သားငယ်သုံးနှစ်အရွယ်တုန်းကပေါ့ ...

စကားကလည်း တတ်ခါစမို့ စူးစမ်းတာလည်း လွန်လွန်းတယ်။

တစ်နေ့တော့ မဒမ်ဝဝဆေးခန်းပြသည်နှင့် ကိုဝဝက သားငယ်ကိုပါ ခေါ်သွားတယ်။ သားငယ်က ဆေးခန်းကို ရောက်တော့ အငြိမ်မနေလျှင် ဆရာဝန်က ဆေးထိုးအပ်နဲ့ထိုးမယ်ဆိုပြီး မဒမ်ဝဝက ခြောက်ထားသည်နှင့် ဆက်တီခုံပေါ်မှာ အိန္ဒြေရရ ထိုင်နေတယ်။ သူ့ဘေးမှာ ကိုယ်ဝန်ဆောင်တစ်ဦးက ဆေးခန်းပြဖို့ စောင့်နေတယ်။

သားငယ် ။ ။ အန်တီ ... အန်တီ့ဗိုက်က ဘာဖြစ်လို့ တအားပူနေရတာလဲ ...

အမျိုးသမီး ။ ။ (ပြုံးပြီး) အထဲထဲမှာ ညီလေးတစ်ယောက်ရှိလို့ကွဲ့ ...

သားငယ် ။ ။ အဲ့ညီလေးက ဆိုးလား ? စကားနားမထောင်ဘူးလား ?

အမျိုးသမီး ။ ။ ဘယ်ဟုတ်မလဲ သားရဲ့ ... ညီလေးက သိပ်လိမ္မာတာပေါ့ ...

သားငယ် ။ ။ ဒါဆိုရင် ... ဒါဆိုရင် ... အန်တီက ဘာဖြစ်လို့ ညီလေးကို စားပစ်လိုက်ရတာလဲ ...

ဒီနေ့ ကိုဝဝ အင်တာဗျူး ဖြေရတယ်လေ ...

အင်တာဗျူးတဲ့သူက စိတ်နဲ့သက်ဆိုင်တဲ့ မေးခွန်းတွေ မေးနေတယ်လေ ...

“မင်းက ဒီအလုပ်လုပ်ဖို့ စိတ်ဝင်စားတယ်ဆိုတော့ ... ကောင်းပြီလေ ... လူတွေအပေါ် စိတ်ဒုက္ခပေးတဲ့လုပ်ရပ်တွေ လုပ်ဖူးလား ... အတွေ့အကြုံရောရှိလား”

...

ကိုဝဝ မဆိုင်းမတွ ပြန်ဖြေလိုက်တယ်လေ ...

“ကျွန်တော် ဖေ့စဖွတ်ပေါ်မှာ ဆယ်ဖီးပုံတွေတင်လိုက်၊ ဆယ်မိနစ်တစ်ကြိမ် စတေးတပ်တွေ တင်လိုက်နဲ့လုပ်နေတာ ငါးနှစ်ကျော်ကျော်လောက်တော့ရှိပါပြီခင်ဗျ”

...

အင်တာဗျူးတဲ့သူကလည်း မဆိုင်းမတွပါပဲလေ ...

“ကြိုက်ပြီလေ ... မင်း နက်ဖြန် အလုပ်လာဆင်းတော့”

 

သားငယ်က နှစ်တန်းတက်နေပြီလေ။ ဒီနေ့တော့ အတန်းပိုင်ဆရာ ဆရာဇော်က အိမ်စာပေးလိုက်တယ်။ အိမ်မှာရှိတဲ့သူတွေ ပြောတဲ့စကားတွေကို မှတ်လာခဲ့တဲ့။ ကလေးတွေရဲ့ ပတ်ဝန်းကျင်အပေါ် ထိတွေ့မှုကို စမ်းသပ်တဲ့သဘောနဲ့ပေါ့။

ကျောင်းကပြန်ရောက်တာနဲ့ အိမ်စာဟာ သူ့အတွက်တာဝန်တစ်ရပ်လို ဖြစ်လာပြီလေ။ ဒါနဲ့ လွယ်အိတ်ချ၊ အဝတ်အစားလဲပြီး စာအုပ်တစ်အုပ်နဲ့ ဘောပင်တစ်ချောင်းယူ၊ သူ့အမေကို လိုက်ရှာတာပေါ့။ အမေချစ်ဆိုတော့လည်း အမေ့ကို အားကိုးတာ။

