ဒီနေ့နေ့လယ် ထမင်းစားကျောင်းတက်ချိန်၌ ဆရာဇော်သင်ရမယ့် သင်္ချာဘာသာ အချိန်ရောက်လာပြန်တယ်။

ထမင်းစားပြီး ထမင်းလုံးစီတတ်ကြတဲ့ ကလေးတွေမို့ သင်္ချာချိန်တစ်ဝက်လောက်မှာ အတန်းသားတွေ မျက်တောင်လေးတွေ စင်းနေကြပြီလေ။

ဆရာဇော် ဘလက်ဘုတ်ပေါ်မှာ ကလေးတွေကို ဂဏန်းသင်္ချာသင်ဖို့ ပန်းသီးပုံတွေဆွဲအပြီး နောက်လှည့်ကြည့်ချိန်မှာ သားငယ်တစ်ယောက် မျက်လုံးကြီးမှိတ်လို့ ...

...

မရဘူးလေ ... ဆရာဇော်ဆိုတာ နာမည်တစ်လုံးပိုင်ရှင်မဟုတ်လား ...

ဆရာဇော် ။ ။ အဟမ်း ... ဟမ်း ... သားငယ် ... ထ စမ်း ...

သားငယ်လန့်နိုးသွားလို့ ဆတ်ခနဲဖြစ်သွားပြီး မျက်လုံးပွင့်သွားတယ်။

အိပ်ချင်မူးတူးနဲ့ စားပွဲပေါ်က စာအုပ်တွေကို သိမ်းပြီး လွယ်အိတ်ထဲထည့်၊ ကျောင်းဆင်းပြီအထင်နဲ့ ထသွားမလို့ လုပ်နေတုန်း ဆရာဇော် နောက်တစ်ခါ ဟန့်ရပြန်တယ်။

ဆရာဇော် ။ ။ သားငယ် ... ဘယ်လဲ ... ကျောင်းမဆင်းသေးဘူး ... မင်းကို စာမေးမလို့ ... မတ်တပ်ရပ်စမ်း ...

သားငယ် ပစ္စုပ္ပန်ကမ္ဘာထဲ ပြန်ရောက်လာပြီး လွယ်အိတ်ကို ပြန်ချကာ မတ်တပ်ရပ်၊ လက်ကလေးပိုက်လို့ ...

ဆရာဇော် ။ ။ ကဲ သားငယ် ... မင်း အိပ်ငိုက်နေလို့ မင်းကို စာမေးမယ် ... ခက်ခက်ခဲခဲမေးရင် ပေါက်ကရတွေ ဖြေနေမှာစိုးလို့ လွယ်လွယ်ကလေးပဲ မေးမှာပါ ...

သားငယ် ။ ။ ဟုတ် ... ဟုတ်ကဲ့ပါ ဆရာကြီး ...

ဆရာဇော် ။ ။ ငါးပြီးရင် ဘယ်လောက်လဲ ?

သားငယ် ။ ။ ခြောက်ပါ ဆရာကြီး ...

ဆရာဇော် ။ ။ ရှစ်ပြီးရင်ကော ?

သားငယ် ။ ။ ကိုးပါ ဆရာကြီး ...

ဆရာဇော် ။ ။ အေး ... တော်တယ် ... ဘယ်သူနဲ့တူလို့ ...

သားငယ် ။ ။ ဖေဖေနဲ့တူလို့ ... အဲ ... အဖေ သင်ပေးထားလို့ပါ ဆရာကြီး ...

ဆရာဇော် ။ ။ အေး အေး ... ကောင်းတယ် ... ကောင်းတယ် ... အဖေ့ခြေရာနင်းမယ့် သားနဲ့ တူတယ် ... ဒီတစ်ခါတော့ ... းသုံးခုဖြေကွာ ... တစ်ဆယ်ပြီးရင် နောက်က ဆက်တိုက်လာမယ့် ဂဏန်းတွေက ဘာတွေလဲ ?

သားငယ် ။ ။ ဂျက်၊ ကွင်း၊ ကင်း ပါ ဆရာကြီး ...

 

ကိုဝဝက သူ့သားကို စာပေတွေ ဗဟုသုတတွေနဲ့ ပြည့်စုံနေအောင် စာအုပ်စင်လေး လုပ်ပေးထားတယ်။

စာအုပ်တွေလည်း ဝယ်ပေးထားတယ်။

ကလေးများအတွက် သုတပဒေသာသိုက်တို့၊ လစဉ်ထုတ် ကလေးဂျာနယ်တို့၊ ပုံဆွဲစာအုပ်တို့နဲ့ စာအုပ်စင်လေးပေါ့။

သားငယ်က ဒီနေ့တော့ သုတပဒေသာစာအုပ်တစ်အုပ်ကို ဟိုလှန် ဒီလှန်လုပ်နေတယ်။ သူနားမလည်တာတွေက အများကြီး။

သူ့အဖေကို မေးမလို့ လှည့်ကြည့်တော့ ပက်လက်ကုလားထိုင်ပေါ်မှာ ငိုက်နေတဲ့ ကိုဝဝ ...

သားငယ်က စာအုပ်ကိုဆွဲယူပြီး သူ့အဖေနားကိုကပ်သွားတယ်။

သူ့အဖေကို လှုပ်နှိုးပြီး ...

သားငယ် ။ ။ ဖေဖေ ... ဖေဖေ ... ထ,ဦး ... ဒီမှာ သားနားမလည်လို့ ...

ကိုဝဝ ။ ။ (အိပ်ချင်မူးတူးဖြင့် ခါးမတ်လိုက်ကာ) ဟမ် ... အော် ... အေး အေး ... ဘာမေးမလို့လဲ သား ...

သားငယ် ။ ။ (သူဖတ်နေတဲ့စာမျက်နှာကို လက်ညှိုးထိုးပြကာ) ဒီမှာလေ ဖေဖေ ... အာဖရိကတိုက်က ယောက်ျားတွေက သူတို့ မိန်းမတွေကို လက်မထပ်ခင်အထိ မသိဘူးဆို ... ?

