သားငယ်တစ်ယောက် ရှိုက်ကြီးတငင်ငိုပြီး နောက်ဖေးပေါက်ကဝင်လာတော့ မဒမ်ဝဝ စိုးရိမ်သွားတယ်။
ဘုရားတင်ဖို့ပန်းတွေ ရေဆေးနေတာကိုချပြီး သားငယ်အနားပြေးသွားကာ ကိုယ်ခန္ဓာအနှံ့ လှည့်ပတ်ကြည့်ရှုပြီး
“ဟဲ့သား ... ဘာဖြစ်တာလဲ ... ဘာဖြစ်လို့လဲ ... ခိုက်မိလို့လား”
“ဖေဖေပေါ့ ... အီး ဟီး ဟီး ...”
“ဟင် ... နင့်အဖေ ဘာဖြစ်လို့လဲ ... မထိတ်သာ မလန့်သာ ရှိလိုက်တာဟယ် ... ပြောစမ်း ... နင့်အဖေ ဘာဖြစ်လို့လဲ”
“အီး ... ဖေဖေလေ ... ခြံစည်းရိုးကာနေတာ ...”
“အင်းလေ ...”
“အဲ့ဒါ သံရိုက်ရင်းနဲ့ ဖေဖေ့လက်မကို တူနဲ့ထုမိတာ ... အီး ဟီး ဟီး”
ပြောရင်းဆိုရင်း ငိုနေတော့ မဒမ်ဝဝက သူ့သားကို အသည်းနုနေ၊ အသည်းငယ်နေမှာ စိုးတာနဲ့ပဲ သွန်သင်ဆုံးမရတော့တာပေါ့ ...
“အို ... သားကလည်း ... လူကြီးဖြစ်နေပြီလေ ... နင့်အဖေ ဒီလောက်လေး ဖြစ်တာကို မြင်တာနဲ့ပဲ ငိုစရာလိုလို့လား ... နောင်ဆို ဒီလိုကြုံရင် ရဲရဲဝံ့ဝံ့ရင်ဆိုင်ပစ်လိုက်စမ်း သား ... ကြောက်စိတ် အားငယ်စိတ်တွေ မရှိတော့အောင် ရယ်မောပစ်လိုက်ရမယ်သား ... ရယ်မောပစ်လိုက်ရမယ် ...”
သားငယ်က သတိရသွားပြီး ကျောကုန်းကို ပွတ်ကာ
“သား ရယ်လို့တဲ့ ... ဖေဖေက ... အီး ဟီး ဟီး ... ရွှတ် ... အီး ဟီး ဟီး ...”