သားငယ်က နှစ်တန်းတက်နေပြီလေ။ ဒီနေ့တော့ အတန်းပိုင်ဆရာ ဆရာဇော်က အိမ်စာပေးလိုက်တယ်။ အိမ်မှာရှိတဲ့သူတွေ ပြောတဲ့စကားတွေကို မှတ်လာခဲ့တဲ့။ ကလေးတွေရဲ့ ပတ်ဝန်းကျင်အပေါ် ထိတွေ့မှုကို စမ်းသပ်တဲ့သဘောနဲ့ပေါ့။
ကျောင်းကပြန်ရောက်တာနဲ့ အိမ်စာဟာ သူ့အတွက်တာဝန်တစ်ရပ်လို ဖြစ်လာပြီလေ။ ဒါနဲ့ လွယ်အိတ်ချ၊ အဝတ်အစားလဲပြီး စာအုပ်တစ်အုပ်နဲ့ ဘောပင်တစ်ချောင်းယူ၊ သူ့အမေကို လိုက်ရှာတာပေါ့။ အမေချစ်ဆိုတော့လည်း အမေ့ကို အားကိုးတာ။
မဒမ်ဝဝက အိမ်ရှေ့ဆက်တီခုံမှာထိုင်ရင်း ဖုန်းပြောနေတယ်။ ရေးကြီးခွင်ကျယ်တော့မဟုတ်ပါဘူး။ မနေ့က မကြည့်လိုက်ရဘဲ လွတ်သွားတဲ့ စောမြဇာတ်ကားအကြောင်းကို သူ့သူငယ်ချင်းဆီ ဖုန်းဆက်ပြီး မေးနေတာ။ နောက်တစ်ကြိမ်ပြန်ပြတော့လည်း မမှီလိုက်ဘူးလေ။ ဇာတ်လမ်းဇာတ်ကွက်ကို တစ်ဘက်သူငယ်ချင်းပြောပြနေလို့ စီးမြောနေတာ။
သားငယ်က သူ့အမေနားကပ်သွားတယ်။ စာအုပ်ကို ထိုးပြရင်း
“မေမေ ... အိမ်စာပေးလိုက်လို့ ...”
သူ့အမေက လက်ကာပြရင်း ဖုန်းဆက်ပြောနေတယ်။ ဗီလိန်အပေါ် ဒေါလအလိပ်လိုက်ထွက်ပြီး မဒမ်ဝဝ ဖီးလ်နေပြီလေ။ ဒါကိုအလိုက်မသိတဲ့ သားငယ်က စာအုပ်နဲ့ သူ့အမေလက်ကိုထိုးထိုးပြီး ဆက်ပြောနေတယ်။
“မေမေ ... ဆရာက အိမ်မှာရှိတဲ့သူတွေရဲ့ စကားတွေကို မှတ်လာခဲ့ရမယ်လို့ ...”
သားငယ်စကားတောင်မဆုံးသေးဘူး။ မဒမ်ဝဝက ဖုန်းကို လက်ဖဝါးနဲ့အုပ်ပြီး သားငယ်ကို မျက်မှောင်ကျုတ်ကြည့်ကာ
“သွားစမ်းပါဟယ် ...”
ဇာတ်ကား အနှစ်သာရလေးတွေ ပျက်မှာစိုးလို့ မောင်းထုတ်လိုက်တယ်။ ပြီးတော့ ဖုန်းဆက်ပြောနေတယ်။ သားငယ်လည်း ခေါင်းကုတ်ပြီး စာအုပ်ထဲ ရေးလိုက်တော့တယ်။
သားငယ်မျက်လုံးက မန်ယူဘောပွဲကြည့်နေတဲ့ သူ့အဖေကိုဝဝဆီရောက်သွားတယ်။ တစ်ချက်ပြုံးပြီး သူ့အဖေနား သွားထိုင်တယ်။
“ဒိုး စမ်း ကွာ ...”