ကိုဝဝ ။ ။ (မဒမ်ဝဝရှိရာ မီးဖိုချောင်ကို တစ်ချက်လှမ်းကြည့်ပြီး) အေး ... မှန်တာပေါ့ ... အဲ့ဒါက ဒီနိုင်ငံမှာရောပဲ ... ယောက်ျားတွေက လက်မထပ်ခင်အထိ သူတို့မိန်းမတွေ အကြောင်း လုံးဝမသိခဲ့ဘူး ...

လူလေးဦးဟာ ခရီးထွက်လာရင်းနဲ့ လူသူအရောက်အပေါက်နည်းလွန်းလှတဲ့ သဲကန္တာရအလယ်မှာ လမ်းပျောက်လို့နေပါတယ်။

ရက်နည်းနည်းကြာလို့ အစာရေစာမရှိတော့တဲ့နောက်မှာ လူတစ်ဦးဟာ သေဆုံးသွားခဲ့ပါတယ်။

ကျန်တဲ့သုံးယောက်က အသက်ဆက်ရှင်ဖို့အရေး သေဆုံးသွားတဲ့လူကို စားဖို့ မတတ်သာပဲ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။

စားသောက်ဖို့အတွက် ခွဲတမ်းချတဲ့နေရာမှာတော့ -

ပထမတစ်ဦး ။ ။ ဒီလိုလုပ်ကွာ ... ငါက ဘောလုံးပွဲဆိုရင် လစ်ဗာပူး (Liverpool) အသင်းကို အားပေးတယ် ... ဒီတော့ ငါက သူ့အသည်း (Liver) ကို စားမယ် ...

ဒုတိယတစ်ဦး ။ ။ ကောင်းသားပဲ ... ငါက မန်ယူဖန် (Manchester United) ကွ ... ဒီတော့ သူ့ရဲ့ ရင်ဘတ် (Chest) ကို စားမယ် ... (ကျန်သူတစ်ဦးဘက်လှည့်ပြီး) မင်းရော ? ...

တတိယတစ်ဦး ။ ။ ငါကတော့ အာကြီး (Arsenal) ရဲ့ တုံးတိုက်တိုက် ကျားကိုက်ကိုက် ဖန်ပါကွ ... ဒါပေမယ့် သူ့ရဲ့ အာဆင်နယ် (အမြှောက်) ကို စားဖို့ကတော့ ...

 

ကိုဝဝတို့ သားအဖနှစ်ယောက် ညစာစားပြီးတော့ အိမ်ရှေ့ဧည့်ခန်းမှာ ထမင်းလုံးစီနေကြတယ်။

သားဆိုတာ အမေချစ်များကြတော့ သားကို စ,တဲ့အနေနဲ့ ...

ကိုဝဝ ။ ။ သားရေ ... မင်းအမေနဲ့ ဖေဖေတို့နှစ်ယောက်ထဲမှာ ဘယ်သူ့ကို ပိုချစ်သလဲ ...

သားငယ် ။ ။ နှစ်ယောက်စလုံးကို အတူတူ ချစ်တာပဲ ...

ကိုဝဝ ။ ။ ကောင်းပြီလေ ... ဒါဆို ဖေဖေက တောင်ကြီးကို အလုပ်ကိစ္စနဲ့ ခရီးထွက်ရမယ် ... မေမေကလည်း ရန်ကုန်ကို သွားရမယ်ဆိုရင် ငါ့သား ဘယ်သူနဲ့လိုက်မလဲ ...

သားငယ် ။ ။ ရန်ကုန်ကို လိုက်မယ် ...

ကိုဝဝ ။ ။ ဟောကြည့် ... မင်းမေမေကို ပိုချစ်လို့ ရန်ကုန်ကို လိုက်သွားမယ် မဟုတ်လား ...

သားငယ် ။ ။ မဟုတ်ပါဘူး ဖေဖေရဲ့ ... ရွှေတိဂုံဘုရားဖူးပြီး ရုပ်ရှင်ကြည့်ချင်လို့ပါ ...

ကိုဝဝ ။ ။ အော် အေး ... ထားပါတော့ ... ဒီလိုဆို ဖေဖေက ရန်ကုန်ကို သွားရပြီးတော့ ... မင်းမေမေက တောင်ကြီးကို သွားရလို့ဆိုရင် ဘယ်သူနဲ့လိုက်ဦးမလဲ ...

သားငယ် ။ ။ တောင်ကြီးကို လိုက်မှာပေါ့ ...

ကိုဝဝ ။ ။ ကဲ ... ပေါ်ပြီ ... မင်းမေမေကို ပိုချစ်ပါတယ်ဆို ...

သားငယ် ။ ။ အော် ... ဖေဖေကလည်း သားက မေမေနဲ့တူတူ ရန်ကုန်ကို ရောက်ပြီးပြီလေ ... အဲ့ဒီတော့ မရောက်ရသေးတဲ့ တောင်ကြီးကိုပဲ လိုက်တော့မှာပေါ့ ... ဖေဖေက တုံးလိုက်တာ ...

ဆရာဇော် ဒီနေ့မနက် စောစောစီးစီး လမ်းထိပ်အလှူက ဒံပေါက်ငါးပွဲလောက်စားပြီး မအီမသာနဲ့ ...

အတန်းကလည်း သင်ရဦးမည်။

အေခန်းက ဆရာမလေးကလည်း ဒီနေ့ စာစစ်သွားတယ်ဆိုလား၊ သင်တန်းသွားတယ်ဆိုလား ...

ဒါ့ကြောင့် ဆရာဇော်တစ်ယောက် နှလုံးဟာပြီး ဗိုက်ပြည့်နေတာ ...