မဒမ်ဝဝက အိမ်ရှေ့ဆက်တီခုံမှာထိုင်ရင်း ဖုန်းပြောနေတယ်။ ရေးကြီးခွင်ကျယ်တော့မဟုတ်ပါဘူး။ မနေ့က မကြည့်လိုက်ရဘဲ လွတ်သွားတဲ့ စောမြဇာတ်ကားအကြောင်းကို သူ့သူငယ်ချင်းဆီ ဖုန်းဆက်ပြီး မေးနေတာ။ နောက်တစ်ကြိမ်ပြန်ပြတော့လည်း မမှီလိုက်ဘူးလေ။ ဇာတ်လမ်းဇာတ်ကွက်ကို တစ်ဘက်သူငယ်ချင်းပြောပြနေလို့ စီးမြောနေတာ။

သားငယ်က သူ့အမေနားကပ်သွားတယ်။ စာအုပ်ကို ထိုးပြရင်း

“မေမေ ... အိမ်စာပေးလိုက်လို့ ...”

သူ့အမေက လက်ကာပြရင်း ဖုန်းဆက်ပြောနေတယ်။ ဗီလိန်အပေါ် ဒေါလအလိပ်လိုက်ထွက်ပြီး မဒမ်ဝဝ ဖီးလ်နေပြီလေ။ ဒါကိုအလိုက်မသိတဲ့ သားငယ်က စာအုပ်နဲ့ သူ့အမေလက်ကိုထိုးထိုးပြီး ဆက်ပြောနေတယ်။

“မေမေ ... ဆရာက အိမ်မှာရှိတဲ့သူတွေရဲ့ စကားတွေကို မှတ်လာခဲ့ရမယ်လို့ ...”

သားငယ်စကားတောင်မဆုံးသေးဘူး။ မဒမ်ဝဝက ဖုန်းကို လက်ဖဝါးနဲ့အုပ်ပြီး သားငယ်ကို မျက်မှောင်ကျုတ်ကြည့်ကာ

“သွားစမ်းပါဟယ် ...”

ဇာတ်ကား အနှစ်သာရလေးတွေ ပျက်မှာစိုးလို့ မောင်းထုတ်လိုက်တယ်။ ပြီးတော့ ဖုန်းဆက်ပြောနေတယ်။ သားငယ်လည်း ခေါင်းကုတ်ပြီး စာအုပ်ထဲ ရေးလိုက်တော့တယ်။

သားငယ်မျက်လုံးက မန်ယူဘောပွဲကြည့်နေတဲ့ သူ့အဖေကိုဝဝဆီရောက်သွားတယ်။ တစ်ချက်ပြုံးပြီး သူ့အဖေနား သွားထိုင်တယ်။

“ဒိုး စမ်း ကွာ ...”

ကိုဝဝက မန်ယူရှေ့တန်းတိုက်စစ်မှူး မားကပ်စ်ရဲ့ ကစားပုံတွေကို အားမရလို့ လူစားလဲစေချင်နေတာနဲ့ အော်မိလိုက်တယ်။ သူ့သား အနားရောက်နေတာတောင် သတိမထားမိဘူး။

သားငယ်လည်း တာဝန်အရ စာအုပ်ထဲမှတ်လိုက်ပြန်တယ်။

သားငယ်စဉ်းစားတယ်။ အန်တီလေး အခန်းထဲ ပြေးသွားတယ်။ အန်တီလေးက သူ့ဘဲဘဲနဲ့ ဖုန်းပြောနေတာ။ တိုးတိုး တိုးတိုးပြောနေတော့ ဘာသံမှ မကြားရဘူး။ ရယ်သံခပ်တိုးတိုးပဲ ကြားရတယ်။ စာအုပ်ထဲမှာ ရေးလိုက်တယ်။ “အဟိ ဟိ ဟိ ...”

