မနေ့က ဆရာဇော်က အတန်းသားတွေကို ဘဝသင်ခန်းစာနဲ့ ပတ်သက်လို့ ပြောပြခဲ့တယ်။ ဘဝမှာ ပြုလုပ်ခဲ့၊ ကြုံတွေခဲ့ရတဲ့ အမှားတွေအပေါ် ဘယ်လိုသင်ခန်းစာရမလဲ၊ နောက်တစ်ကြိမ် နောင်တမရအောင် ဘယ်လို ပြုပြင်နေထိုင်ရမလဲဆိုတာ အတွေ့အကြုံယူတတ်ဖို့ ကလေးတွေကို သင်ပြခဲ့တာပေါ့။ သူငယ်ငယ်တုန်းက အတန်းထဲက မောင်သန့်နဲ့ နှုတ်ခမ်းထော်ပြီး ဘယ်လို ရန်ဖြစ်ခဲ့တာတွေ၊ ဆရာနဲ့ စိတ်ကောက်ပြီး ကျောင်းတံခါးဝကို စက်ဘီးနဲ့ တိုက်လို့ နဖူးမှာ အာလူးထသွားတာတွေကို နောင်တစ်ချိန် ဘယ်လို ဆင်ခြင်ရမလဲဆိုပြီး လက်ချာကောင်းကောင်းရိုက်ခဲ့တယ်။

ကလေးတွေကိုလည်း ဘဝသင်ခန်းစာဆိုတာကို စဉ်းစားဖို့ အိမ်စာပေးခဲ့တယ်။

ဒီနေ့တော့ ဆရာဇော် အတန်းထဲမှာ မေးပြီလေ။

ဆရာဇော် ။ ။ ကဲ ... သမီးခင်မိုးအေး ... ထ ... သမီးစဉ်းစားပြီးသွားပြီလား ... ဆရာတို့အားလုံးကို ပြောပြပါဦး ...

ခင် ။ ။ (အတန်းရှေ့ထွက်ပြီး မတ်တပ်ရပ်ပြောတယ်) သမီးဖေဖေက စိုက်ပျိုးမွေးမြူရေးခြံရှိတယ်လေ ... အဲ ... ကြက်ခြံလည်းရှိတယ် ... စနေနေ့တိုင်း ကြက်ဥတွေကို ကတ်တွေပေါ်မှာ စီထည့်ပြီး တနင်္ဂနွေဈေးအမှီ သွားပို့ရတယ် ... တစ်နေ့တော့ ကြက်ဥထည့်တဲ့ကတ်တွေ မလောက်တော့တာနဲ့ ကြက်ဥငါးဆယ်လောက်ကို ခြင်းတောင်းထဲထည့်ပြီး မြို့ပေါ်ကို ဆိုင်ကယ်နဲ့ ပို့တယ် ... ပုလင်းကွဲရွာကနေပို့တာဆိုတော့ လမ်းကြမ်းတော့ ဈေးလဲရောက်ရော ခြင်းတောင်းထဲက ကြက်ဥတွေက အကုန်ကွဲကုန်တာပဲ ...

ဒါနဲ့ ဆရာဇော်က ဘဝသင်ခန်းစာ ဘာရသလဲ မေးတော့

ခင် ။ ။ ကြက်ဥတွေကို ခြင်းတောင်းထဲထည့်ပြီး မသယ်ဖို့ပါ ဆရာကြီး ...

ဆရာဇော် ။ ။ အေး ... ကဲ သမီး ကျေးဇူးပါပဲ ... သိပ်ကောင်းတဲ့ သင်ခန်းစာပေါ့ကွယ် ... အားလုံးလက်ခုပ်တီးပြီး အားပေးလိုက်ပါဦး ... သမီးလည်း သွားထိုင်နိုင်ပါပြီ ... ကဲ ... ကျော်ကျော် ... သားရော ဘာသင်ခန်းစာအကြောင်း ပြောပြပေးဦးမလဲ ...

ကျော်ကျော် ။ ။ (ရှေ့ထွက်လာပြီး) သားလည်း အိမ်မှာ ကြက်ခြံရှိပါတယ်ဆရာကြီး ...

ဆရာဇော် ။ ။ အေး ... ဒါဆိုရင် သူငယ်ချင်းတွေကို ပြောပြလိုက်ပါဦး ...

ကျော်ကျော် ။ ။ သားတို့လည်း စနေနေ့တိုင်း ကြက်ဥကောက်ကြတယ် ... ကြက်ဆယ့်နှစ်ကောင်ကို ကြက်ဥဆယ့်နှစ်လုံးရပေမယ့် ပြီးခဲ့တဲ့ တစ်ပတ်ကတော့ ရှစ်လုံးပဲရတယ်ဆရာကြီး ...

