ဦးဦးပုံပြောပြမယ်ကွယ် ...
ဟိုးရှေးရှေးတုန်းကပေါ့ကွယ် ...
ဗာရာဏသီဆိုတဲ့ တိုင်းပြည်ကြီးမှာပေါ့ကွယ် ...
ဗြဟ္မဒတ်ဆိုတဲ့ ဘုရင်ကြီးအုပ်ချုပ်တော်မူသတဲ့ကွယ် ...
ဘုရင်ကြီးမှာ မင်းသားလေးတစ်ပါးရှိတယ်တဲ့ ...
ဒါပေမယ့် အဲ့ဒီမင်းသားလေး မွေးဖွားခါနီးမှာ စုန်းမကြီးတစ်ယောက်က ကျိန်စာတိုက်လိုက်တယ်တဲ့ ...
အဲ့ဒီကျိန်စာက မင်းသားလေးဟာ တစ်နှစ်မှာ စကားတစ်ခွန်းပဲ ပြောလို့ရသတဲ့ ...
တစ်ခွန်းပြောပြီးရင် တစ်နှစ်လုံး စကားတစ်ခွန်းမှ မပြောနိုင်တော့ဘူးတဲ့ကွယ် ...
ဘုရင်ကြီးကလည်း သူ့သားတော်လေးရဲ့ ကျိန်စာပြယ်စေမယ့် နည်းလမ်းတွေကို အမျိုးစုံသုံးပြီးရှာပေမယ့် ဘယ်လိုမှ ကျိန်စာမပြယ်ဘူးဖြစ်နေတာပေါ့ကွယ် ...
ဒီလိုနဲ့ တစ်ရက်မှာ မင်းသားလေးဟာ နောက်လိုက်နောက်ပါအခြွေအရံတွေနဲ့ တိုင်းပြည်ကိုလှည့်လည်သတဲ့ ...
တိုင်းပြည်တစ်နေရာက ရွာလေးတစ်ရွာအရောက်မှာ ရေအိုးလေးရွက်လာတဲ့ မိန်းကလေးတစ်ယောက်ကို မင်းသားလေးမြင်မိလိုက်တဲ့အချိန် မင်းသားလေးရဲ့ နှလုံးသားတွေက နိုးကြားလာပြီး အချစ်စိတ်ဖြစ်ပေါ်လာသတဲ့ကွယ် ...
မြင်းညိုကြီးကို စီးလာတဲ့ မင်းသားလေးဟာ သူစကားမပြောတဲ့နှစ်ကို တွက်ကြည့်လိုက်တော့ နှစ်နှစ်အကြာ စကားတစ်ခွန်းမှ မပြောရသေးတာကို သတိရသွားတယ်တဲ့ ...
အဲ့ဒါကြောင့် မြင်းပေါ်ကနေဆင်းပြီး မိန်းကလေးအနားကို ကပ်သွားတယ် ...
မိန်းကလေးကလည်း နောက်လိုက်နောက်ပါတွေကို တွေ့တာကြောင့် သာမန်လူမဟုတ်မှန်း ရိပ်စားမိသတဲ့ ...
အဲ့ဒါက ခေါင်းပေါ်က ရေအိုးလေးကိုချပြီး မျက်လွှာကလေးချကာ ရိုရိုကျိုးကျိုးလေး နေနေတာပေါ့ကွယ် ...
မင်းသားကလေးက မိန်းကလေးရဲ့ နံဘေးမှာရပ်ပြီး မိန်းကလေးရဲ့မေးကလေးကိုပင့်ကာ ခေါင်းမော့ခိုင်းလိုက်တာပေါ့ ...
မိန်းကလေးကလည်း မင်းသားကလေးကို မြင်မြင်ချင်းမှာပဲ ချစ်ခင်စုံမက်နှစ်သက်နေတာဆိုတော့ ခေါင်းအမော့မှာ မျက်လုံးနှစ်စုံဟာ အချစ်တွေ အပြည့်နဲ့ပေါ့ ...
မင်းသားလေးက မိန်းကလေးကို စကားနှစ်ခွန်းပြောလိုက်တယ်ကွယ့် ...
“ချစ် တယ်”
မိန်းကလေးကလည်း ခေါင်းပြန်ငြိမ့်တာမို့ မိန်းကလေးရဲ့ အိမ်ကို နောက်လိုက်နောက်ပါတွေနဲ့ အတူသွားကြတာပေါ့ ...
