ဆရာဇော်တစ်ယောက် ကလေးတွေကို စာလိုက်ရေးခိုင်းထားသည်။

ဆရာဇော်က အတန်းရှေ့ ဘလက်ဘုတ်ပေါ်မှာ မြေဖြူနဲ့ တဒေါက်ဒေါက်နဲ့ရေးပြီး ကလေးတွေကို စာလိုက်ကူးခိုင်းထားခြင်းဖြစ်သည်။

ထိုစဉ် အတန်းနောက်မှ ရယ်သံသဲ့သဲ့ကြားလိုက်ရသည်။ ဆရာဇော်လှည့်ကြည့်တော့ ရယ်သံတိတ်သွားသည်။ ကလေးတွေအကုန်လုံး ခေါင်းငုံ့လိုက်၊ ကျောက်သင်ပုန်းကိုကြည့်လိုက်၊ စာရေးလိုက်နဲ့၊ တရားခံရှာမရ။

ထို့ကြောင့် ဆရာဇော် စာဆက်ရေးနေသည်။ နောက်ထပ် တစ်ခါ ရယ်တဲ့အသံ ခပ်တိုးတိုး ကြားရပြန်သည်။ ဆရာဇော် ထပ်လှည့်ကြည့်သည်။ ရယ်သံပျောက်ပြီး အကုန်လုံးက စာကူးနေကြသည်။

ဆရာဇော် နည်းနည်းတော့ စိတ်အချဉ်ပေါက်လာသည်။ ဘလက်ဘုတ်ပေါ် စာရေးနေတုန်း ရယ်သံခပ်တိုးတိုးကြားရတော့ တန်းလှည့်ကြည့်ကာ ခါးထောက်ပြီး

ဆရာဇော် ။ ။ ဘယ်သူရယ်နေတာလဲကွ ...

ကျောင်းသူကလေးတွေဘက်လှည့်ကာမေးတော့ သူတို့ မျက်လုံးတွေက တတိယတန်းက ကျော်ကျော့်ဆီ။

ထို့ကြောင့် ဆရာဇော်က ကျော်ကျော့်ကို မတ်တပ်ရပ်ခိုင်းပြီး

ဆရာဇော် ။ ။ ကျော်ကျော် ထစမ်း ... မင်းရယ်နေတာလားကွ ...

ကျော်ကျော် ။ ။ (ကြောက်လန့်နေကာ) ဟုတ် ... ဟုတ် ပါတယ် ဆရာကြီး ...

ဆရာဇော် ။ ။ အေး ... ကျော်ကျော် ... ဒါဖြင့် မင်းလွယ်အိတ်တွေ သိမ်းစမ်း ... နောက်သုံးရက် မင်းကို ငါ မတွေ့ချင်ဘူး ... နောက်မှ မင်းမိဘတွေ ခေါ်မယ် ... ပြန်တော့ ...

ကျော်ကျော်တစ်ယောက် ကြောက်ကြောက်နဲ့ လွယ်အိတ်ထဲ စာအုပ်နဲ့ ခဲတံတွေ ကမန်းကတမ်းထည့်ကာ စာသင်ခန်းထဲက ခပ်ကုတ်ကုတ် ထွက်သွားသည်။

...

ဆရာဇော် ဒေါသကို ထိန်းရင်း စာဆက်ရေးသည်။

ဆယ်မိနစ်လောက်နေတော့ တခစ်ခစ်နဲ့ ရယ်သံ ထပ်ထွက်လာသည်။

ဆရာဇော် အတန်းဘက်ကို ဇတ်ခနဲလှည့်ပြီး ...

ဆရာဇော် ။ ။ ဒီတစ်ခါ ဘယ်သူလဲကွ ...

မလိမ်ရဲဘဲ လက်ကလေးမြှောက်လိုက်မိတာက စွမ်စိ။

ဆရာဇော် ။ ။ အေး စွမ်စိ ... ငါ ဒီလောက်ပြောနေတဲ့အကြားက ရယ်တယ်ဆိုတော့ မင်းကိုပိုပြီး ပြစ်ဒဏ်ပေးရတော့မယ် ... ဒီတစ်ပတ်ရော နောက်တစ်ပတ်ရော မင်းကို ကျောင်းထဲမှာ မမြင်ချင်ဘူး ... အေး ... မင်း ကျောင်းတက်တဲ့နေ့ မိဘတွေ ခေါ်လာခဲ့ ... ကြား လား ...

စွမ်စိ ။ ။ ဟုတ် ... ကဲ့ ... ဟုတ်ကဲ့ပါ ... ဆရာကြီး ... ဒါ ... ဒါပေမယ့် ... အဖေက ...

ဆရာဇော် ။ ။ ဘာမှ ဒါပေမယ့်တွေ လုပ်မနေနဲ့ ... မင်းအဖေ မင်းကိုဆော်လည်း ခေါ်လာခဲ့ ...

စွမ်စိတစ်ယောက် မျက်ရည်စမ်းတမ်း စမ်းတမ်းနဲ့ အခန်းထဲက ထွက်သွားသည်။

...

ဆရာဇော် စာဆက်ရေးပြန်သည်။ အိမ်စာပေးဖို့အတွက် လေ့ကျင့်ခန်းတွေကို ဘလက်ဘုတ်ပေါ်မှာ ချရေးပေးနေခြင်းဖြစ်တဲ့အတွက် ဘလက်ဘုတ်တစ်ခုလုံး ရေးလိုက် ဖျက်လိုက်နဲ့ အလုပ်ရှုပ်နေသည်။

ထိုစဉ်မှာပဲ ရယ်သံထပ်ကြားရသည်။

ဆရာဇော်တစ်ယောက် ဒတ်စတာကို ဘုန်းခနဲ စားပွဲခုံပေါ်ပစ်တင်ပြီး အတန်းဘက်လှည့်လိုက်သည်။

သားငယ်တစ်ယောက် လွယ်အိတ်ကလေးကိုပိုက်ကာ အတန်းထဲက ထွက်ဖို့ လုပ်နေတာ လှမ်းမြင်တော့ ...

ဆရာဇော် ။ ။ မောင်သားငယ် ... ဒါ ဘာလုပ်တာလဲ ...

သားငယ် ။ ။ ဟို ... ဟို ... ဆရာကြီး ... ကျ ... ကျ ... ကျွန်တော် ရယ်မိတာပါ ဆရာကြီး ... ဆရာကြီး ပေးတဲ့ပြစ်ဒဏ်က တဖြည်းဖြည်းကြီးလာတော့ ကျွန်တော့်ကျောင်းသားဘဝ ဒီမှာတင် ဆုံးပြီးထင်ပြီး ထွက်သွားမလို့ပါ ဆရာကြီးရယ် ... အီး ငီး ငီး ...