သားငယ်က သူ့အဖေဖြစ်တဲ့ ကိုဝဝကို မေးခွန်းတွေ ထုတ်တတ်နေပြီလေ။ ဒီအရွယ်က စပ်စုစိန်အရွယ်ပဲ မဟုတ်လား။
ဒီနေ့လည်း ရပ်ကွက်ထဲက လင်မယားနှစ်ယောက် သုံးလသားအရွယ် ကလေးပေါက်စနလေးကို တွန်းလှည်းနဲ့တင်ပြီး အိမ်ရှေ့လမ်းမကနေ လမ်းလျှောက်နေတာကိုတွေ့လို့ အိမ်ရှေ့ ကွက်လပ်မှာ ဘောလုံးဆော့နေတဲ့ သားငယ်က စိတ်ဝင်တစားကြည့်နေတယ်။ မြင်ကွင်းကနေလည်း ပျောက်သွားရော အိမ်ပေါ်ကိုပြေးတက်၊ သတင်းစာဖတ်နေတဲ့ ကိုဝဝအပေါ်တက်ပြီးမေးတယ်။
“ဖေဖေ ... ဖေဖေ ... လူတွေက ဘယ်လို မွေးလာတာလဲ? ဘယ်ကနေ ဖြစ်လာတာလဲ?”
ကိုဝဝကလည်း သတင်းစာခေါက်ကာ စားပွဲပေါ်တင်လိုက်ပြီး လွယ်လွယ်ကူကူ ဖြေလိုက်တယ်။ (ခက်ခက်ခဲခဲဖြေလို့လည်း ဟိုကောင်နားလည်မှာမှ မဟုတ်တာ)
“ဟိုးရှေးရှေးတုန်းက ကမ္ဘာကြီးပေါ်မှာ အာဒံနဲ့ ဧဝ ဆိုတဲ့ လူနှစ်ယောက်ပဲ ရှိတယ်။ အာဒံက ယောက်ျား၊ ဧဝ က မိန်းမလေ။ သူတို့ကနေ ကလေးတွေမွေးတယ်။ အဲ့ဒီ ကလေးတွေက ကြီးလာပြီး ကလေးတွေ ထပ်မွေးတယ်။ ဒီလိုနဲ့ ကမ္ဘာပေါ်မှာ လူတွေ ဖြစ်လာတာပေါ့”
သားငယ် ခေါင်းသာငြိမ့်နေတယ်၊ သူ သိပ်နားမလည်သေးဘူး။ ဒါနဲ့ သူ့အဖေပေါ်ကဆင်းပြီး နောက်ဖေးမီးဖိုချောင်ထဲမှာ ဟင်းချက်နေတဲ့ သူ့အမေဆီကို ပြေးသွားတယ်။
သူ့အမေကိုလည်း ဒီမေးခွန်းပဲ မေးတယ်။
“မေမေ ... မေမေ ... လူတွေက ဘယ်လို မွေးလာတာလဲ? ဘယ်ကနေ ဖြစ်လာတာလဲ?”
မဒမ်ဝဝကတော့ ဒါဝင်ရဲ့သီအိုရီကိုကိုင်ပြီး ပညာရှိဆန်ဆန် ပြန်ဖြေပေးတယ်။
“လူတွေက မျောက်တွေကနေ ဖြစ်လာတာကွဲ့။ အရင်တုန်းက အမွှေးတွေ အများကြီးနဲ့ ရုပ်ဆိုးဆိုးနဲ့၊ အဲ့ဒီကနေ နှစ်တွေကြာလာတော့ မေမေတို့လို ရုပ်ချောလာကြတာပေါ့၊ ဒါကြောင့် သားသားတို့ တအားဆော့ရင် မျောက်ရှုံးတယ် မျောက်ရှုံးတယ်ဆိုပြီး ဖိုးဖိုးတို့က ပြောတာလေ”
သားငယ်က သူ့အမေဖြေတာ ပိုပြီးသဘောကျသွားတယ်။ အာဒံတွေ ဧဝတွေထက် မျောက်ဆိုတာက ပိုပြီး သိသာတယ်မဟုတ်လား။ အဲ့ဒီတော့ သူ့အဖေဆီ ပြန်ပြေးသွားတယ်။
“ဖေဖေ ညာပြောတယ် ... မေမေပြောတာက လူဆိုတာ မျောက်ကနေ ဖြစ်လာတာတဲ့”
ကိုဝဝကလည်း ခေသူမဟုတ်ဘူးလေ။ ဒါကြောင့်
“ဖေဖေမညာပါဘူး သားရဲ့ ... မင်းမေမေပြောတဲ့ မျောက်ကနေဖြစ်လာတယ်ဆိုတာက မင်းမေမေရဲ့ အမျိုးတွေဘက်အခြမ်းကို ပြောတာလေ ... ဖေဖေက ဖေဖေ့အဖိုးအဖွားတွေဘက်အခြမ်းကို ပြောတာ ...”
မဒမ်ဝဝ ငရုပ်ကျည်ပွေ့ကိုင်ပြီး မီးဖိုချောင်ထဲက ထွက်လာပါတော့တယ် ...