ဆရာဇော် ။ ။ ပြီးသွားပြီလား ... (ကျော်ကျော်က ခေါင်းငြိမ့်ပြတော့) ဘာသင်ခန်းစာရလဲ ...

ကျော်ကျော် ။ ။ ကြက်တွေ ဥမပြီးမချင်း လှန်မကြည့်ပါနဲ့ ဆိုတာပါဆရာကြီး ...

ဆရာဇော် ။ ။ (ကြောင်အမ်းအမ်းနှင့်) အော် ... အေး ... အေး ... ကောင်းပါတယ် ကောင်းပါတယ် ... သူငယ်ချင်းကိုလည်း အားပေးလိုက်ကြပါဦး ... ကဲ ... နောက်တစ်ယောက် ဘယ်သူရှိမလဲ ... အော် ... သားငယ် ထ ... ပြောပြပါဦး ...

သားငယ် ။ ။ (အတန်းရှေ့စတိတ်စင်ပေါ်တက်ပြီး) သားကတော့ ကြက်တွေအကြောင်း မပြေချင်ပါဘူး ... သားအဖိုး အကြောင်းပြောပြပါမယ် ...

ဆရာဇော် ။ ။ အင်း ... စိတ်ဝင်စားစရာပါပဲ ... အကုန်လုံးသိအောင် ပြောပြပါဦး ...

သားငယ် ။ ။ သားရဲ့အဖိုးက ဂျပန်ခေတ်မှာ ဂျပန်တွေကို တိုက်ထုတ်ခဲ့တဲ့ မျိုးချစ်တစ်ယောက်တဲ့ ... စစ်ပွဲတွေ အများကြီး တိုက်ခဲ့ဖူးတယ်တဲ့ ...

ဆရာဇော် မျက်ခုံးနည်းနည်းမြင့်သွားပြီး သားငယ်အဖိုးရဲ့ အသက်ကို စိတ်ထဲကနေ တွက်နေမိတယ်။

သားငယ် ။ ။ ဂျပန်တွေကို ပျောက်ကြားစနစ်နဲ့ ချေမှုန်းရတယ်တဲ့ ... စစ်ပွဲတစ်ပွဲမှာဆို တိုက်ပွဲက ပြင်းထန်တယ်တဲ့ ... အဖိုးဘက်က ရဲဘော်တွေဟာ ဒဏ်ရာတွေရပေမယ့် ဂျပန်တွေတပ်ဖွဲ့က အယောက်တစ်ရာလောက် ကျန်သေးတယ်တဲ့ ... အဲ့ဒီမှာ အဖိုးက သေနတ်တွေကို ရသလောက်ကောက်ပြီး ဂျပန်ခုနစ်ဆယ်လောက်ကို တဒိုင်းဒိုင်းနဲ့ ပစ်လိုက်တာ အကုန်သေကုန်ရော ... ဂျပန်သုံးဆယ်လောက် ကျန်တော့ အဖိုးက ကျည်ကုန်သွားရော အဲ့ဒီမှာ သေနတ်က ဓားကို ဖြုတ်ပြီး ဂျပန်နှစ်ဆယ်လောက်ကို ရှင်းပစ်လိုက်တယ် ... ဆယ်ယောက်ကျန်တဲ့အချိန်မှာ အဖိုးရဲ့ ဓားက ကျိုးသွားတယ်တဲ့ ... အဲ့ဒါနဲ့ ကျန်တဲ့ ဂျပန်တွေကို အဖိုးက လက်သီးနဲ့ လိုက်ထိုးတာ အကုန်သေကုန်ရောတဲ့ ... အဲ့ဒါပဲ ဆရာကြီး ...

ဆရာဇော် သက်ပြင်းရှည်ကြီးချသွားရရှာတယ်။

ဆရာဇော် ။ ။ ဟင်း ...... ဒါဆို သားငယ်ရဲ့ ဘဝသင်ခန်းစာက ဘာရလဲ ? ဇွဲလုံ့လ ဝီရိယ မလျှော့ပဲ အလုပ်ကို ပြီးမြောက်အောင် သတ္တိရှိရှိနဲ့ လုပ်ဖို့လား ?

သားငယ် ။ ။ မဟုတ်ပါဘူး ဆရာကြီး ... အဖိုးအရက်မူးနေရင် စကားလုံးဝ လုံးဝ သွားမပြောဖို့ပါ ဆရာကြီး ...