ကိုဝဝတစ်ယောက် သားတော်မောင်ရဲ့ အခန်းရှေ့က ဖြတ်လာတော့ အခန်းထဲမှာ သားငယ်ကို မတွေ့မိဘူး။ ဒီကောင် ကျောင်းကပြန်လာကတည်းက အခန်းထဲဝင်သွားတယ်ထင်တာ၊ အခု အခန်းထဲမှာ မရှိဘူး။ မဒမ်ဝဝကို လှမ်းအော်မေးကြည့်တော့လည်း အခန်းထဲမှာလေလို့ ပြောသံကြားပြီး နောက်က ဘာတွေ ပွစိပွစိပြောနေမှန်းမသိဘူး။ မသိတာပဲ ကောင်းပါတယ်လေ။

သားငယ်က ဒီနှစ် လေးတန်း (အဲ ...) ဂရိတ်ဖိုက်ပေါ့ ...

ဉာဏ်ကလေးကထက်ပေမယ့် တစ်ခါတလေ ကချော်ကချွတ်တွေ လုပ်လေ့ရှိလို့ သူ့အမေကို ဆုံးမဖို့ပြောတော့လည်း တော်နဲ့တူတာနေမှာဆိုပြီး ကိုယ့်ဘက်ပြန်ပြန်လှည့်လာတယ်။

ခုလည်း နိုင်ငံခြားစတိုင်လ်ဆိုပြီး နှစ်စကတည်းက အခန်းခွဲအိပ်နေတာ ...

အခန်းထဲဝင်ကြည့်ဦးမှဆိုပြီး ဝင်လိုက်တော့ ကုတင်ပေါ်မှာ ဒီအတိုင်းပစ်ထားတဲ့လွယ်အိတ်နဲ့ ကုတင်နားမှာ ပုဆိုးကွင်းအပုံလိုက် ချွတ်ချထားတယ်။

သူ့စာကြည့်စားပွဲပေါ်မှာတော့ အေဖိုးစာရွက်ကို စာအိတ်ပုံလေးခေါက်ထားပြီး “ဒက်ဒီဖားသားဖေဖေ သို့” တဲ့ ...

ရင်တော့နည်းနည်းထိတ်သွားတာပေါ့ ...

ဒါနဲ့ စာအိတ်ကိုယူပြီးဖွင့်တော့ အတွင်းထဲမှာ ကျောင်းဗလာစာအုပ်က စာရွက်တစ်ရွက်ကိုဖြဲပြီး ရေးထားတဲ့စာကို တွေ့တယ် ...

ဘာပြဿနာရှာပြန်ပြီလည်းလို့ စိုးတထိတ်ထိတ်နဲ့ စာကို ဖတ်ကြည့်ရတာပေါ့ ...

...

သို့ /-

ချစ်လှစွာသော မွေးသဖင်ခ ဒက်ဒီဖားသားဖေဖေ ... (အံမယ် ... မွေးသဖခင်ကို စာလုံးပေါင်းမှားဖြစ်အောင် မှားလိုက်သေးတယ်)

ဒီစာကို မရေးချင်ရေးချင်နဲ့ ရေးလိုက်ရလို့ စိတ်မကောင်းပါဘူးဖေဖေ ...

လူရယ်လို့ဖြစ်လာတော့ ... ချစ်မှုရေးရာကိစ္စက ရှုပ်ထွေးလှပါတယ်ဖေဖေ ... (ကြီးကြီးကျယ်ကျယ်ကွာ...)

သားအနေနဲ့ ကျောင်းက မမတစ်ယောက်နဲ့ ချစ်ကြိုးသွယ်မိပါတယ်ဖေဖေ ...

မမက ဆယ်တန်းတစ်ခါကျဖြစ်လို့ သားနဲ့ အသက်တော့ သိပ်မကွာလှသေးပါဘူး ... ဒါပေမယ့် ဖေဖေနဲ့ မေမေတို့ ရတက်မပွေရလေအောင် သားဖွင့်မပြောမိခဲ့တာ ခွင့်လွှတ်ပေးပါဖေဖေ ...

မမက သားအပေါ် သိပ်ကောင်းပါတယ်ဖေဖေ ... သားကလည်း မမကို သိပ်ချစ်ပါတယ် ... ဒီတော့ သားက သူနဲ့ မခွဲနိုင်ဖြစ်နေပါပြီ ဖေဖေ ... (ဘုရား ဘုရား ...)

ဖေဖေနဲ့ မေမေတို့ သဘောမကျခဲ့ရင် သားတို့နှစ်ယောက်ရဲ့ ချစ်ခြင်းကို အခွဲခံရမှာစိုးလို့ ... သားတို့နှစ်ယောက် ဘဝတစ်ခု ထူထောင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်ဖေဖေ ... ဒါနဲ့ပဲ ဒီနေ့ကစလို့ မမနဲ့အတူ ဖေဖေတို့ လိုက်မရှာနိုင်တဲ့အရပ်ကို သားတို့ ထွက်သွားကြပါပြီ ... (ကိုဝဝ တစ်ယောက် ရင်တွေတုန်ပြီး စာကြည့်စားပွဲကို လက်နဲ့ကိုင်ကာ ကုတင်ပေါ် ထိုင်ချလိုက်မိတယ်)

ရင်နစ်သည်းခြာ

ချစ်လှစွာသော

သား

...

ကိုဝဝတစ်ယောက် စာဖတ်ပြီး ဘာမှ မမြင်နိုင်တော့ပေ။ ချွေးစေးတွေပျံလာသလို နှုတ်ခမ်းတွေခြောက်ကာ နှလုံးခုန်တွေ မြန်နေပါတော့တယ် ...

စာကို နောက်တစ်ခါ ပြန်ကြည့်လိုက်တော့ စာရွက်အောက်ခြေမှာ စာလုံးသေးသေးနဲ့ ရေးထားတာကို ထပ်တွေ့ရတယ်။ မျက်လုံးပြူးပြီး ဖတ်ကြည့်တော့

...

စာကြွင်း ။ ။

ဒက်ဒီဖားသားဖေဖေ ... အပေါ်မှာ ရေးထားတာတွေက တစ်ခုမှ အမှန်မဟုတ်ဘူးနော်။ လောကကြီးထဲမှာ ကျောင်းကပေးတဲ့ရီပို့ကဒ်ထက် ဆိုးရွားတဲ့အရာတွေရှိသေးတယ်ဆိုတာ သားက ဖေဖေတို့ကို သိစေချင်လို့ ရေးထားတာပါ ... သားရဲ့ရီပို့ကဒ်က အိမ်ရှေ့ဆက်တီစားပွဲခုံ အံဆွဲထဲမှာ ရှိတယ်နော် ... သားအခု မှန်ကြီးတို့ အိမ်မှာရှိပါတယ် ... ဖေဖေ သားကို မရိုက်ဖူးလို့ဆုံးဖြတ်ချက်ချပြီးရင် ဖုန်းဆက်ခေါ်လိုက်ပါနော် ...