ပြီးတော့ သားငယ် အိမ်က ဘယ်သူကျန်သေးလည်းဆိုတာ ကြည့်တော့ အဒေါ်တစ်ယောက်နဲ့ သူ့သား အိမ်လာလည်ကြတာကို သတိရလိုက်တယ်။ သူ့ညီတစ်ဝမ်းကွဲကို ကျောင်းမသွားခင်က သူ့အရုပ်တွေနဲ့ ပေးဆော့ထားခဲ့တာပဲ။ ဟိုကောင်က အခုမှ လေးနှစ်ရယ်။

အဲ့ဒါကြောင့် အပေါ်ထပ်ကိုတက်ကြည့်တယ်။ အဒေါ်ကတော့ မီးပူတိုက်နေတယ်။ ဟိုကောင်က ခပ်လှမ်းလှမ်းမှာ အရုပ်သောင်းပြောင်းအပုံလိုက်ကြားမှာ ...

“စူပါမန်းကွ ... ဟိုင်းယား ...”

ဝတ်ရုံခြုံထားတဲ့ စူပါမန်းအရုပ်ကို ကားအရုပ်တွေကြားထဲ လွှင့်ပစ်လိုက်တယ်။ အဲ့ဒါကိုကြားတဲ့ သားငယ်က စာအုပ်ဖွင့်ပြီးရေးတယ်။

---

နောက်တစ်နေ့ ကျောင်းစာသင်ခန်းထဲ ...

ဆရာဇော်က အတန်းဒန့်စ်ခေါ်ပြီး အိမ်စာတွေ စစ်နေတယ်။

သားငယ်အလှည့်ပေါ့ ... ဆရာဇော်က သားငယ်ရှေ့မှာ ရပ်ပြီး

“ကဲ သားငယ် ... အိမ်စာပြီးပြီလား”

သားငယ်က ခေါင်းငြိမ့်ပြီး လွယ်အိတ်ထဲက စာအုပ်ထုတ်ပြီး ဖွင့်လိုက်တယ်။ ဆရာဇော်က ဆက်ပြောတယ်။

“ဒါဆို သားငယ် ... မနေ့က ဆရာမှတ်ခိုင်းလိုက်တဲ့ ... စကားတွေက ဘာတွေလဲ”

သားငယ်က စာဖတ်ပြရင် မပီပြင်မှာစိုးလို့ သူ့အမေရဲ့ ဟန်ပန်အမူအရာအတိုင်း မျက်မှောင်ကျုတ်ပြီး ဆရာဇော့်ကိုကြည့်ကာ

“သွားစမ်းပါဟယ် ...”

ဆရာဇော်လည်း ကြောင်တောင်တောင် ဖြစ်သွားတယ်။

“ဘာ ... ဘာပြောတယ် ... ???”

သားငယ်က မျက်မှောင်ထပ်ကျုတ်ပြီး

“သွားစမ်းပါ ဆိုနေမှ”

ဆရာဇော် ဒေါသထွက်ပြီလေ။ မလောက်လေး မလောက်စား ခွေးပစ်တဲ့ဒုတ်လောက်ရှိတဲ့အကောင်က သူ့လို ဝါရင့်သမ္ဘာရင့် ဆရာဇော်ကို ပေတံနဲ့လာတိုင်းနေတော့ (ညက ဘောပွဲရှုံးထားလို့ ဒေါသထွက်နေတာနဲ့ပေါင်းပြီး) ...

“ကဲ ... မောင် ... မင်းတော့ နာချင်ပြီထင်တယ်။ ဒီအရွယ်တွေ မရိုက်ရဘူးလို့ ကြပ်မတ်ထားတော့ မင်းကို ကျောင်းအုပ်ဆရာကြီးရုံးခန်း ခေါ်ရတော့မယ်”

သားငယ်ကလည်း ဘယ်ရမလဲ။ ဒုတိယစာကြောင်းကို ဆက်ဖတ်ပြမယ်ဆိုပြီး လက်သီး လက်မောင်းတန်းကာ

“ဒိုး စမ်း ကွာ ...”

လို့ပြောလိုက်တော့ ဆရာဇော်လည်း သားငယ်ကို ရုံးခန်းဆီ ဆွဲခေါ်သွားတော့တာပေါ့။

သားငယ်က ဘုမသိ ဘမသိနဲ့ စာအုပ်ကလေးကိုင်ပြီး ကန့်လန့် ကန့်လန့်နဲ့ ပါသွားတယ်။

ရုံးခန်းရောက်တော့ စားပွဲနောက် ကုလားထိုင်မှာ ကျောင်းအုပ်ကြီးကို မိန့်မိန့်ကြီးတွေ့ရတယ်။ ဆရာဇော်က လိုရင်း တိုရှင်း ပြောပြလိုက်တယ်။

