ဒီနေ့တော့ ဆရာဇော် ဒေါပွနေသည်။
ဒီနှစ် လွတ်လပ်ရေးအကြို ကျောင်းတွင်းအားကစားပြိုင်ပွဲမှာ သူ့အတန်းဖြစ်တဲ့ ငါးတန်းက ကလေးတွေ တစ်ယောက်မှ မစွံခဲ့ပေ။
ကာယနဲ့ ပတ်သက်ပြီး ပြေး၊ ခုန်၊ ပစ် တစ်ယောက်မှ မရ။
ဉာဏနဲ့ ပတ်သက်ပြီး ဉာဏ်စမ်းပြိုင်ပွဲ တစ်မှတ်မှ မရ။
စကားရည်လုကျတော့ တစ်ယောက်နှစ်ယောက်လောက် အတင်းဝင်ပြိုင်ခိုင်းလိုက်ပါတယ်၊ စကားရည်လုရမယ့်အစား စကားနိုင်လုပြီး ကလေးတွေ နပမ်းလုံးတော့မလို့ ဝင်ဆွဲရတာနဲ့ပဲ ပြိုင်ပွဲကပြုတ်။
ဘောလုံးပွဲကတော့ မဆိုးပါဘူး၊ ဘောလုံးနောက်ကို တစ်သင်းလုံးပြုံလိုက်နေလို့ ဘဲဥမကွဲ။
အဲ့ဒီတော့ ဆရာဇော် ပွပြီပေါ့ ... ပါဝါမျက်မှန်ကြီး တဝင့်ဝင့်နဲ့ အတန်းထဲ ကြိမ်းမောင်းနေလိုက်တာ အာဆင်ဝင်းဂါးအရှုံးပေးရလောက်တယ်။
ဆရာဇော် ။ ။ ကဲ ... မင်းတို့ မစွံတာက ကိစ္စမရှိဘူး ... အေခန်းအတန်းပိုင် ဆရာမကပါ ငါ့မကြည်တော့ဘူး ... အဲ ... ထားပါတော့ ... မင်းတို့တွေကွာ ... ငါ့မျက်နှာမှ မထောက် ... မထူးပါဘူး ... မင်းတို့ကို မှတ်လောက်အောင် ဒဏ်ပေးရမယ် ... မင်းတို့တတွေထဲက ငတုံးတွေ မတ်တပ်ရပ်စမ်းကွာ ...
တစ်တန်းလုံး မျက်နှာသေလေးတွေနဲ့ ဖြစ်နေပေမယ့် တစ်ယောက်မှ မရပ်ချေ။
ဆရာဇော် (ပိုတင်းလာကာ) ။ ။ မရပ်ကြသေးဘူးလား ... ဟော့နားကကောင်တွေ အဆိုးဆုံးပဲ ဆိုတာ ငါ သိတယ်နော် ... ငတုံးတွေ မတ်တပ်ရပ်လိုက်ကြစမ်း ...
ဘယ်သူမှ မရပ်သေး။
ဆရာဇော် (ဒပ်စတာကြီး တရမ်းရမ်းနဲ့) ။ ။ အေး ... ငတုံးတွေ မတ်တပ်မရပ်ဘူး ဆိုရင် ... ငါနဲ့ တွေ့မယ်နော် ...
သားငယ် ထ,ရပ်တာကို တွေ့လိုက်ရတဲ့ ဆရာဇော် မျက်နှာနည်းနည်းပြုံးသွားတယ်။
ဆရာဇော် ။ ။ ကဲ ... နောက်ဆုံးတော့ ငတုံးတစ်ယောက်က ကိုယ့်ကိုယ်ကို သိပြီး မတ်တပ်ရပ်ပြီ ... ကျန်တဲ့သူတွေလည်း ရပ်ကြ ...
သားငယ် (လက်တရမ်းရမ်းနဲ့ ကာပြလိုက်ပြီး) ။ ။ မ ... မ ... မဟုတ်ပါဘူး ဆရာကြီး ... ကျွန်တော် ငတုံး မဟုတ်ပါဘူး ...
ဆရာဇော် ။ ။ ဟမ် ... ဒါဖြင့် ... ဘာလို့ မတ်တပ်ရပ်တာလဲ ...
သားငယ် (မချိပြုံးလေးဖြင့်) ။ ။ ဟို ... ဟို ... ဆရာကြီး တစ်ယောက်တည်း ရပ်နေရတာကို မကြည့်ရက်လို့ ... အားနာလို့ပါ ....