စာသင်ခန်းထဲရောက်တာကြာနေပေမယ့် အတန်းဒန့်စ် မခေါ်ရသေး။

သားငယ်တစ်ယောက် ဒီနေ့ မတွေ့ပါလား ... ဗိုက်ကလည်း အင့်နေတာမို့ အခန်းဝနဲ့ စာသင်ခုံတန်းတွေရှေ့မှာ နည်းနည်းလမ်းလျှောက်နေလိုက်တယ်။

ခဏနေမှ သားငယ်က အခန်းပေါက်က ကမန်းကတမ်းဝင်လာတယ် ... ဆရာဇော်က သားငယ်ရှေ့မှာရပ်လိုက်ပြီး ...

ဆရာဇော် ။ ။ သားငယ် ... ဘာဖြစ်လို့ နောက်ကျနေတာလဲ ...

သားငယ် ။ ။ ဟိုလေ ... ဆရာကြီး ... အိမ်ခေါင်းရင်းက အန်တီကြီးတစ်ယောက် ဒံပေါက်တွေစားပြီး မူးလဲလို့ အဖေတို့ ဆေးခန်းလိုက်ပို့နေတာ ... အဲ့ဒါနဲ့ ကျွန်တော့်ကို လိုက်ပို့တာ နည်းနည်း နောက်ကျသွားတာပါဆရာကြီး ...

ဆရာဇော်က သူ့စောင်းပြောသလိုလိုမို့ နည်းနည်းတော့ ကသိကအောင့်ဖြစ်သွားတယ်။

ဆရာဇော် ။ ။ အေး အေး ... ပြီးရော ... သွား ... ဝင် ဝင် ... ငါ အခုပဲ အတန်းဒန့်စ် ခေါ်တော့မလို့ ...

သားငယ်က ဆရာဇော့်ရှေ့က ခေါင်းငုံ့လျှောက်ပြီး အတန်းထဲဝင်တော့ လွယ်ထားတဲ့ ကျောပိုးအိတ်နဲ့ ဆရာဇော့်ဗိုက်နဲ့ ပွတ်မိသွားသေး ... (ဗိုက်ကပြည့်နေပါတယ်ဆိုမှ)

ဆရာဇော် အတန်းဒန့်စ်ခေါ်ပြီး ဂဏန်းသင်္ချာအကြောင်း သင်တယ်။

ဂဏန်းသင်္ချာဟာ လက်တွေ့ဘဝမှာလည်း အရေးပါတာမို့ ကျောင်းသားတွေကို ဉာဏ်စမ်းသဘောမျိုး မေးခွန်းလေးတွေ ထုတ်နေတယ်။

သားငယ်ကို ကြည့်လိုက်တော့ သားငယ် ဂဏာမငြိမ်။

ဆရာဇော် ။ ။ သားငယ် ... ဘာဖြစ်နေတာလဲ ...

သားငယ် ။ ။ (ဆတ်ခနဲမော့ကြည့်ပြီး) ဟို ... သင်္ချာစာအုပ် ကျန်ခဲ့လို့ပါ ဆရာကြီး ... ည ... ညက သင်္ချာတွက်ပြီး အိမ်မှာ မေ့ကျန်ခဲ့တာ ...

ဆရာဇော် ။ ။ (အခံဓာတ်လေးနဲ့) အင်း ... ဖြစ်ရမယ် မောင်သားငယ်တို့ ... ကောင်းပြီလေ ... မင်းကို ဒဏ်ပေးတဲ့အနေနဲ့ ငါမေးတာတွေ ဖြေစမ်းကွာ ... ကဲ ... မတ်တပ်ရပ် ...

သားငယ် ။ ။ (ခေါင်းကုတ်လျက် မတ်တပ်ထရပ်ကာ) ဟုတ် ... ဟုတ်ကဲ့ပါ ဆရာကြီး ...

ဆရာဇော် ။ ။ လွယ်လွယ်ပဲ မေးပါမယ်ကွာ ... အပေါင်း အနှုတ်တွေ ရလား ... (သားငယ်က ခေါင်းငြိမ့်ပြတယ်) ဒါဆို ... ဆရာကြီးက မင်းကို ငါးရာပေးမယ် ... အိမ်ပြန်ရောက်လို့ မင်းအမေဆီက လေးရာတောင်းရင် မင်းဆီမှာ ဘယ်လောက်ရှိမလဲ ...

သားငယ် ။ ။ (လက်ချောင်းတွေဖြန့်၊ လက်ချိုးရေပြီး ချက်ချင်းပဲ) ငါးရာပါဆရာကြီး ...

ဆရာဇော် ။ ။ ဟေ! ... မင်း အပေါင်းအနှုတ်မရဘူးလားကွာ ... ပြန်မေးမယ်ကွာ ... ဆရာကြီးက မင်းကို ငါးရာပေးတယ် ... မင်းအမေက လေးရာပေးရင် ...

သားငယ် ။ ။ (မဆိုင်းမဆွ ပြန်ဖြေလိုက်တယ်) ငါးရာပဲ ဆရာကြီး ...

ဆရာဇော် ။ ။ (စိတ်ပျက်ကာ) မဟုတ်ဘူးလေကွာ ... ဒါဆို မင်း သင်္ချာအကြောင်း မသိသေးဘူး ...

သားငယ် ။ ။ မဟုတ်ဘူးဆရာကြီး ... ဆရာကြီးက ကျွန်တော့်အမေအကြောင်းကို မသိတာ ... ဘယ်အချိန်တောင်းတောင်း အမေက တစ်ကျပ်မှကို မပေးတာ ...

ဆရာဇော် ။ ။ အမ် ... (ခေါင်းရမ်းလျက်) ထားပါတော့ ... ထားပါတော့ ... ငါကိုက မေးခွန်းမှားတာပါကွာ ... ဒီလိုလုပ် မင်းမိဘတွေ မပါတဲ့ မေးခွန်းပဲ မေးမယ်ကွာ ... ဆရာကြီးအိမ်ကို လာတော့ ဆရာကြီးအိမ်မှာ ကြောင်လေးတွေ မွေးထားတာ တွေ့ခဲ့တယ် မဟုတ်လား ...