ကျောင်းအုပ်ကြီးက နှာခေါင်းပေါ်တင်ထားတဲ့ စာကြည့်မျက်မှန် ခပ်သေးသေးကို ကျော်ကြည့်ပြီး

“ကဲ ... မောင်သားငယ် ... မင်း ဘာပြောစရာရှိလဲ”

သားငယ် ဘာပြောစရာမှမရှိလို့ ဘာမှ မပြောတတ်ဘူးလေ။ အူကြောင်ကြောင်နဲ့ လက်ထဲက စာအုပ်ကို ကြည့်မိတယ်။ တတိယ စာကြောင်းပေါ်မျက်လုံးက ရောက်သွားတယ်။ ကျောင်းအုပ်ကြီးကို ပြန်ကြည့်ပြီး မခို့တရို့နဲ့ ...

“အဟိ ... ဟိ ... ဟိ”

ကျောင်းအုပ်ကြီးက သူ့ကို မလေးမစားလုပ်လို့ ဒေါသထွက်သွားပြီလေ။ (အစကတည်းက တင်းနေတာ ... မိန်းမက ဒီနေ့ ဘဲဥပြုတ်ပဲ ထည့်ပေးလိုက်ပြီး ဆီနဲ့ဆား မပါလို့ တင်းနေတာ)

“မင်း ... မင်းကိုယ်မင်း ဘာထင်နေလို့လဲကွ ...”

သားငယ်က စာအုပ်ကြည့်စရာမလိုတော့ဘူး။ စတုတ္ထစာကြောင်းကို အလွတ်ရတယ်လေ။ ဒါနဲ့ ကျောင်းအုပ်ကြီးရှေ့ကစားပွဲပေါ်ကို စာအုပ်ပစ်တင်လိုက်ပြီး ...

“စူပါမန်းကွ ... ဟိုင်းယား ...”

---

နောက်နေ့ ...

ကိုဝဝနဲ့ မဒမ်ဝဝတို့ ကျောင်းအုပ်ကြီးရုံးခန်းမှာ မျက်နှာငယ်လေးတွေနဲ့။ သူတို့အနားမှာတော့ ဘာဖြစ်လို့ဖြစ်မှန်းမသိတဲ့ မျက်နှာပေးနဲ့ သားငယ် မတ်တပ်ရပ်နေဆဲ ...

လူနှစ်ဦး တောလိုက်ထွက်ကြတယ်။

တစ်နေရာမှာ တစ်ဦးက ရုတ်တရက် လေဖြတ်ပြီး လဲကျသွားတယ်။ အသက်မရှူနိုင်တော့ပဲ မျက်စေ့တွေလည်နေတယ်။

တခြားတစ်ဦးက ထိတ်လန့်တကြားနဲ့ ဖုန်းထုတ်ကာ အရေးပေါ်ဋ္ဌာနကို ဖုန်းဆက်တယ်။

“ကယ်ကြပါဦးဗျာ ... ဒီမှာ ကျွန်တော့်သူငယ်ချင်း သေပြီနဲ့တူတယ် ... ဘာဆက်လုပ်ရတော့မလဲ ... ကူညီပါဦးဗျာ”

အရေးပေါ် အော်ပရေတာက ပြန်ဖြေတယ်။

“ကျေးဇူးပြုပြီး စိတ်ငြိမ်ငြိမ်ထားပါရှင် ... ကျွန်မတို့ အကူအညီပေးနိုင်ပါတယ် ... ပထမဦးဆုံး ရှင့်သူငယ်ချင်း သေပြီဆိုတာ သေချာရဲ့လား?”

တခဏတော့ ငြိမ်သက်သွားတယ်။ ပြီးတော့ သေနတ်သံတစ်ချက် “ဒိုင်း”ခနဲ ကြားလိုက်ရတယ်။

ပြီးတော့ ဖုန်းကိုကောက်ကိုင်ပြီး ဖြေလိုက်တယ်။

“ဟုတ်ကဲ့ ... သေချာသွားပါပြီ ... ပြီးရင် ဘာဆက်လုပ်ရဦးမလဲ?”

