ဒို့ရှေ့ကသွား၊ ပုဂ္ဂိုလ်များသည်
စွန့်စားအားထုတ်၊ တလှုပ်လှုပ်ဖြင့်
ကြိုးကုတ်တည်ထောင်၊ ဤလူ့ဘောင်တွင်
သုံးဆောင်ပစ္စည်း၊ အနည်းနည်းတွေ
အထွေထွေသော၊ စာပေကျမ်းဂန်

အတန်တန်နှင့်၊ ကျင့်ကြံတွေးတော
သဘောတရား၊ စသည်များကို
ရေးသားမိန့်မှာ ပြုခဲ့ပါ၏။

ထိုသူထူးထူး၊ ဂုဏ်ကျေးဇူးကြောင့်
ပွင့်ဖူးခံစား၊ နောက်လူများသည်
အင်အားပြည့်ဝ၊ အားကိုးရ
အကျိုးရှိလှ၊ ကုံလုံစွ
သုခကြုံရ၊ ဘုံဘဝ။

ငါတို့ခေတ်တွင်၊ ဤလူ့ခွင်သို့
ရောက်စဉ်ရောက်ခိုက်၊ ဆုံကြုံကြိုက်တုန်း
စရိုက်ဘာဝ၊ ပေါ့ဆဆနှင့်
ဘာမှမလုပ်၊ ငုတ်တုတ်ထိုင်ကာ
နေသွားပါလျှင်
နောင်လာလူသား၊ ထိုသူများအတွက်
ဒို့များတာဝန် မဲ့လိမ့်မည်။

အိပ်လိုက်စားလိုက်၊ ပျော်ပါးလိုက်နှင့်
ရယ်လိုက်မောလိုက်၊ လွမ်းဆွေးလိုက်နှင့်
ပြုံးလိုက်ငိုလိုက်၊ ခံစားလိုက်နှင့်
အဖျင်းပြောလိုက်၊ ရန်ဖြစ်လိုက်နှင့်
အချိန်ဖြုန်းလိုက်၊ ဇိမ်ခံလိုက်နှင့်
စိတ်ကြိုက်လွင့်ပါး၊ ဒို့နေသွားက
လူသားအကျိုး၊ ဆုတ်လိမ့်မည်။

ထို့ကြောင့်ယခု၊ တစ်ခုခုတော့
ပြုစုဆောင်ရွက် သွားစမ်းပါ။



- မြန်မာ့အသံကျော်ဦး