဒါက ဥပဒေနဲ့ ငြိစွန်းတယ်တဲ့ဗျ။ အင်း ... ဒီမှာသာဆို အုန်းပင်တက် အုန်းလက်ရှင်းတဲ့သူတွေတော့ အလုပ်လက်မဲ့ဖြစ်ရချည်ရဲ့။

...
ကဲ ... Top 10 List ကတော့ပြီးသွားပါပြီ။ ဒါပေမယ့် အပိုလေးတွေ ထည့်ပေးပါရစေ။ (ဗဟုသုတ ရတာပေါ့ဗျာ)

၁၁။ ယိုးဒယားမှာ အိမ်ကထွက်ရင် အတွင်းခံဝတ်ပါတဲ့။ (အင်း ... အတွင်းခံ ဝတ်/မဝတ် စောင့်ကြည့်ရေးတပ်ဖွဲ့ဝင်တွေ ဘာတွေ လိုသေးလားမသိဘူး)

၁၂။ အမေရိကန်က မင်နီဆိုတာမှာတော့ အမျိုးသားအတွင်းခံနဲ့ အမျိုးသမီးအတွင်းခံတွေကို ကြိုးတစ်ကြိုးထဲမှာ မလှမ်းရပါဘူးတဲ့။ (ဘုန်းနိမ့်မှာစိုးလို့ထင်ပါတယ်)

၁၃။ အမေရိကန်ရဲ့ ကန်တပ်ကီမှာတော့ ရေခဲမုန့်ကို သင့်ဘောင်းဘီ နောက်အိပ်ကပ်ထဲ မထည့်ရပါဘူးတဲ့။ (ဟဝှာတွေ အအေးပတ်ပြီး ကျုံ့ကုန်မှာတော့ မဟုတ်ပါဘူး) အရင်တုန်းက အလစ်သမားတွေက ရေခဲမုန့်တွေကို နောက်အိပ်ကပ်ထဲမှာထည့်ပြီး မြင်းတွေခိုးကြလို့ပါတဲ့။ မြင်းတွေကို မကြည့်ပဲ၊ မြင်းတွေကို မျှားခေါ်သွားတာပေါ့။ (ထူးဆန်းပါပေ့ ကတွတ်ပီ)

၁၄။ ဖရဲသီးဥပဒေရှိတယ်ဆိုတာရော သင်သိပါသလား။ ဘရာဇီးက ရီယိုမှာ ဖရဲသီးရောင်းတာကို တားမြစ်တဲ့ ဥပဒေတစ်ခုရှိပါတယ်။ အဲ့ဒီ ဖရဲသီးဥပဒေကို ၁၈၉၄ ခုနှစ်မှာ ဥပေဒပြုပြီး ထည့်သွင်းခဲ့တာပါ။ ဘာလို့လဲဆိုတော့ အဲ့ဒီကာလတုန်းက ဖရဲသီးဟာ တိုက်ဖိုက်နဲ့ အသားဝါရောဂါပိုးတွေကို သယ်ဆောင်ဖြန့်ဖြူးတယ်လို့ ထင်ခဲ့ကြလို့ပါတဲ့။ (ကွာစေ့မစားဖူးတဲ့မြို့ပေါ့နော်)