ကိုဝဝဟာ မိုးနတ်မင်းကြီးဆီမှာ ဆုတောင်းနေပါတယ် ...

(ပထမနေ့)

ကိုဝဝဟာ မိုးနတ်မင်းကြီးရဲ့ နတ်ကွန်းမှာ အမွှေးတိုင်နဲ့ ပူဇော်ပြီး ဆုတောင်းတယ်။

“အရှင် မိုးနတ်မင်းကြီး ... ကျွန်တော်မျိုးကလေးကို ထီသိန်းတစ်သောင်းပေါက်အောင် စောင်မပေးတော်မူပါ”

(ဒုတိယနေ့)

ကိုဝဝဟာ မိုးနတ်မင်းကြီးရဲ့ နတ်ကွန်းမှာ အမွှေးတိုင်အပြင် ပန်းတွေပါ ပူဇော်ပြီး ဆုတောင်းတယ်။

“အရှင် မိုးနတ်မင်းကြီး ... ဒီအတိုင်းကြည့်မနေသင့်ပါဘူး ... ကျွန်တော်မျိုးကို ထီသိန်းတစ်သောင်းပေါက်စေဖို့ မှိုင်းမတော်မူပါ”

(တတိယနေ့)

ကိုဝဝဟာ မိုးနတ်မင်းကြီးရဲ့ နတ်ကွန်းကိုလာတယ်။ ဆီမီးတွေ၊ အမွှေးတိုင်တွေထွန်းတယ်။ ပန်းအိုးထဲ ပန်းတွေအပြည့်ကပ်တယ်။ ခေါက်ဆွဲကြော်၊ ကြာဆံကြော်တွေကို ပန်းကန်တွေနဲ့ ထည့်ပြီး သစ်သီးဝလံစုံလင်စွာနဲ့ ကပ်တယ်။

“အရှင် မိုးနတ်မင်းကြီး ... ကျွန်တော်မျိုးမှာ ရှိသမျှငွေတွေ သုံးပြီး ပူဇော်ပသပါတယ် ... ထီသိန်းတစ်သောင်းပေါက်ဖို့ အစွမ်းကုန် ကူညီ မစ မှိုင်းမ ဆောင်မ ကြည့်ရှုပေးတော်မူပါ”

...

(ခဏကြာတော့ လေတွေဝှေ့လာတယ်၊ တရုတ်သိုင်းကားထဲကလို သစ်ရွက်ကြွေတွေ ဖွားခနဲ ကျလာတယ်၊ အက်ခိုးသံတွေပါနေတဲ့ အသံသြသြကြီးကို ကြားလိုက်ရလို့ ကိုဝဝတောင် ကြက်သီးဖြန်းဖြန်း ထသွားတယ်)

“သောက်ကောင် ... ထီမထိုးပဲနဲ့ ငါ့လာပြီး လာအလုပ်ရှုပ်ခိုင်းနေတယ် ... မိုးကြိုးနဲ့ ပစ်ထည့်လိုက်ရ!”