သားငယ်တစ်ယောက် ရှိုက်ကြီးတငင်ငိုပြီး နောက်ဖေးပေါက်ကဝင်လာတော့ မဒမ်ဝဝ စိုးရိမ်သွားတယ်။

ဘုရားတင်ဖို့ပန်းတွေ ရေဆေးနေတာကိုချပြီး သားငယ်အနားပြေးသွားကာ ကိုယ်ခန္ဓာအနှံ့ လှည့်ပတ်ကြည့်ရှုပြီး

“ဟဲ့သား ... ဘာဖြစ်တာလဲ ... ဘာဖြစ်လို့လဲ ... ခိုက်မိလို့လား”

“ဖေဖေပေါ့ ... အီး ဟီး ဟီး ...”

“ဟင် ... နင့်အဖေ ဘာဖြစ်လို့လဲ ... မထိတ်သာ မလန့်သာ ရှိလိုက်တာဟယ် ... ပြောစမ်း ... နင့်အဖေ ဘာဖြစ်လို့လဲ”

“အီး ... ဖေဖေလေ ... ခြံစည်းရိုးကာနေတာ ...”

“အင်းလေ ...”

“အဲ့ဒါ သံရိုက်ရင်းနဲ့ ဖေဖေ့လက်မကို တူနဲ့ထုမိတာ ... အီး ဟီး ဟီး”

ပြောရင်းဆိုရင်း ငိုနေတော့ မဒမ်ဝဝက သူ့သားကို အသည်းနုနေ၊ အသည်းငယ်နေမှာ စိုးတာနဲ့ပဲ သွန်သင်ဆုံးမရတော့တာပေါ့ ...

“အို ... သားကလည်း ... လူကြီးဖြစ်နေပြီလေ ... နင့်အဖေ ဒီလောက်လေး ဖြစ်တာကို မြင်တာနဲ့ပဲ ငိုစရာလိုလို့လား ... နောင်ဆို ဒီလိုကြုံရင် ရဲရဲဝံ့ဝံ့ရင်ဆိုင်ပစ်လိုက်စမ်း သား ... ကြောက်စိတ် အားငယ်စိတ်တွေ မရှိတော့အောင် ရယ်မောပစ်လိုက်ရမယ်သား ... ရယ်မောပစ်လိုက်ရမယ် ...”

သားငယ်က သတိရသွားပြီး ကျောကုန်းကို ပွတ်ကာ

“သား ရယ်လို့တဲ့ ... ဖေဖေက ... အီး ဟီး ဟီး ... ရွှတ် ... အီး ဟီး ဟီး ...”

ကိုဝဝဟာ မိုးနတ်မင်းကြီးဆီမှာ ဆုတောင်းနေပါတယ် ...

(ပထမနေ့)

ကိုဝဝဟာ မိုးနတ်မင်းကြီးရဲ့ နတ်ကွန်းမှာ အမွှေးတိုင်နဲ့ ပူဇော်ပြီး ဆုတောင်းတယ်။

“အရှင် မိုးနတ်မင်းကြီး ... ကျွန်တော်မျိုးကလေးကို ထီသိန်းတစ်သောင်းပေါက်အောင် စောင်မပေးတော်မူပါ”

(ဒုတိယနေ့)

ကိုဝဝဟာ မိုးနတ်မင်းကြီးရဲ့ နတ်ကွန်းမှာ အမွှေးတိုင်အပြင် ပန်းတွေပါ ပူဇော်ပြီး ဆုတောင်းတယ်။

“အရှင် မိုးနတ်မင်းကြီး ... ဒီအတိုင်းကြည့်မနေသင့်ပါဘူး ... ကျွန်တော်မျိုးကို ထီသိန်းတစ်သောင်းပေါက်စေဖို့ မှိုင်းမတော်မူပါ”

(တတိယနေ့)

ကိုဝဝဟာ မိုးနတ်မင်းကြီးရဲ့ နတ်ကွန်းကိုလာတယ်။ ဆီမီးတွေ၊ အမွှေးတိုင်တွေထွန်းတယ်။ ပန်းအိုးထဲ ပန်းတွေအပြည့်ကပ်တယ်။ ခေါက်ဆွဲကြော်၊ ကြာဆံကြော်တွေကို ပန်းကန်တွေနဲ့ ထည့်ပြီး သစ်သီးဝလံစုံလင်စွာနဲ့ ကပ်တယ်။

“အရှင် မိုးနတ်မင်းကြီး ... ကျွန်တော်မျိုးမှာ ရှိသမျှငွေတွေ သုံးပြီး ပူဇော်ပသပါတယ် ... ထီသိန်းတစ်သောင်းပေါက်ဖို့ အစွမ်းကုန် ကူညီ မစ မှိုင်းမ ဆောင်မ ကြည့်ရှုပေးတော်မူပါ”

...

