အမေရိကန်ပြည်နယ်တစ်ခုမှာ ဖြစ်ပျက်ခဲ့တာပါ။

ပြည်နယ်အာဏာပိုင်တွေက ဥပဒေရေးရာအရ ဒုတိယအဆင့် သေကြောင်းကြံရွယ်မှု၊ ကိုယ်ထိလက်ရောက်မှုကို ကျူးလွန်ခဲ့တဲ့ အလိုရှိသူအမျိုးသမီးတစ်ဦးရဲ့ ကိုယ်တစ်ပိုင်းဓာတ်ပုံကို ၎င်းတို့ရဲ့ Facebook Page မှာ တင်ခဲ့ပါတယ်။ ဒါ့အပြင် သတင်းပေးနိုင်သူကို ဒေါ်လာတစ်ထောင်ဆုချီးမြှင့်မယ်ဆိုတာကိုပါ ဖော်ပြထားပါတယ်။

အဲ့ဒါကို ကျူးလွန်သူတရားခံအမျိုးသမီးက မြင်ပြီး သူ့ရဲ့ကိုယ်တစ်ပိုင်းဓာတ်ပုံကို “ရုပ်ဆိုးလိုက်တာ” လို့ဆိုကာ နဖူးကိုလက်နဲ့ရိုက်နေတဲ့ emoji လေးပါထည့်ပြီး Facebook မှာ ကွန်မန့်ရေးခဲ့တာပါတယ်။

အာဏာပိုင်တွေက ၎င်းကွန်မန့်ကို တွေ့လည်းတွေ့ရော အလိမ္မာသုံးပြီး ...
“--ရေ ... ဒို့ရုံးဘက်ကို ဦးလှည့်ချင်ရင် အချိန်မရွေး ဝဲလ်ကမ်းပဲနော် ... ဒီပုံမလှရင်လည်း ရုံးခန်းကိုလာပြီး နောက်ထပ်ပုံလှလှလေးရိုက်ချင်ရင် ရိုက်လို့ရတယ်လေ ... ဒါမှမဟုတ်ရင်လည်း တခြားတစ်ယောက်က မင်းရှိတဲ့နေရာကို လက်တို့ပြီး ဒေါ်လာတစ်ထောင်ထုတ်သွားတဲ့အထိ စောင့်ဦးမလား” လို့ reply ပြန်ရေးခဲ့ပါတယ်။

အဲ့ဒီနေ့မှာပဲ သူမဟာ ရုံးကိုသွားခဲ့တယ်လို့ ဆိုပါတယ်။

Facebook user တွေရဲ့ ကွန်မန့်တွေထဲမှာ “အဲ့ဒီနေ့ဟာ သူမကို Facebook မှာ နောက်ဆုံးမြင်ရခြင်းပဲ” လို့ ကွန်မန့်ရေးထားတာတွေတွေ့ရပါတယ်။

[ပြီးခဲ့တဲ့လ (June 2019) ကဖြစ်ခဲ့တဲ့ တကယ့်အဖြစ်အပျက်ပါ]

မာစတာချက်မြန်မာ ဆီစင် ဖစ်ဖတိ

(ရွှေရတုဆီစင်)

...

ခေါင်းစဉ်နောက်ခံကြီးဖြင့်

...

ဝင်းနားဖြစ်သွားတဲ့ ကိုဝဝ တစ်ယောက် ဆုတွေ၊ ဖလားတွေ၊ ဒန်အိုးတွေ၊ ဓားမတွေ ရင်ဝယ်ပိုက်ပြီး S သုံးလုံး (စပ်စုစိန်) ရုပ်မြင်သံကြားရဲ့ အင်တာဗျုးမှာ ဖြေကြားဖို့ စတူဒီယိုခန်းမထဲက ဆိုဖာပေါ်မှာ ရောက်နေပါတယ်။

မေးမြန်းသူ နှုတ်ခမ်းနီမလေးက မိုက်ကလေး တရမ်းရမ်းနှင့် ...

...

မေး ။ ။ မာစတာချက်မြန်မာ ဆီစင် ဖစ်ဖတိရဲ့ ဝင်းနားရသွားတဲ့ ကိုဝဝ ဟုတ်ပါတယ်နော် ...

ဖြေ ။ ။ (ကိုဝဝ ကင်မရာဘက်ကိုကြည့်ပြီး ပြုံးဖြီးနေရာမှ ကြောင်တောင်တောင်ဖြစ်သွားကာ) မင်းတို့ပဲခေါ်ပြီး အခုကျတော့မှ မရေရာတော့ဘူးလား ... ?