သားငယ် ။ ။ (ခေါင်းငြိမ့်လျက်) ဟုတ်ကဲ့ပါ ဆရာကြီး ... ကျွန်တော် တွေ့ပါတယ် ... ဆရာကြီးအိမ်မှာ ကြောင်တွေကို ထိမ်းမယ့်သူမရှိဘဲ ဘာလို့ အများကြီး မွေးထားလဲလို့ အဖေ့ကို မေးကြည့်တော့ အဖေက လူပျိုကြီး အပျိုကြီးတွေ ဆိုတာ အဖော်ရအောင် အဲ့လိုပဲ ကြောင်တွေ၊ ခွေးတွေ မွေးတယ်လို့ ပြောပြပါတယ် ဆရာကြီး ...

ဆရာဇော် ကလိလိ ဖြစ်သွားရှာတယ်။ မိကျောင်းသားကရှည်တာနဲ့ပဲ တစ်တန်းလုံး ပြုံးစိစိနဲ့။ ကော်ရစ်ဒါက ဖြတ်သွားတဲ့ ဆရာမနှစ်ယောက်တောင် ပြုံးပြုံး ပြုံးပြုံးနဲ့ ကြည့်သွားသေးတယ်။ မဖြစ်ဘူး စကားစ ဖြတ်ရတော့မယ် ...

ဆရာဇော် ။ ။ အေး ... တော်ပြီ တော်ပြီ ... စာမေးတော့မယ် ... ဒီတစ်ခါတော့ မှန်အောင်ဖြေတော့ ... ဆရာကြီးမွေးထားတာ ကြောင်ဆယ်ကောင်ရှိတယ် ... ကြောင်လေးကောင်ကို မင်းကိုပေးမယ်ကွာ ... ဆရာကြီးဆီမှာ ဘယ်နှစ်ကောင်ကျန်ပြီး မင်းဆီမှာ ဘယ်နှစ်ကောင်ရမလဲ ...

သားငယ် ။ ။ (ချက်ချင်းပဲ ဖြေလိုက်တယ်) ဆရာကြီးဆီမှာ ခြောက်ကောင်ကျန်ပြီး ကျွန်တော့်ဆီမှာတော့ ငါးကောင်ဖြစ်သွားပါမယ် ...

ဆရာဇော် ။ ။ အာ .. ဒီကောင် ... ဆရာကြီးဆီမှာ ခြောက်ကောင်ကျန်တာတော့ မှန်ပါတယ် ... မင်းဆီမှာက ဘယ်လိုဖြစ်ပြီး ...

သားငယ် ။ ။ ကျွန်တော့်အိမ်မှာ ရွှေဝါရှိနေလို့ပါ ဆရာကြီး ...

 

မနေ့က ဆရာဇော်က အတန်းသားတွေကို ဘဝသင်ခန်းစာနဲ့ ပတ်သက်လို့ ပြောပြခဲ့တယ်။ ဘဝမှာ ပြုလုပ်ခဲ့၊ ကြုံတွေခဲ့ရတဲ့ အမှားတွေအပေါ် ဘယ်လိုသင်ခန်းစာရမလဲ၊ နောက်တစ်ကြိမ် နောင်တမရအောင် ဘယ်လို ပြုပြင်နေထိုင်ရမလဲဆိုတာ အတွေ့အကြုံယူတတ်ဖို့ ကလေးတွေကို သင်ပြခဲ့တာပေါ့။ သူငယ်ငယ်တုန်းက အတန်းထဲက မောင်သန့်နဲ့ နှုတ်ခမ်းထော်ပြီး ဘယ်လို ရန်ဖြစ်ခဲ့တာတွေ၊ ဆရာနဲ့ စိတ်ကောက်ပြီး ကျောင်းတံခါးဝကို စက်ဘီးနဲ့ တိုက်လို့ နဖူးမှာ အာလူးထသွားတာတွေကို နောင်တစ်ချိန် ဘယ်လို ဆင်ခြင်ရမလဲဆိုပြီး လက်ချာကောင်းကောင်းရိုက်ခဲ့တယ်။

ကလေးတွေကိုလည်း ဘဝသင်ခန်းစာဆိုတာကို စဉ်းစားဖို့ အိမ်စာပေးခဲ့တယ်။

ဒီနေ့တော့ ဆရာဇော် အတန်းထဲမှာ မေးပြီလေ။

ဆရာဇော် ။ ။ ကဲ ... သမီးခင်မိုးအေး ... ထ ... သမီးစဉ်းစားပြီးသွားပြီလား ... ဆရာတို့အားလုံးကို ပြောပြပါဦး ...

ခင် ။ ။ (အတန်းရှေ့ထွက်ပြီး မတ်တပ်ရပ်ပြောတယ်) သမီးဖေဖေက စိုက်ပျိုးမွေးမြူရေးခြံရှိတယ်လေ ... အဲ ... ကြက်ခြံလည်းရှိတယ် ... စနေနေ့တိုင်း ကြက်ဥတွေကို ကတ်တွေပေါ်မှာ စီထည့်ပြီး တနင်္ဂနွေဈေးအမှီ သွားပို့ရတယ် ... တစ်နေ့တော့ ကြက်ဥထည့်တဲ့ကတ်တွေ မလောက်တော့တာနဲ့ ကြက်ဥငါးဆယ်လောက်ကို ခြင်းတောင်းထဲထည့်ပြီး မြို့ပေါ်ကို ဆိုင်ကယ်နဲ့ ပို့တယ် ... ပုလင်းကွဲရွာကနေပို့တာဆိုတော့ လမ်းကြမ်းတော့ ဈေးလဲရောက်ရော ခြင်းတောင်းထဲက ကြက်ဥတွေက အကုန်ကွဲကုန်တာပဲ ...

ဒါနဲ့ ဆရာဇော်က ဘဝသင်ခန်းစာ ဘာရသလဲ မေးတော့

ခင် ။ ။ ကြက်ဥတွေကို ခြင်းတောင်းထဲထည့်ပြီး မသယ်ဖို့ပါ ဆရာကြီး ...

