သုတေသနဋ္ဌာနတစ်ခုက ပရော်ဖက်ဆာတစ်ဦးဟာ လူသူဝေးတဲ့အရပ်ဒေသတစ်ခုမှာ သုတေသနစာတမ်းတစ်ခုအတွက် သွားရောက်ရပါတယ်။
အဲ့ဒီမှာ မြစ်ကမ်းတစ်လျှောက် သွားလာစရာရှိလို့ အနီးနားရွာတစ်ရွာက လှေသမားတစ်ဦးကိုငှားပြီး သွားကြပါတယ်။
လမ်းခရီးမှာ ပရော်ဖက်ဆာက လှေသမားကို စေ့စေငုငုကြည့်ရင်း စကားဆိုမိပါတယ်။
ဆာ ။ ။ ငါ့တူနာမည် ဘယ်လိုခေါ်လဲကွ ...
လှေသမား ။ ။ မောင်ဝပါ ဆရာကြီး ...
ဆာ ။ ။ အော် အေး အေး ... လူပျိုလူလွတ်ပဲလား ...
ဝ ။ ။ ဟုတ်ကဲ့ပါခင်ဗျ ...
ဆာ ။ ။ ငါ့တူ အတန်းပညာတတ်သလား ... ဘယ်နှစ်တန်း တက်ခဲ့ဖူးလဲ ...
ဝ ။ ။ ဆရာတော့်ဆီမှာတော့ ရေးတတ်၊ ဖတ်တတ် အဆင့်သင်ခဲ့ဖူးပါတယ် ...
ဆာ ။ ။ အော် ... ကောင်းပါတယ် ကောင်းပါတယ် .... ငါ့တူ ... ဇီဝဗေဒ ဘာသာရပ်ကို သိလား ...
ဝ ။ ။ မသိဘူးခင်ဗျ ...
ဆာ ။ ။ ဒါဆို ဓာတုဗေဒတို့ ... ရုက္ခဗေဒတို့ကိုရော ...
ဝ ။ ။ အဲ့ဒါလည်း မသိဘူးခင်ဗျ ...
ဆာ ။ ။ ဟင် ... ဒါဖြင့်လည်း ဘောဂဗေဒ ဘာသာရပ်တော့ သိမှာပေါ့ ...
ဝ ။ ။ ကြားတောင် မကြားဖူးဘူးခင်ဗျ ...
ဆာ ။ ။ ဟေ... နို့ဖြင့် ဒီဘာသာရပ်တွေ မသိဘူးဆိုတော့ မင်း တစ်သက်လုံး လူဖြစ်ရှုံးတော့မှာပေါ့ ... အနည်းဆုံး စီးပွားရေးအနေနဲ့ ဘောဂဗေဒလေးတော့ သိသင့်တယ်ကွာ ...
ပရော်ဖက်ဆာကြီးခမျာ အားမလိုအားမရဖြင့် သက်ပြင်းချကာနေတော့တယ်။
မောင်ဝကလည်း ခပ်မဆိတ်ပင်၊ လှေကိုသာ လှော်နေတော့တယ်။
နာရီဝက်လောက်လည်းကြာလာတော့ လှေဝမ်းထဲ ရေတွေစိမ့်လာတယ်။ လှေသမားမောင်ဝက လှေထဲကရေကို ဒန်ဖလားတစ်လုံးဖြင့် ခပ်ထုတ်နေတာကိုမြင်တော့ ပရော်ဖက်ဆာကြီး နည်းနည်းတော့ ထိတ်လန့်သွားတယ်။
ဆာ ။ ။ ဘာ ... ဘာ ... ဖြစ်တာလဲ ... ? ... လှေနစ်တော့မှာလား .... ?
ဝ ။ ။ အော် ... ဆရာကြီး ... ဒါနဲ့ .... ရေကူးဗေဒနဲ့ မိကျောင်းဗေဒက လွတ်မြောက်ဗေဒကိုသိသလားခင်ဗျ ...
ဆာ ။ ။ ဘာ ... အ ... အရေးထဲကွာ .... မ .... မသိဘူး ... ဘာ ... ဘာ ဖြစ်လို့လဲ ...
ဝ ။ ။ ဒါဆိုရင်တော့ ဆရာကြီးရဲ့ ပါးစပ်ဗေဒကြောင့် ဆရာကြီးရဲ့ ခြေထောက်ဗေဒနဲ့ လက်ဗေဒကတော့ မိကျောင်းဗေဒ စားတာခံရလို့ မာလကီးယားဗေဒ ဖြစ်သွားမှာကို မြင်ယောင်မိလို့ပါ ...