မိန်းကလေးရဲ့မိဘတွေကို သူဟာ မင်းသားလေးဖြစ်ကြောင်း၊ မိန်းကလေးကို ချစ်ခင်စုံမက်လို့ ရွှေနန်းတော်ဆီ ခေါ်သွားပါရစေလို့ စကားပြန်ကနေတစ်ဆင့် သမီးတောင်းရှာတာပေါ့ ...
မိန်းကလေးရဲ့မိဘတွေလည်း မျက်ရည်တဝဲဝဲနဲ့ မခွဲနိုင်ဘူးလေ ...
မိန်းကလေးကလည်း အဲ့ဒီတော့မှ မခွဲရက်နိုင်တာမို့ ယောက္ခမတွေပါ တစ်ခါတည်း ပင့်ခဲ့ရကိန်း ဆိုက်တာပေါ့ကွယ် ...
...
ဒီလိုနဲ့ ရွှေနန်းတော်ကြီးဆီ ပြန်ရောက်လာကြတာပေါ့ကွယ် ...
မိန်းကလေးက လောလောဆယ် လက်မထပ်ချင်သေးတာမို့ မင်းသားလေးနဲ့ သမီးရည်းစားချစ်သူသဘာဝသာ နေချင်စိတ်ရှိသေးကြောင်းပြောရာ မင်းသားလေးလည်း အလိုလိုက်ပြီး ခေါင်းငြိမ့်လိုက်ရတာပေါ့ ...
မင်းသားလေးတို့ ရည်းစားမောင်နှံဟာ တစ်ဦးနဲ့တစ်ဦး လေ့လာရင်းနဲ့နေလာလိုက်တာ သုံးနှစ်သုံးမိုး လွန်သော ကာလကို ရောက်လာကြပါသတဲ့ကွယ် ...
မင်းသားလေးက လက်ထပ်ချင်လာပြီ၊ ဒါကြောင့် သူစကားပြောလို့ရမယ့် စကားလုံးအရေအတွက်ကို တွက်ကြည့်တော့ မရသေးဘူး။ အဲ့ဒါကြောင့် နောက်ထပ် လေးနှစ်တိုင်တိုင် အောင့်အီးသည်းခံပြီး စောင့်ဆိုင်းနေတာပေါ့ကွယ် ...
...
ခုနှစ်နှစ်ပြည့်တဲ့နေ့ရောက်လာပြီကွဲ့ ...
မနက်ခင်းစောစောမှာပဲ မင်းသားလေးဟာ မိန်းကလေးကိုထားထားတဲ့ အဆောင်ကြီးဆီကို ကြွလာသတဲ့ ...
မိန်းကလေးလက်ကိုဆွဲကာ သူတို့နှစ်ဦးထဲ ပန်းမျိုးစုံပွင့်ဖူးလှပနေတဲ့ ပန်းဥယျာဉ်ကြီးထဲခေါ်ဆောင်လာတာပေါ့ကွယ် ...
မနက်ခင်းအာရုဏ်အခင်းအကျင်းဖြစ်တဲ့ နေရောင်ခြည် လတ်လတ်ဆတ်ဆတ်အောက်မှာ ပန်းရနံ့ပေါင်းစုံက မွှေးမွှေးကလေး သင်းပျံ့နေတာပေါ့ ...
ငှက်ကလေးတွေရဲ့ စီရရီကျူးရင့်သံလေးတွေဟာလည်း စိတ်ကြည်နူးစရာလေးပေါ့ ...
မင်းသားလေးဟာ ချစ်ရည်ရွှမ်းတဲ့အကြည့်နဲ့ မိန်းကလေးကိုကြည့်ကာ ..
“မ င်္ဂ လာ ဆောင် ကြ ရ အောင်”
ထိုအချိန်မှာပဲ လေပွေတစ်ခုက ဝေါကနဲတိုက်ခတ်လိုက်ကာ မင်းသားလေးတို့အနားမှာ သစ်ရွက်ခြောက်သံ၊ ငှက်တွေလန့်လို့ ပျံတဲ့အသံတွေ ဆူသွားတာပေါ့ ...
ဒါ့ကြောင့် မိန်းကလေးဟာ မင်းသားလေးကို ...
“ရှင် ? မောင်တော် ဘာပြောလိုက်တာလဲဟင် ?”
ဆိုပြီး ပြန်မေးလိုက်တယ် ...
...
ဒီလိုနဲ့ မင်းသားလေးဟာလည်း နောက်ထပ် ခုနစ်နှစ် ထပ်စောင့်လိုက်ရတာပေါ့ကွယ် ...
...
ပုံပြင်ကလေးကတော့ ဒါပါပဲကွယ် ...