ဆရာဇော် ။ ။ အေး ... ကဲ သမီး ကျေးဇူးပါပဲ ... သိပ်ကောင်းတဲ့ သင်ခန်းစာပေါ့ကွယ် ... အားလုံးလက်ခုပ်တီးပြီး အားပေးလိုက်ပါဦး ... သမီးလည်း သွားထိုင်နိုင်ပါပြီ ... ကဲ ... ကျော်ကျော် ... သားရော ဘာသင်ခန်းစာအကြောင်း ပြောပြပေးဦးမလဲ ...

ကျော်ကျော် ။ ။ (ရှေ့ထွက်လာပြီး) သားလည်း အိမ်မှာ ကြက်ခြံရှိပါတယ်ဆရာကြီး ...

ဆရာဇော် ။ ။ အေး ... ဒါဆိုရင် သူငယ်ချင်းတွေကို ပြောပြလိုက်ပါဦး ...

ကျော်ကျော် ။ ။ သားတို့လည်း စနေနေ့တိုင်း ကြက်ဥကောက်ကြတယ် ... ကြက်ဆယ့်နှစ်ကောင်ကို ကြက်ဥဆယ့်နှစ်လုံးရပေမယ့် ပြီးခဲ့တဲ့ တစ်ပတ်ကတော့ ရှစ်လုံးပဲရတယ်ဆရာကြီး ...

ဆရာဇော် ။ ။ ပြီးသွားပြီလား ... (ကျော်ကျော်က ခေါင်းငြိမ့်ပြတော့) ဘာသင်ခန်းစာရလဲ ...

ကျော်ကျော် ။ ။ ကြက်တွေ ဥမပြီးမချင်း လှန်မကြည့်ပါနဲ့ ဆိုတာပါဆရာကြီး ...

ဆရာဇော် ။ ။ (ကြောင်အမ်းအမ်းနှင့်) အော် ... အေး ... အေး ... ကောင်းပါတယ် ကောင်းပါတယ် ... သူငယ်ချင်းကိုလည်း အားပေးလိုက်ကြပါဦး ... ကဲ ... နောက်တစ်ယောက် ဘယ်သူရှိမလဲ ... အော် ... သားငယ် ထ ... ပြောပြပါဦး ...

သားငယ် ။ ။ (အတန်းရှေ့စတိတ်စင်ပေါ်တက်ပြီး) သားကတော့ ကြက်တွေအကြောင်း မပြေချင်ပါဘူး ... သားအဖိုး အကြောင်းပြောပြပါမယ် ...

ဆရာဇော် ။ ။ အင်း ... စိတ်ဝင်စားစရာပါပဲ ... အကုန်လုံးသိအောင် ပြောပြပါဦး ...

သားငယ် ။ ။ သားရဲ့အဖိုးက ဂျပန်ခေတ်မှာ ဂျပန်တွေကို တိုက်ထုတ်ခဲ့တဲ့ မျိုးချစ်တစ်ယောက်တဲ့ ... စစ်ပွဲတွေ အများကြီး တိုက်ခဲ့ဖူးတယ်တဲ့ ...

ဆရာဇော် မျက်ခုံးနည်းနည်းမြင့်သွားပြီး သားငယ်အဖိုးရဲ့ အသက်ကို စိတ်ထဲကနေ တွက်နေမိတယ်။

သားငယ် ။ ။ ဂျပန်တွေကို ပျောက်ကြားစနစ်နဲ့ ချေမှုန်းရတယ်တဲ့ ... စစ်ပွဲတစ်ပွဲမှာဆို တိုက်ပွဲက ပြင်းထန်တယ်တဲ့ ... အဖိုးဘက်က ရဲဘော်တွေဟာ ဒဏ်ရာတွေရပေမယ့် ဂျပန်တွေတပ်ဖွဲ့က အယောက်တစ်ရာလောက် ကျန်သေးတယ်တဲ့ ... အဲ့ဒီမှာ အဖိုးက သေနတ်တွေကို ရသလောက်ကောက်ပြီး ဂျပန်ခုနစ်ဆယ်လောက်ကို တဒိုင်းဒိုင်းနဲ့ ပစ်လိုက်တာ အကုန်သေကုန်ရော ... ဂျပန်သုံးဆယ်လောက် ကျန်တော့ အဖိုးက ကျည်ကုန်သွားရော အဲ့ဒီမှာ သေနတ်က ဓားကို ဖြုတ်ပြီး ဂျပန်နှစ်ဆယ်လောက်ကို ရှင်းပစ်လိုက်တယ် ... ဆယ်ယောက်ကျန်တဲ့အချိန်မှာ အဖိုးရဲ့ ဓားက ကျိုးသွားတယ်တဲ့ ... အဲ့ဒါနဲ့ ကျန်တဲ့ ဂျပန်တွေကို အဖိုးက လက်သီးနဲ့ လိုက်ထိုးတာ အကုန်သေကုန်ရောတဲ့ ... အဲ့ဒါပဲ ဆရာကြီး ...

ဆရာဇော် သက်ပြင်းရှည်ကြီးချသွားရရှာတယ်။

ဆရာဇော် ။ ။ ဟင်း ...... ဒါဆို သားငယ်ရဲ့ ဘဝသင်ခန်းစာက ဘာရလဲ ? ဇွဲလုံ့လ ဝီရိယ မလျှော့ပဲ အလုပ်ကို ပြီးမြောက်အောင် သတ္တိရှိရှိနဲ့ လုပ်ဖို့လား ?

သားငယ် ။ ။ မဟုတ်ပါဘူး ဆရာကြီး ... အဖိုးအရက်မူးနေရင် စကားလုံးဝ လုံးဝ သွားမပြောဖို့ပါ ဆရာကြီး ...