(ခဏကြာတော့ လေတွေဝှေ့လာတယ်၊ တရုတ်သိုင်းကားထဲကလို သစ်ရွက်ကြွေတွေ ဖွားခနဲ ကျလာတယ်၊ အက်ခိုးသံတွေပါနေတဲ့ အသံသြသြကြီးကို ကြားလိုက်ရလို့ ကိုဝဝတောင် ကြက်သီးဖြန်းဖြန်း ထသွားတယ်)

“သောက်ကောင် ... ထီမထိုးပဲနဲ့ ငါ့လာပြီး လာအလုပ်ရှုပ်ခိုင်းနေတယ် ... မိုးကြိုးနဲ့ ပစ်ထည့်လိုက်ရ!”

သားငယ်က သူ့အဖေဖြစ်တဲ့ ကိုဝဝကို မေးခွန်းတွေ ထုတ်တတ်နေပြီလေ။ ဒီအရွယ်က စပ်စုစိန်အရွယ်ပဲ မဟုတ်လား။

ဒီနေ့လည်း ရပ်ကွက်ထဲက လင်မယားနှစ်ယောက် သုံးလသားအရွယ် ကလေးပေါက်စနလေးကို တွန်းလှည်းနဲ့တင်ပြီး အိမ်ရှေ့လမ်းမကနေ လမ်းလျှောက်နေတာကိုတွေ့လို့ အိမ်ရှေ့ ကွက်လပ်မှာ ဘောလုံးဆော့နေတဲ့ သားငယ်က စိတ်ဝင်တစားကြည့်နေတယ်။ မြင်ကွင်းကနေလည်း ပျောက်သွားရော အိမ်ပေါ်ကိုပြေးတက်၊ သတင်းစာဖတ်နေတဲ့ ကိုဝဝအပေါ်တက်ပြီးမေးတယ်။

“ဖေဖေ ... ဖေဖေ ... လူတွေက ဘယ်လို မွေးလာတာလဲ? ဘယ်ကနေ ဖြစ်လာတာလဲ?”

ကိုဝဝကလည်း သတင်းစာခေါက်ကာ စားပွဲပေါ်တင်လိုက်ပြီး လွယ်လွယ်ကူကူ ဖြေလိုက်တယ်။ (ခက်ခက်ခဲခဲဖြေလို့လည်း ဟိုကောင်နားလည်မှာမှ မဟုတ်တာ)

“ဟိုးရှေးရှေးတုန်းက ကမ္ဘာကြီးပေါ်မှာ အာဒံနဲ့ ဧဝ ဆိုတဲ့ လူနှစ်ယောက်ပဲ ရှိတယ်။ အာဒံက ယောက်ျား၊ ဧဝ က မိန်းမလေ။ သူတို့ကနေ ကလေးတွေမွေးတယ်။ အဲ့ဒီ ကလေးတွေက ကြီးလာပြီး ကလေးတွေ ထပ်မွေးတယ်။ ဒီလိုနဲ့ ကမ္ဘာပေါ်မှာ လူတွေ ဖြစ်လာတာပေါ့”

သားငယ် ခေါင်းသာငြိမ့်နေတယ်၊ သူ သိပ်နားမလည်သေးဘူး။ ဒါနဲ့ သူ့အဖေပေါ်ကဆင်းပြီး နောက်ဖေးမီးဖိုချောင်ထဲမှာ ဟင်းချက်နေတဲ့ သူ့အမေဆီကို ပြေးသွားတယ်။

သူ့အမေကိုလည်း ဒီမေးခွန်းပဲ မေးတယ်။

“မေမေ ... မေမေ ... လူတွေက ဘယ်လို မွေးလာတာလဲ? ဘယ်ကနေ ဖြစ်လာတာလဲ?”

