“မိန်းမတွေများ ကောင်းကို မကောင်းဘူး”
သူငယ်ချင်းတွေနဲ့အတူ တီးရှော့ထိုင်ရင်း ကိုဝဝ ပွားနေသည်။
ဒီလိုပဲ ...
မဒမ်ဝဝနဲ့ အိမ်မှာ ပွစိပွစိ ဖြစ်လာပြီဆို ကိုဝဝတို့ လက်ဖက်ရည်ဆိုင်မှာ ထွက်နေကြ။
သူများတွေလို စိတ်ညစ်ညစ်နဲ့ အရက်သောက်တာတွေဘာတွေမလုပ်တတ်တော့ လမ်းထိပ်က လက်ဖက်ရည်ဆိုင်မှာ အပေါင်းအသင်းတွေအကြား ရင်ဖွင့်ရသည်။ အပေါင်းအသင်း သူငယ်ချင်းတွေကလည်း လက်ဖက်ရည်အလကားသောက်ရသည်မို့ ဘာပြောပြော ဝိုင်းဝန်းထောက်ခံကြသည်။ ဒီလိုမျိုး မိန်းမနဲ့ စိတ်ကောက်တဲ့နေ့တို့၊ စိတ်ဆိုးတဲ့နေ့တို့၊ စကားများတဲ့နေတို့ဆို ဒကာခံနေကျဆိုတော့ အပေါင်းအသင်းတွေက နေ့တိုင်းစကားများပါစေလို့ ဆုတောင်းရတော့မလိုလိုပင်။
ဝဏ္ဏ ။ ။ ဘာဖြစ်လာလို့လဲ သယ်ရင်းရ ...
ဝဏ္ဏတစ်ယောက် စကားသာထောက်နေရပေမယ့် လက်ကတော့ စားပွဲပေါ်က ပေါက်ဆီကို လှမ်းနေသည်။ ခါတိုင်း အမေရိကန်စစ်စတမ်နဲ့ ဝိုင်းစားဝိုင်းရှင်းနေ့ဆို ဒီကောင်က လက်ဖက်ရည်ကလွဲရင် ဆေးလိပ်တောင် သောက်တာမဟုတ်။ သူများတွေစားလို့ ဝေပုံကျထည့်ရတော့မယ်ဆိုရင်လည်း အိပ်ကပ်ထဲကမှာ အာဏာကုန်ရှိတဲ့ သုံးရာ၊ လေးရာလောက်ထုတ်၊ ငါက လက်ဖက်ရည်ပဲသောက်တာလေကွာလို့ပြောပြီး သူသောက်တာလေးပဲ ရှင်းနေကျ။ သူများကျွေးတော့မယ်ဆိုတာသေချာလို့ကတော့ အိမ်မှာ ထမင်းမစားလာရတဲ့အတိုင်း စားပွဲပေါ်မှာရှိသမျှ စုံအောင်စားတတ်သည်။
ကိုဝဝ ။ ။ ဒီလိုကွာ ... တစ်နေ့ တစ်နေ့ အိမ်ပူလို့ ....
နိုင်ကြီး (ပေါက်ဆီအောက်က စက္ကူဖတ်ကို သဲကြီးမဲကြီးခွာနေတဲ့ ဝဏ္ဏကိုမျက်စောင်းထိုးကြည့်ပြီး) ။ ။ အေးလေကွာ ... ဘာတွေများ ဖြစ်လာရတာလဲ ...
ကိုဝဝ ။ ။ ငါ့မှာ မိသားစုအတွက် ရှာရဖွေရတာ မင်းတို့မြင်တဲ့အတိုင်းပဲ ... အေး ... အဲ့ဒါတောင် သူက မကျေနပ်နိုင်ဘူး၊ အားမရနိုင်ဘူးကွ ... ပြီးခဲ့တဲ့နှစ်က ငါ့ကိုပူဆာတယ် ...
ဝဏ္ဏ (ပေါက်ဆီပလုတ်ပလောင်းဝါးနေရင်း) ။ ။ အင်း ... အင်း ...
ကိုဝဝ ။ ။ ဆွဲကြိုးလေး လုပ်ပေးပါဦးတဲ့ ... ပွဲသွားပွဲဝတ်ဖို့တဲ့ ... ဒီနှစ်လည်း စိန်နားကပ်လေး တစ်ရံလောက်တဲ့ ... ပြီးခဲ့တဲ့လက ဟန်းချိန်းလေး လိုချင်နေတယ်တဲ့ ... ဒီနေ့တော့ ပလက်တီနန် လက်ကောက်လေးနဲ့ ဆွဲကြိုးနဲ့တဲ့ ... ဒီလောက်ပူဆာနေတာ ငါ့လုပ်စာက အိမ်စားဖို့နဲ့ ဘာနဲ့ ... သားငယ်ကလည်း ရှိသေးတယ်လေ ... အဲ့ဒါနဲ့ ငါလည်း စိတ်ကထောင်းခနဲ ဖြစ်လာလို့ ...
နိုင်ကြီး (လန်ဒန်ဆေးလိပ်ကို မီးဖွာရင်း) ။ ။ နားရင်းအုပ်ခဲ့လို့လား ... ဖူး ...
ကိုဝဝ ။ ။ ဟင့်အင်း ... ဒီကို တန်းထွက်လာခဲ့တာ ...
ဝဏ္ဏ (ပေါက်ဆီစားပြီးတော့ ရေနွေးတစ်ငုံသောက်ရင်း စမူဆာပန်းကန်ထဲက စမူဆာကို ယူရင်း) ။ ။ ဟာကွာ ... မင်း ကလည်း ... ဒီလောက်တောင် ပူဆာနေတာ နည်းနည်းတော့ ဆုံးမခဲ့ရမှာပေါ့ ... နိုင်ကြီး အချဉ်ရည်ဗူးလေး လှမ်းလိုက်ပါဦး ...
နိုင်ကြီး (ဝဏ္ဏကို အချဉ်ရည်ဗူးယူပေးလိုက်ရင်း) ။ ။ နိုး ... မဟုတ်ဘူးကွ ... အဲ့လို လက်ပါတာတော့ မကောင်းဘူးကွ ... အမျိုးသမီးရေးရာရဲ့ ဗိုင်အိုလက်ဆိုလား ... ဝိုင်အိုလက်ဆိုလား ... အဲ့ဒါနဲ့ ငြိသွားဦးမယ် ...
ဝဏ္ဏ ။ ။ အမျိုးသမီးအခွင့်အရေးချိုးဖောက်တာ ... ဝူးမန်းရိုက်စ်ဗိုင်အိုလေးရှင်းပါကွ ... မင်းက အလိုလိုက်လိုက်နေတော့ သူ့ဘက်က ပူဆာတာမဆန်းဘူးပေါ့ကွာ ... ဒါနဲ့ နေပါဦး မင်းက သူပူဆာတိုင်း ဝယ်ဝယ်ပေးနေကျလား ...
ကိုဝဝ ။ ။ ဟင့်အင်း ...