 

ဒီတစ်ခါတော့ ကိုဝဝက ဝဏ္ဏ၊ နိုင်ကြီးတို့နဲ့ အတူတူ အလုပ်ကိစ္စတစ်ခုအတွက် ခရီးထွက်လာရတယ်။

မြို့တစ်မြို့ရောက်တော့ City View နဲ့ Sunset ကြည့်ဖို့ဆိုပြီး အထပ်မြင့်မြင့် ဟိုတယ်တစ်ခုမှာ တည်းလိုက်တယ်။

View ကောင်းကောင်းကြည့်ဖို့ ဟော်တယ်ရဲ့ အပေါ်ဆုံးထပ်ကို ယူလိုက်တယ်။

ကံဆိုးချင်တော့ ဓာတ်လှေကားပျက်နေတာနဲ့ပဲ အထပ်သုံးဆယ်ကို တက်ရတော့မယ်။ အထုပ်တွေလည်း များများစားစားမပါတာနဲ့ပဲ လှေကားကနေ တက်မယ်ဆိုပြီး ဆုံးဖြတ်လိုက်ကြတယ်။

ဒီအတိုင်းတက်ရမှာ ပျင်းစရာကောင်းနေတာနဲ့ပဲ အသံကောင်းတဲ့နိုင်ကြီးက ဆယ်ထပ်တိတိ သီချင်းဆိုပြ၊ ရုပ်တည်တည်နဲ့ပြောတတ်တဲ့ ဝဏ္ဏက ဟာသတွေကို ဆယ်ထပ်တိတိ ပြောပြ၊ ကိုဝဝကတော့ ဝမ်းနည်းဖွယ်ရာ ဇာတ်လမ်းလေးတွေကို ဆယ်ထပ်တိတိ ပြောပြဖို့ သဘောတူကြပြီး လှေကားကနေ တက်လာခဲ့တယ်။

နိုင်ကြီးကတော့ အာကြီးသီချင်းတို့၊ စမ်းစမ်းလှိုင်လှိုင်သီချင်းတို့၊ လေးဖြူတို့ ဆိုပြီး တက်လာလိုက်တာ ကျန်တဲ့နှစ်ယောက်က ဟာမိုနီလိုက်ရင်းနဲ့ မမောမပန်းပေါ့။

ဆယ်ထပ်ပြီးတော့ ဝဏ္ဏရဲ့အလှည့်၊ သူစင်္ကာပူမှာ ကြုံခဲ့ရတဲ့ အဖြစ်အပျက်တွေကို ပြောပြ၊ ကျောင်းတက်တုန်းက အဖြစ်တွေကို ပြန်နွှေး၊ ရယ်ရယ်မောမောနဲ့ နောက်ထပ်ဆယ်ထပ်ကို ဘယ်လိုရောက်လို့ ရောက်သွားမှန်း မသိဘူး။

ကဲ ... ကိုဝဝ အလှည့် ...

ဝမ်းနည်းစရာ ကြေကွဲဖွယ်ရာ ဇာတ်လမ်းတွေကို ပြောရတာ တော်တော်လက်ပေါက်ကပ်တယ် ...

ရှင်မွှေးလွန်းနဲ့ မင်းနန္ဒာတို့၊ ကိန္နရီ ကိန္နရာတို့၊ တိုက်တန်းနစ်တို့ကို အတိုချုံးပြောပြတယ် ... အူလှိုက်သဲလှိုက် လွမ်းတသသ မျက်ရည်တဖြိုက်ဖြိုက်ကျအောင် ပြောပြတယ် ...

မရဘူး ...

ဟိုနှစ်ကောင်က တခိခိနဲ့ ...

ဘာပဲပြောပြော ...

နှစ်ဆယ့်ကိုးထပ်ကို ရောက်လာတယ် ...

ကိုဝဝ ရုတ်တရက် ရပ်လိုက်တယ် ... ပြီးတော့ ဝမ်းနည်းစရာအကောင်းဆုံး ဇာတ်လမ်းတစ်ပုဒ်ကို ပြောပြလိုက်တယ် ...

“ဟရောင်တွေ ... အခန်းသော့က ရီဆက်ရှင်မှာ ကျန်ခဲ့တယ်ကွ”

ဟိုနှစ်ကောင် ဒူးတွေတုန်နေပြီး မျက်ရည်တွေဝဲကုန်ရော ...

 

ကိုဝဝတို့ ဒီနေ့ ဖွားခန်းစောင့်နေရပြီလေ ...

မဒမ်ဝဝက မျက်နှာမြင်တော့မှာ ... အော်ပရေးရှင်းခန်းအရှေ့မှာ ကိုဝဝအပါအဝင် လာစောင့်နေကြတဲ့ ယောက်ျားသားလေးယောက် ... စိတ်တွေလှုပ်ရှားနေကြတယ် ... ပွစိ ပွစိနဲ့ ရှင်ဥပဂ္ဂုတ္တရွတ်လိုရွတ်၊ နမောတဿရွတ်လိုရွတ်၊ အင်္ဂုလိမာလသုတ်ရွတ်လိုရွတ်ပေါ့ ...

ခဏနေတော့ နာ့စ်တစ်ယောက်ထွက်လာတယ်။

နာ့စ် ။ ။ ကိုဇော် ဝမ်းသာပါတယ်ရှင် ... အမွှာလေးမွေးတယ်ရှင့် ...

ကိုဇော် ။ ။ (ဝမ်းသာတဲ့မျက်နှာနဲ့ ကျန်တဲ့သူတွေဘက်လှည့်ကာ) တိုက်ဆိုင်လိုက်တာဗျာ ... မိန်းမရဲ့အိပ်မက်အရ မနုဿီဟဆီမှာ သွားဆုတောင်းတာ ...

ကျန်တဲ့သူတွေလည်း ကွန်ဂရက်ကျူလေးရှင်း လုပ်လိုက်ကြတယ် ...

နောက် နာ့စ်တစ်ဦးထပ်ထွက်လာတယ်။

နာ့စ် ။ ။ ကိုနိုင်ကြီး ဝမ်းသာပါတယ်ရှင် ... သုံးမွှာပူးလေးရှင့် ...

ကိုနိုင်ကြီး ။ ။ (စိတ်လှုပ်ရှားစွာဖြင့်) ကျေး ... ကျေး ... ကျေးဇူးပါဗျာ ... ကျွန်တော်လည်း မိန်းမအိပ်မက်အရပဲ ... သုံးရာသီ ကိတ်မုန့်ဝယ်စားတယ်ဆိုပြီး ...