ကိုဝဝက မန်ယူရှေ့တန်းတိုက်စစ်မှူး မားကပ်စ်ရဲ့ ကစားပုံတွေကို အားမရလို့ လူစားလဲစေချင်နေတာနဲ့ အော်မိလိုက်တယ်။ သူ့သား အနားရောက်နေတာတောင် သတိမထားမိဘူး။
သားငယ်လည်း တာဝန်အရ စာအုပ်ထဲမှတ်လိုက်ပြန်တယ်။
သားငယ်စဉ်းစားတယ်။ အန်တီလေး အခန်းထဲ ပြေးသွားတယ်။ အန်တီလေးက သူ့ဘဲဘဲနဲ့ ဖုန်းပြောနေတာ။ တိုးတိုး တိုးတိုးပြောနေတော့ ဘာသံမှ မကြားရဘူး။ ရယ်သံခပ်တိုးတိုးပဲ ကြားရတယ်။ စာအုပ်ထဲမှာ ရေးလိုက်တယ်။ “အဟိ ဟိ ဟိ ...”
ပြီးတော့ သားငယ် အိမ်က ဘယ်သူကျန်သေးလည်းဆိုတာ ကြည့်တော့ အဒေါ်တစ်ယောက်နဲ့ သူ့သား အိမ်လာလည်ကြတာကို သတိရလိုက်တယ်။ သူ့ညီတစ်ဝမ်းကွဲကို ကျောင်းမသွားခင်က သူ့အရုပ်တွေနဲ့ ပေးဆော့ထားခဲ့တာပဲ။ ဟိုကောင်က အခုမှ လေးနှစ်ရယ်။
အဲ့ဒါကြောင့် အပေါ်ထပ်ကိုတက်ကြည့်တယ်။ အဒေါ်ကတော့ မီးပူတိုက်နေတယ်။ ဟိုကောင်က ခပ်လှမ်းလှမ်းမှာ အရုပ်သောင်းပြောင်းအပုံလိုက်ကြားမှာ ...
“စူပါမန်းကွ ... ဟိုင်းယား ...”
ဝတ်ရုံခြုံထားတဲ့ စူပါမန်းအရုပ်ကို ကားအရုပ်တွေကြားထဲ လွှင့်ပစ်လိုက်တယ်။ အဲ့ဒါကိုကြားတဲ့ သားငယ်က စာအုပ်ဖွင့်ပြီးရေးတယ်။
---
နောက်တစ်နေ့ ကျောင်းစာသင်ခန်းထဲ ...
ဆရာဇော်က အတန်းဒန့်စ်ခေါ်ပြီး အိမ်စာတွေ စစ်နေတယ်။
သားငယ်အလှည့်ပေါ့ ... ဆရာဇော်က သားငယ်ရှေ့မှာ ရပ်ပြီး
“ကဲ သားငယ် ... အိမ်စာပြီးပြီလား”
သားငယ်က ခေါင်းငြိမ့်ပြီး လွယ်အိတ်ထဲက စာအုပ်ထုတ်ပြီး ဖွင့်လိုက်တယ်။ ဆရာဇော်က ဆက်ပြောတယ်။
“ဒါဆို သားငယ် ... မနေ့က ဆရာမှတ်ခိုင်းလိုက်တဲ့ ... စကားတွေက ဘာတွေလဲ”
သားငယ်က စာဖတ်ပြရင် မပီပြင်မှာစိုးလို့ သူ့အမေရဲ့ ဟန်ပန်အမူအရာအတိုင်း မျက်မှောင်ကျုတ်ပြီး ဆရာဇော့်ကိုကြည့်ကာ
“သွားစမ်းပါဟယ် ...”
ဆရာဇော်လည်း ကြောင်တောင်တောင် ဖြစ်သွားတယ်။
“ဘာ ... ဘာပြောတယ် ... ???”
