လိုသမျှရနေတဲ့
ကျွန်တော်တို့ရဲ့ တက္ကသိုလ်ဆိုင်လေးကနေ အထွက်
သူ့ကို ကျွန်တော် တွေ့ခဲ့ရတယ်...
ဦးချစ်ဆီမှာ လက်ဖက်ရည် မသောက်ချင်တော့ဘူး၊
သစ်ပုတ်ပင်မှာ သီချင်းမဆိုချင်တော့ဘူး၊

ကံကော်ပင်အောက်ကနေ ရောင်းရင်းတွေကို
မစောင့်ချင်တော့ဘူး၊
ကတ္တီပါ ဖိနပ်တွေအကြောင်း
မဆွေးနွေးချင်တော့ဘူး၊
သူဟာ ကျွန်တော်ရဲ့ မြက်ခင်းသစ်
သူဟာ မိုးတွေခေါ်လာသလို
နွေလိုပဲ ပူလောင်ပြတတ်သူပါ။
သက်တံကိုတောင်
အရောင်တိုးချင်နေသူ၊
တကယ်တော့ ..........

သူဟာ
စာအုပ်ရဲ့ အနှစ်သာရနဲ့
တန်ဖိုးကို နားမလည်သူပေါ့ ။
စာအုပ်ကို ဝယ်ပြီး
ရေထဲ လွှင့်ပစ်ရင်ပစ်မယ်၊
ကျော်ဖတ်ရင် ဖတ်မယ်၊
ဒါမှမဟုတ်.......
တစ်ခုကတော့
အဲ့နေ့က သူ
ကျွန်တော့်စာအုပ်ကို ဝယ်ခဲ့တယ်၊
ကျော်ပဲ ဖတ်သလား၊
ရေထဲကိုပဲ လွှင့်ပစ်သလားဆိုတာ
ကျွန်တော်မသိခဲ့ဘူး၊
သေချာတာ တစ်ခုကတော့
သူ ... ကျွန်တော့်ရင်ဘတ်ကို
ဖတ်ခဲ့တယ်.... ။

ကဗျာကောက်ကြောင်းတွေနဲ့
တမလွန်ကို ယှဉ်ထိုးနေသူတစ်ယောက်ကို
ယမမင်းက ဖိတ်ခေါ်ခဲ့တဲ့ နေ့ပေါ့။
စားပွဲပေါ် ဓါးထောက်ပြီး
ကျိန်ခိုင်းနေလေရဲ့။
အချစ်ဆိုတာ ပြယုဂ်တစ်ခုလား
မေတ္တာဆိုတာ နီရဲနေတဲ့
မျက်ဝန်းတစ်စုံလားတဲ့။
ကျွန်တော်က ဖြေလိုက်တယ်
အခုလို ရွာနေတဲ့ မိုးလိုပဲ
မည်းပြီး ညိုနေတဲ့ နေ့တွေရှိသလို
နေသာရင်းလည်း ရွာတဲ့နေ့တွေရှိတယ်။
သတိထားရမှာက
ခင်ဗျား ထီးရှိနေဖို့ပဲလို့ ။

ဘယ်သူက
တွေးမှာလဲ..
ဒီလိုအဖြစ်ပျက်မျိုးကို ။
ဘယ်သူက
ကြုံဖူးမှာလဲ
ဒီလို သူစိမ်းဆန်မှုမျိုးကို။
နှလုံးသား အဓိပတိလမ်းမှာ
အအေးပတ် ခဲ့တယ်။
သူက
အခြားတစ်ယောက်နဲ့
ကူးလား လျှောက်ဖြတ်
အမူးသမား တစ်ယောက်လို
အော်အော်ပြောနေတဲ့ အပြုံးများ
မိုးပေါက်တွေကြားက
ကျွန်တော့်မျက်ရည်တွေ ရောနေတာ....
တစ်ချက်ရှိုက်တိုင်း
မိုက်ခဲ့သမျှ ကြေစေဖို့
ဆုတောင်းပါတယ် ၊
သေချာတာကတော့
အဲ့ဒီနေ့က ကျွန်တော် ထီးမပါလာခဲ့ဘူး။
တကိုယ်လုံးရွှဲလို့ပေါ့။ .........။

လင်းဦး(စိတ်ပညာ)
(ည ၁၁း၄၀ အချိန်တွင် ခံစား ရေးဖွဲ့ပါသည်)

 

===

Author : လင်းဦး(စိတ်ပညာ)

Date : 20 June 2008

Source : Taungoo City Blog