ကျန်တဲ့သူတွေလည်း ကွန်ဂရက်ကျူလေးရှင်း လုပ်လိုက်ကြတယ် ...

နောက်ထပ် နာ့စ်တစ်ဦး ထပ်ထွက်လာတယ်။

နာ့စ် ။ ။ ကိုဝဏ္ဏ ဝမ်းသာပါတယ်ရှင် ... ရှင်ကတော့ ထူးထူးခြားခြား ဂုဏ်ထူးဆောင်ပဲ ... ကျွန်မတို့ဆေးရုံကနေ လေးမွှာပူးလေးကို ကျန်းကျန်းမာမာနဲ့ မွေးပေးလိုက်နိုင်တယ်ရှင့် ...

ကိုဝဏ္ဏ ။ ။ (မျက်နှာ ရှုံ့မဲ့မဲ့နဲ့) ထူးထူးဆန်းဆန်းဗျာ ... မိန်းမအိပ်မက်က ပန်းသီးလေးလုံးတောင် စားတယ်တဲ့ ... အီး ...

ကိုဝဝ ဂဏာမငြိမ်တော့ ...

ဘေးနား စားပွဲပေါ်က တစ်ရှူးတွေ ကောက်ဆွဲဝါးပြီး နံရံနဲ့ နောက်စေ့နဲ့ ဆောင့်ဆောင့်နေတော့တယ် ...

ကျန်တဲ့သုံးယောက်က လန့်သွားပြီး ဘာဖြစ်တာလဲလို့ မေးမြန်းရာ ...

ဝက်နင်းထားတဲ့ နှောက်ချေးမျက်နှာနဲ့ ကိုဝဝဟာ မျက်ရည်လည်ရွဲ နှပ်တွေရွှဲပြီး ...

“ကျော့်မိန်းမက ... အိပ်မက်ထဲမှာတဲ့ ... အီး ... ဟီး ... ဟီး ... လားရှိုးခုနှစ်လွှာပေါက်ဆီ သုံးလုံးတောင် ထိုင်စားခဲ့တာတဲ့ ... အီး .. ဟီး ... ဟီး ...”

ဒီနေ့တော့ ဆရာဇော် ဒေါပွနေသည်။

ဒီနှစ် လွတ်လပ်ရေးအကြို ကျောင်းတွင်းအားကစားပြိုင်ပွဲမှာ သူ့အတန်းဖြစ်တဲ့ ငါးတန်းက ကလေးတွေ တစ်ယောက်မှ မစွံခဲ့ပေ။

ကာယနဲ့ ပတ်သက်ပြီး ပြေး၊ ခုန်၊ ပစ် တစ်ယောက်မှ မရ။

ဉာဏနဲ့ ပတ်သက်ပြီး ဉာဏ်စမ်းပြိုင်ပွဲ တစ်မှတ်မှ မရ။

စကားရည်လုကျတော့ တစ်ယောက်နှစ်ယောက်လောက် အတင်းဝင်ပြိုင်ခိုင်းလိုက်ပါတယ်၊ စကားရည်လုရမယ့်အစား စကားနိုင်လုပြီး ကလေးတွေ နပမ်းလုံးတော့မလို့ ဝင်ဆွဲရတာနဲ့ပဲ ပြိုင်ပွဲကပြုတ်။

ဘောလုံးပွဲကတော့ မဆိုးပါဘူး၊ ဘောလုံးနောက်ကို တစ်သင်းလုံးပြုံလိုက်နေလို့ ဘဲဥမကွဲ။

အဲ့ဒီတော့ ဆရာဇော် ပွပြီပေါ့ ... ပါဝါမျက်မှန်ကြီး တဝင့်ဝင့်နဲ့ အတန်းထဲ ကြိမ်းမောင်းနေလိုက်တာ အာဆင်ဝင်းဂါးအရှုံးပေးရလောက်တယ်။

ဆရာဇော် ။ ။ ကဲ ... မင်းတို့ မစွံတာက ကိစ္စမရှိဘူး ... အေခန်းအတန်းပိုင် ဆရာမကပါ ငါ့မကြည်တော့ဘူး ... အဲ ... ထားပါတော့ ... မင်းတို့တွေကွာ ... ငါ့မျက်နှာမှ မထောက် ... မထူးပါဘူး ... မင်းတို့ကို မှတ်လောက်အောင် ဒဏ်ပေးရမယ် ... မင်းတို့တတွေထဲက ငတုံးတွေ မတ်တပ်ရပ်စမ်းကွာ ...

တစ်တန်းလုံး မျက်နှာသေလေးတွေနဲ့ ဖြစ်နေပေမယ့် တစ်ယောက်မှ မရပ်ချေ။

ဆရာဇော် (ပိုတင်းလာကာ) ။ ။ မရပ်ကြသေးဘူးလား ... ဟော့နားကကောင်တွေ အဆိုးဆုံးပဲ ဆိုတာ ငါ သိတယ်နော် ... ငတုံးတွေ မတ်တပ်ရပ်လိုက်ကြစမ်း ...

ဘယ်သူမှ မရပ်သေး။

ဆရာဇော် (ဒပ်စတာကြီး တရမ်းရမ်းနဲ့) ။ ။ အေး ... ငတုံးတွေ မတ်တပ်မရပ်ဘူး ဆိုရင် ... ငါနဲ့ တွေ့မယ်နော် ...

သားငယ် ထ,ရပ်တာကို တွေ့လိုက်ရတဲ့ ဆရာဇော် မျက်နှာနည်းနည်းပြုံးသွားတယ်။

ဆရာဇော် ။ ။ ကဲ ... နောက်ဆုံးတော့ ငတုံးတစ်ယောက်က ကိုယ့်ကိုယ်ကို သိပြီး မတ်တပ်ရပ်ပြီ ... ကျန်တဲ့သူတွေလည်း ရပ်ကြ ...