သားငယ်က မျက်မှောင်ထပ်ကျုတ်ပြီး
“သွားစမ်းပါ ဆိုနေမှ”
ဆရာဇော် ဒေါသထွက်ပြီလေ။ မလောက်လေး မလောက်စား ခွေးပစ်တဲ့ဒုတ်လောက်ရှိတဲ့အကောင်က သူ့လို ဝါရင့်သမ္ဘာရင့် ဆရာဇော်ကို ပေတံနဲ့လာတိုင်းနေတော့ (ညက ဘောပွဲရှုံးထားလို့ ဒေါသထွက်နေတာနဲ့ပေါင်းပြီး) ...
“ကဲ ... မောင် ... မင်းတော့ နာချင်ပြီထင်တယ်။ ဒီအရွယ်တွေ မရိုက်ရဘူးလို့ ကြပ်မတ်ထားတော့ မင်းကို ကျောင်းအုပ်ဆရာကြီးရုံးခန်း ခေါ်ရတော့မယ်”
သားငယ်ကလည်း ဘယ်ရမလဲ။ ဒုတိယစာကြောင်းကို ဆက်ဖတ်ပြမယ်ဆိုပြီး လက်သီး လက်မောင်းတန်းကာ
“ဒိုး စမ်း ကွာ ...”
လို့ပြောလိုက်တော့ ဆရာဇော်လည်း သားငယ်ကို ရုံးခန်းဆီ ဆွဲခေါ်သွားတော့တာပေါ့။
သားငယ်က ဘုမသိ ဘမသိနဲ့ စာအုပ်ကလေးကိုင်ပြီး ကန့်လန့် ကန့်လန့်နဲ့ ပါသွားတယ်။
ရုံးခန်းရောက်တော့ စားပွဲနောက် ကုလားထိုင်မှာ ကျောင်းအုပ်ကြီးကို မိန့်မိန့်ကြီးတွေ့ရတယ်။ ဆရာဇော်က လိုရင်း တိုရှင်း ပြောပြလိုက်တယ်။
ကျောင်းအုပ်ကြီးက နှာခေါင်းပေါ်တင်ထားတဲ့ စာကြည့်မျက်မှန် ခပ်သေးသေးကို ကျော်ကြည့်ပြီး
“ကဲ ... မောင်သားငယ် ... မင်း ဘာပြောစရာရှိလဲ”
သားငယ် ဘာပြောစရာမှမရှိလို့ ဘာမှ မပြောတတ်ဘူးလေ။ အူကြောင်ကြောင်နဲ့ လက်ထဲက စာအုပ်ကို ကြည့်မိတယ်။ တတိယ စာကြောင်းပေါ်မျက်လုံးက ရောက်သွားတယ်။ ကျောင်းအုပ်ကြီးကို ပြန်ကြည့်ပြီး မခို့တရို့နဲ့ ...
“အဟိ ... ဟိ ... ဟိ”
ကျောင်းအုပ်ကြီးက သူ့ကို မလေးမစားလုပ်လို့ ဒေါသထွက်သွားပြီလေ။ (အစကတည်းက တင်းနေတာ ... မိန်းမက ဒီနေ့ ဘဲဥပြုတ်ပဲ ထည့်ပေးလိုက်ပြီး ဆီနဲ့ဆား မပါလို့ တင်းနေတာ)
“မင်း ... မင်းကိုယ်မင်း ဘာထင်နေလို့လဲကွ ...”
သားငယ်က စာအုပ်ကြည့်စရာမလိုတော့ဘူး။ စတုတ္ထစာကြောင်းကို အလွတ်ရတယ်လေ။ ဒါနဲ့ ကျောင်းအုပ်ကြီးရှေ့ကစားပွဲပေါ်ကို စာအုပ်ပစ်တင်လိုက်ပြီး ...
“စူပါမန်းကွ ... ဟိုင်းယား ...”
---
နောက်နေ့ ...
ကိုဝဝနဲ့ မဒမ်ဝဝတို့ ကျောင်းအုပ်ကြီးရုံးခန်းမှာ မျက်နှာငယ်လေးတွေနဲ့။ သူတို့အနားမှာတော့ ဘာဖြစ်လို့ဖြစ်မှန်းမသိတဲ့ မျက်နှာပေးနဲ့ သားငယ် မတ်တပ်ရပ်နေဆဲ ...