မေး ။ ။ ဟို ... အဲ ... မဟုတ်ပါဘူးရှင် ... တီဗီက ပိတ်သက်ကြီး သိရအောင်လို့ အင်ထရိုတဲ့ သဘောပါစင့် ...

ဖြေ ။ ။ အော် ... ဂလိုလား ... ဒါဆိုရင် ဟုတ်ပါတယ်ခင်ဗျ ...

မေး ။ ။ ကျွန်မတို့ အက်စ်သုံးလုံးရုပ်မြင်သံကြားရဲ့ လက်စပိ (let's speak) အင်တာဗျူး ကဏ္ဍလေးကို အခုလို လာရောက်ပေးတဲ့အတွက် အတိုင်းမသိ ဝမ်းသာမိပါတယ်စင့် ...

ဖြေ ။ ။ ဟုတ်ကဲ့ခင်ဗျ ... ကျွန်တော်လည်း မအားတဲ့ကြားက လာဖြေပေးရတဲ့အတွက် အမှားပါသွားရင် ကြိုပြီးတောင်းပန်ပါရစေဗျာ ...

မေး ။ ။ ဟို ... မအားဘူးဆိုတာက ကုမ္ပဏီအလုပ်တွေများ ရှုပ်နေလို့လား ... အားနာလိုက်တာရှင် ...

ဖြေ ။ ။ အော် ... ရပါတယ်ခင်ဗျ ... မအားဘူးဆိုတာက မီးဖိုချောင်ထဲက မထွက်ရတာကို ပြောတာပါခင်ဗျာ ...

မေး ။ ။ အဲ ... အဟင်း ဟင်း ဟင်း ...

ဖြေ ။ ။ မရယ်ပါနဲ့ဗျာ ... အခုတောင် လက်က ငါးပိနံ့နံနေသေးတယ် ... နမ်းကြည့်ပါလား ...

မေး ။ ။ ရှင် ? ... ရပါတယ်ရှင် ... ယုံပါတယ် ... ကျွန်မ .. ကျွန်မတို့ရဲ့ မေးခွန်းလေးတွေ စလိုက်တော့မလားစင့် ...

ဖြေ ။ ။ ရပါတယ်ခင်ဗျာ ... အဆင်သင့်ပါပဲ ...

မေး ။ ။ (စားပွဲပေါ်ရှိ စာရေးထားတဲ့ကဒ်လေးတစ်ခု ကောက်ယူကာ ဖတ်ကြည့်ပြီး) မေးခွန်းကတော့ ကိုဝဝရဲ့ ချက်လိုက်ဖ် (Chef Life) ကို ဘယ်ကနေ စတင်ခဲ့သလဲဆိုတာပါပဲစင့် ... ချက်လိုက်ဖ် ဆိုတာကတော့ ချက်ကြီးစဖြစ်တဲ့ အချိန်ကို ပြောတာပါစင့် ...

ဖြေ ။ ။ အော် ... အဲ့ဒါလား ... ကျွန်တော် ကျောင်းသားဘဝတုန်းကပေါ့ ...

မေး ။ ။ ကျောင်းသားဘဝကတည်းက ချက်တတ်တာလားစင့် ...

ဖြေ ။ ။ မ ... မဟုတ်ပါဘူး ... ကျောင်းသားဘဝတုန်းက အိမ်ကကျွေးတာပဲ စားတာပါ ... မီးဖိုချောင်ဆိုလို့ ရေနွေးအိုးတောင် တူးအောင် တည်တဲ့အကောင်ပါဗျာ ...

မေး ။ ။ အော် ...

ဖြေ ။ ။ ဟုတ်ကဲ့ ... ကျွန်တော် အိမ်ထောင်စကျတော့ ...

မေး ။ ။ အဲ့ဒီမှာ ချက်တတ်သွားတာပေါ့ ...

ဖြေ ။ ။ ဟင့်အင်း ... အဲ့တုန်းကလည်း မိန်းမချက်ကျွေးတာ စားတာပဲ ...

မေး ။ ။ အော် ...

ဖြေ ။ ။ လိုရင်းပဲ ပြောတော့မယ်ဗျာ ... အိမ်ထောင်ကျပြီး ကလေးရလို့ ကလေးနှစ်နှစ်ခွဲလောက်ကစပြီး ... မဒမ်ဝဝက ကျွန်တော့်ကို ရွေးချယ်ခိုင်းပါတယ် ...

မေး ။ ။ အော် ... ဟုတ်လား ... ဘာများလဲစင့် ...