မဒမ်ဝဝကတော့ ဒါဝင်ရဲ့သီအိုရီကိုကိုင်ပြီး ပညာရှိဆန်ဆန် ပြန်ဖြေပေးတယ်။

“လူတွေက မျောက်တွေကနေ ဖြစ်လာတာကွဲ့။ အရင်တုန်းက အမွှေးတွေ အများကြီးနဲ့ ရုပ်ဆိုးဆိုးနဲ့၊ အဲ့ဒီကနေ နှစ်တွေကြာလာတော့ မေမေတို့လို ရုပ်ချောလာကြတာပေါ့၊ ဒါကြောင့် သားသားတို့ တအားဆော့ရင် မျောက်ရှုံးတယ် မျောက်ရှုံးတယ်ဆိုပြီး ဖိုးဖိုးတို့က ပြောတာလေ”

သားငယ်က သူ့အမေဖြေတာ ပိုပြီးသဘောကျသွားတယ်။ အာဒံတွေ ဧဝတွေထက် မျောက်ဆိုတာက ပိုပြီး သိသာတယ်မဟုတ်လား။ အဲ့ဒီတော့ သူ့အဖေဆီ ပြန်ပြေးသွားတယ်။

“ဖေဖေ ညာပြောတယ် ... မေမေပြောတာက လူဆိုတာ မျောက်ကနေ ဖြစ်လာတာတဲ့”

ကိုဝဝကလည်း ခေသူမဟုတ်ဘူးလေ။ ဒါကြောင့်

“ဖေဖေမညာပါဘူး သားရဲ့ ... မင်းမေမေပြောတဲ့ မျောက်ကနေဖြစ်လာတယ်ဆိုတာက မင်းမေမေရဲ့ အမျိုးတွေဘက်အခြမ်းကို ပြောတာလေ ... ဖေဖေက ဖေဖေ့အဖိုးအဖွားတွေဘက်အခြမ်းကို ပြောတာ ...”

မဒမ်ဝဝ ငရုပ်ကျည်ပွေ့ကိုင်ပြီး မီးဖိုချောင်ထဲက ထွက်လာပါတော့တယ် ...

ဖရက် နဲ့ ဂျိုး တို့ဟာ ဆယ်ကျော်သက်အရွယ် သူငယ်ချင်းနှစ်ဦးပါ။ ကျောင်းဆင်းတာနဲ့ ဖရက်က စိတ်ဂနာမငြိမ်တော့ဘူး။ အဲ့ဒါနဲ့ပဲ ဂျိုးအနားကို ကပ်ပြောတယ်။

ဖရက် ။ ။ ဟရောင် ... စနေနေ့က ငါ နိုင်းလောက်ရှိတဲ့ ပါတီတစ်ခု သွားခဲ့တယ်ကွ ... အဲ့ဒီ ပါတီလုပ်တဲ့အိမ်မှာ ရွှေစစ်စစ်နဲ့ လုပ်ထားတဲ့ (ဗိုလ်ထိုင်) အိမ်သာ ရှိတယ် ...

ဂျိုး (မယုံကြည်ဟန်နဲ့) ။ ။ မဖြစ်နိုင်တာကွာ ...

ဖရက် ။ ။ ဟုတ်ပါတယ်ဆိုကွာ ... လာကွာ ... မင်းမယုံရင် ငါလိုက်ပြမယ် ...

--

မိနစ်နှစ်ဆယ်လောက်အကြာတွင် ဖရက်နဲ့ဂျိုးတို့ ပါတီပွဲလုပ်ခဲ့တဲ့အိမ်ရှေ့ကို ရောက်ကြတယ်။ တံခါးခေါင်းလောင်းနှိပ်လိုက်တော့ အန်တီအရွယ်တစ်ယောက်ထွက်လာတယ်။

ဖရက်က ခပ်သွက်သွက်ပဲ မေးလိုက်တယ်။

ဖရက် ။ ။ ဟိုင်း ... အနှောက်အယှက်ဖြစ်ခဲ့ရင် စိတ်မရှိပါနဲ့ဗျာ ... စနေနေ့က ဒီအိမ်မှာ ပါတီလုပ်ခဲ့တာလေ ... ကျွန်တော်လည်း တက်ခဲ့တယ်လေ ... ကျွန်တော်က ကျွန်တော့်သူငယ်ချင်းကို ဒီအိမ်ထဲမှာ ရွှေစစ်စစ်နဲ့ လုပ်ထားတဲ့ အိမ်သာခွက်ရှိတယ်ဆိုတာ ပြောတာကို ကျွန်တော့်သူငယ်ချင်းက မယုံလို့ လာပြတာပါ ... အဲ့ဒါ ကြည့်လို့ရမလားခင်ဗျာ ?