သားငယ် (လက်တရမ်းရမ်းနဲ့ ကာပြလိုက်ပြီး) ။ ။ မ ... မ ... မဟုတ်ပါဘူး ဆရာကြီး ... ကျွန်တော် ငတုံး မဟုတ်ပါဘူး ...

ဆရာဇော် ။ ။ ဟမ် ... ဒါဖြင့် ... ဘာလို့ မတ်တပ်ရပ်တာလဲ ...

သားငယ် (မချိပြုံးလေးဖြင့်) ။ ။ ဟို ... ဟို ... ဆရာကြီး တစ်ယောက်တည်း ရပ်နေရတာကို မကြည့်ရက်လို့ ... အားနာလို့ပါ ....

 

နှစ်တန်းတက်နေတဲ့ သားငယ်နဲ့ သူ့သူငယ်ချင်းတို့ စကားများနေကြတယ်။

ကျောင်းသားတစ်ယောက်လာပြောလို့ ဆရာဇော်တစ်ယောက် ခပ်သုတ်သုတ်လိုက်သွားတယ်။

ကျောင်းကော်ရစ်ဒါမှာ သားငယ်နဲ့ သူ့သူငယ်ချင်းတို့ ပိုက်ဆံတစ်ရွက်ကိုင်ပြီး သူရသင့်တယ် ငါရသင့်တယ်နဲ့ စကားများနေကြတယ်။

ကလေးတွေက ဒီအရွယ်ဆိုတော့ ကတ်တပ်တပ်ရယ်။

ဆရာဇော် အနားသွားပြီး မေးတယ်။

“သားငယ် ... မင်းတို့ ခဏနေကြဦး ... ဆရာကြီးကို ဘာတွေဖြစ်နေတာလဲဆိုတာ ပြောဦး ... ဆရာကြီးဖြေရှင်းပေးမယ်”

သားငယ်က နှစ်ရာတန်ပိုက်ဆံကို ထောင်ပြပြီး

“သားတို့ ဒီနေ့ မုန့်စားကျောင်းဆင်းတော့ မုန့်ဝယ်စားပြီး ဘောလုံးကွင်းနားက ပြန်လာတာ ... အဲ့ဒီမှာ သားက ပိုက်ဆံကို တွေ့လို့ ...”

သူငယ်ချင်းက ဖြတ်ပြောတယ် ...

“ဟရောင် ... ငါတို့ အတူတူတွေ့တာလေ ... (ဆရာဇော့်ဘက်ပြန်လှည့်ပြီး) သားတို့ နှစ်ယောက်စလုံး အတူတူတွေ့တာ ဆရာကြီး ...”

ဆရာဇော်က ခေါင်းငြိမ့်ပြီး ..

“အေး ... အတူတူတွေ့တယ်ပဲထား ... မင်းတို့တွေက ဘယ်သူ့ပိုက်ဆံလဲဆိုတာ လိုက်မမေးဘူးလား”

မာစတာဘရိန်း သားငယ်က

“ဟာ ... ဆရာကြီးကလဲ ... လူတွေက ယုံရတာ မဟုတ်ဘူးလေ ... သူ့ပိုက်ဆံ မဟုတ်ဘဲ ဟုတ်တယ်ပြောပြီး ယူသွားရင် ဘယ့်နှယ့်လုပ်မလဲ”

ဆရာဇော်က စဉ်းစားကာ ခေါင်းတဆတ်ဆတ်ငြိမ့်ကာ ...

“ဒါလည်း ဟုတ်သားပဲ ... နေပါဦး ... မင်းတို့က အဲ့အနားမှာ စောင့်ပြီး ပိုက်ဆံကျပျောက်လို့ လာရှာတဲ့သူတွေ ဘာတွေ မတွေ့ဘူးလား”

“ဆရာကြီးကလဲ ... မုန့်စားကျောင်းဆင်းတာ ခဏလေးပဲလေ ... ခေါင်းလောင်းထိုးတော့ သားတို့လည်း ပြန်လာကြတာပေါ့ ...”

“အင်း ဆက်ပြောပါဦး ...”

“အဲ့ဒါနဲ့ ... သားတို့က ပိုက်ဆံကို ခွဲလည်းမယူချင်ကြဘူးဆိုတော့ ... သားတို့နှစ်ယောက် စကားနိုင်လုကြတာ ...”

“အင်း ... ဘယ်လိုလဲ”

“အကောင်းဆုံး လိမ်ပြောနိုင်တဲ့သူကို ပေးမယ်လို့”

ဆရာဇော် စိတ်လေသွားတယ်။

“ဟာကွာ ... မင်းတို့က မဟုတ်က ဟုတ်က ... ပြိုင်စရာရှားလို့ ... လိမ်ပြောနိုင်တာကို ပြိုင်ရသလား”

“ဟုတ်တယ် ဆရာကြီး ... သားတို့နှစ်ယောက် စကားနိုင်လုတာ ဘယ်သူက အကောင်းဆုံးမှန်းမသိလို့”

ကလေးတွေ မုသာဝါဒကို မကျူးလွန်ရအောင် ဆရာဇော့်တာဝန်ဖြစ်လာပြီ မဟုတ်လား ...

“မင်းတို့ကွာ ... ငယ်ငယ်ရွယ်ရွယ်နဲ့ လိမ်တဲ့စကားပြောတယ်ဆိုတာ မကောင်းဘူးကွ ... ဟုတ်ပြီလား ... ဆရာကြီး ငယ်ငယ်တုန်းက ... အဲ ... မင်းတို့အရွယ်တုန်းကဆိုရင် လိမ်ပြောတယ်ဆိုတာ ဘာမှန်းကို မသိတာ ...”

သားငယ် သက်ပြင်းချလိုက်တယ်။ သူ့သူငယ်ချင်းကိုလှည့်ကြည့်ပြီး သူ့သူငယ်ချင်းက ပြန်ခေါင်းငြိမ့်ပြလိုက်တဲ့အခါ ...

ဆရာဇော့်လက်ကို ဆွဲယူပြီး လက်ထဲကို နှစ်ရာတန်ပိုက်ဆံလေး ထည့်ပေးလိုက်ပါတော့တယ်။