ဖြေ ။ ။ ဒီလိုပါ ... ရှင် ကလေးထိန်းမလား ... မီးဖိုချောင် ဝင်မလား ဆိုတော့ ... မီးဖိုချောင်ကို ဝင်ရင်းနဲ့ ဒီလို ချက်တတ်လာတာပေါ့ဗျာ ... တခါတခါများ နှစ်ယောက်သား မီးဖိုချောင်တောင် လုဝင်ကြရသေးတယ် ...

မေး ။ ။ မှတ်သားလောက်ပါတယ်စင့် ...

 

 

ဆရာဇော်တစ်ယောက် ကလေးတွေကို စာလိုက်ရေးခိုင်းထားသည်။

ဆရာဇော်က အတန်းရှေ့ ဘလက်ဘုတ်ပေါ်မှာ မြေဖြူနဲ့ တဒေါက်ဒေါက်နဲ့ရေးပြီး ကလေးတွေကို စာလိုက်ကူးခိုင်းထားခြင်းဖြစ်သည်။

ထိုစဉ် အတန်းနောက်မှ ရယ်သံသဲ့သဲ့ကြားလိုက်ရသည်။ ဆရာဇော်လှည့်ကြည့်တော့ ရယ်သံတိတ်သွားသည်။ ကလေးတွေအကုန်လုံး ခေါင်းငုံ့လိုက်၊ ကျောက်သင်ပုန်းကိုကြည့်လိုက်၊ စာရေးလိုက်နဲ့၊ တရားခံရှာမရ။

ထို့ကြောင့် ဆရာဇော် စာဆက်ရေးနေသည်။ နောက်ထပ် တစ်ခါ ရယ်တဲ့အသံ ခပ်တိုးတိုး ကြားရပြန်သည်။ ဆရာဇော် ထပ်လှည့်ကြည့်သည်။ ရယ်သံပျောက်ပြီး အကုန်လုံးက စာကူးနေကြသည်။

ဆရာဇော် နည်းနည်းတော့ စိတ်အချဉ်ပေါက်လာသည်။ ဘလက်ဘုတ်ပေါ် စာရေးနေတုန်း ရယ်သံခပ်တိုးတိုးကြားရတော့ တန်းလှည့်ကြည့်ကာ ခါးထောက်ပြီး

ဆရာဇော် ။ ။ ဘယ်သူရယ်နေတာလဲကွ ...

ကျောင်းသူကလေးတွေဘက်လှည့်ကာမေးတော့ သူတို့ မျက်လုံးတွေက တတိယတန်းက ကျော်ကျော့်ဆီ။

ထို့ကြောင့် ဆရာဇော်က ကျော်ကျော့်ကို မတ်တပ်ရပ်ခိုင်းပြီး

ဆရာဇော် ။ ။ ကျော်ကျော် ထစမ်း ... မင်းရယ်နေတာလားကွ ...

ကျော်ကျော် ။ ။ (ကြောက်လန့်နေကာ) ဟုတ် ... ဟုတ် ပါတယ် ဆရာကြီး ...

ဆရာဇော် ။ ။ အေး ... ကျော်ကျော် ... ဒါဖြင့် မင်းလွယ်အိတ်တွေ သိမ်းစမ်း ... နောက်သုံးရက် မင်းကို ငါ မတွေ့ချင်ဘူး ... နောက်မှ မင်းမိဘတွေ ခေါ်မယ် ... ပြန်တော့ ...

ကျော်ကျော်တစ်ယောက် ကြောက်ကြောက်နဲ့ လွယ်အိတ်ထဲ စာအုပ်နဲ့ ခဲတံတွေ ကမန်းကတမ်းထည့်ကာ စာသင်ခန်းထဲက ခပ်ကုတ်ကုတ် ထွက်သွားသည်။

...

ဆရာဇော် ဒေါသကို ထိန်းရင်း စာဆက်ရေးသည်။

ဆယ်မိနစ်လောက်နေတော့ တခစ်ခစ်နဲ့ ရယ်သံ ထပ်ထွက်လာသည်။

ဆရာဇော် အတန်းဘက်ကို ဇတ်ခနဲလှည့်ပြီး ...

ဆရာဇော် ။ ။ ဒီတစ်ခါ ဘယ်သူလဲကွ ...