အဲ့ဒီအန်တီကြီးက ဖရက်ကို ခဏလောက်စိုက်ကြည့်တယ်။ ပြီးတော့ အိမ်အတွင်းဘက်ကို လှည့်ပြီး အော်လိုက်တယ်။

အန်တီ ။ ။ ရော်ဂျာရေ ... နင့် ကြေးခရားအိုးထဲ ချေးပါသွားတဲ့ကောင်ကိုတွေ့ပြီ ...

ကိုဝဝတို့ မိသားစု ထမင်းဝိုင်းဖွဲ့စားနေကြတယ် ...

သားငယ်က ကိုဝဝကို မေးတယ်။

“ဖေဖေ ... ယင်ကောင်တို့ အိမ်မြောင်တို့ဆိုတာ စားစရာလား”

ကိုဝဝက

“အို ... သားကလည်း ... ယင်ကောင်ဆိုတာ ရွံစရာကွဲ့ ... သူတို့ဟာ မကောင်းတဲ့အညစ်အကြေးတွေပေါ်မှာနားတယ် ... လူတွေရဲ့စားစရာတွေပေါ်မှာနားတယ် ... အဲ့ဒီအကောင်တွေကြောင့် လူတွေ ရောဂါရကြတယ် ... ဒါပေမယ့် သားရယ် ရွံစရာကောင်းတာတွေကို ထမင်းစားနေတုန်း မပြောရဘူးကွယ့် ... ထမင်းစားပြီးတော့မှပဲ ပြော ...”

ထမင်းစားပြီးတော့ ကိုဝဝက အိမ်ရှေ့မှာ ရေနွေးကြမ်းသောက်နေတယ်။ သားငယ်က အရုပ်တစ်ရုပ်ယူပြီး အိမ်ရှေ့မှာ လာဆော့တော့ ကိုဝဝက ဖတ်နေတဲ့ သတင်းစာကိုချပြီး

“သား ... စောစောက ဖေဖေ့ကို ထမင်းဝိုင်းမှာ မေးတာ ပြန်မေးပါဦး”

သားငယ်က လှည့်ကြည့်ပြီး

“ဘာမှမဟုတ်တော့ပါဘူး ဖေဖေ ...”

ပြောပြီး ပြန်ဆော့နေတယ်။ ကိုဝဝက သားငယ်ကို ဗဟုသုတအလို့ငှာ ပြောပြချင်တာကြောင့် ထပ်မေးတယ်။

“သား ... သားသားသိချင်တာ မေးလို့ရပြီလေ ... ပြောတော့”

သားငယ်က မျက်လုံးတစ်ချက်တွန့်ပြီး

“ကိစ္စမရှိတော့ပါဘူး ဖေဖေ ... ထမင်းစားနေတုန်းကတော့ ဖေဖေ့ထမင်းပေါ်ကို လာနားတဲ့ယင်ကောင်ကို လာဖမ်းတဲ့အိမ်မြှောင်က ဖေဖေ့ဟင်းချိုပန်းကန်ထဲကို ပြုတ်ကျသွားတယ်လို့ ပြောမလို့ပါ ... အခုတော့ စားပြီးပြီဆိုတော့ ...”

ကိုဝဝ နောက်ဖေးက ရေစင်ကို ပြေးလေတော့သတည်း။

၁၈၄၅ ခုနှစ်တုန်းက လူငယ်တစ်ဦးဟာ ဝံ့ဝံ့ကြွားကြွားနဲ့ပြောတယ်

“ငါ နွားရိုင်းတစ်ကောင်ကို သတ်နိုင်ခဲ့ပြီ”

--

၁၉၅၂ ခုနှစ်တုန်းက လူငယ်တစ်ဦးဟာ ဝံ့ဝံ့ကြွားကြွားနဲ့ပြောတယ်

“ငါ အိမ်ခေါင်မိုးကို မိုးနိုင်ခဲ့ပြီ”

--

၂၀၁၈ ခုနှစ် လူငယ်တစ်ဦးဟာ ဝံ့ဝံ့ကြွားကြွားနဲ့ပြောတယ်

“ငါ မိတ်ကပ်လူးတတ်သွားပြီ.. ဟဲ့”