မလိမ်ရဲဘဲ လက်ကလေးမြှောက်လိုက်မိတာက စွမ်စိ။

ဆရာဇော် ။ ။ အေး စွမ်စိ ... ငါ ဒီလောက်ပြောနေတဲ့အကြားက ရယ်တယ်ဆိုတော့ မင်းကိုပိုပြီး ပြစ်ဒဏ်ပေးရတော့မယ် ... ဒီတစ်ပတ်ရော နောက်တစ်ပတ်ရော မင်းကို ကျောင်းထဲမှာ မမြင်ချင်ဘူး ... အေး ... မင်း ကျောင်းတက်တဲ့နေ့ မိဘတွေ ခေါ်လာခဲ့ ... ကြား လား ...

စွမ်စိ ။ ။ ဟုတ် ... ကဲ့ ... ဟုတ်ကဲ့ပါ ... ဆရာကြီး ... ဒါ ... ဒါပေမယ့် ... အဖေက ...

ဆရာဇော် ။ ။ ဘာမှ ဒါပေမယ့်တွေ လုပ်မနေနဲ့ ... မင်းအဖေ မင်းကိုဆော်လည်း ခေါ်လာခဲ့ ...

စွမ်စိတစ်ယောက် မျက်ရည်စမ်းတမ်း စမ်းတမ်းနဲ့ အခန်းထဲက ထွက်သွားသည်။

...

ဆရာဇော် စာဆက်ရေးပြန်သည်။ အိမ်စာပေးဖို့အတွက် လေ့ကျင့်ခန်းတွေကို ဘလက်ဘုတ်ပေါ်မှာ ချရေးပေးနေခြင်းဖြစ်တဲ့အတွက် ဘလက်ဘုတ်တစ်ခုလုံး ရေးလိုက် ဖျက်လိုက်နဲ့ အလုပ်ရှုပ်နေသည်။

ထိုစဉ်မှာပဲ ရယ်သံထပ်ကြားရသည်။

ဆရာဇော်တစ်ယောက် ဒတ်စတာကို ဘုန်းခနဲ စားပွဲခုံပေါ်ပစ်တင်ပြီး အတန်းဘက်လှည့်လိုက်သည်။

သားငယ်တစ်ယောက် လွယ်အိတ်ကလေးကိုပိုက်ကာ အတန်းထဲက ထွက်ဖို့ လုပ်နေတာ လှမ်းမြင်တော့ ...

ဆရာဇော် ။ ။ မောင်သားငယ် ... ဒါ ဘာလုပ်တာလဲ ...

သားငယ် ။ ။ ဟို ... ဟို ... ဆရာကြီး ... ကျ ... ကျ ... ကျွန်တော် ရယ်မိတာပါ ဆရာကြီး ... ဆရာကြီး ပေးတဲ့ပြစ်ဒဏ်က တဖြည်းဖြည်းကြီးလာတော့ ကျွန်တော့်ကျောင်းသားဘဝ ဒီမှာတင် ဆုံးပြီးထင်ပြီး ထွက်သွားမလို့ပါ ဆရာကြီးရယ် ... အီး ငီး ငီး ...

ကိုဝဝတစ်ယောက် သားတော်မောင်ရဲ့ အခန်းရှေ့က ဖြတ်လာတော့ အခန်းထဲမှာ သားငယ်ကို မတွေ့မိဘူး။ ဒီကောင် ကျောင်းကပြန်လာကတည်းက အခန်းထဲဝင်သွားတယ်ထင်တာ၊ အခု အခန်းထဲမှာ မရှိဘူး။ မဒမ်ဝဝကို လှမ်းအော်မေးကြည့်တော့လည်း အခန်းထဲမှာလေလို့ ပြောသံကြားပြီး နောက်က ဘာတွေ ပွစိပွစိပြောနေမှန်းမသိဘူး။ မသိတာပဲ ကောင်းပါတယ်လေ။

သားငယ်က ဒီနှစ် လေးတန်း (အဲ ...) ဂရိတ်ဖိုက်ပေါ့ ...

ဉာဏ်ကလေးကထက်ပေမယ့် တစ်ခါတလေ ကချော်ကချွတ်တွေ လုပ်လေ့ရှိလို့ သူ့အမေကို ဆုံးမဖို့ပြောတော့လည်း တော်နဲ့တူတာနေမှာဆိုပြီး ကိုယ့်ဘက်ပြန်ပြန်လှည့်လာတယ်။

ခုလည်း နိုင်ငံခြားစတိုင်လ်ဆိုပြီး နှစ်စကတည်းက အခန်းခွဲအိပ်နေတာ ...

အခန်းထဲဝင်ကြည့်ဦးမှဆိုပြီး ဝင်လိုက်တော့ ကုတင်ပေါ်မှာ ဒီအတိုင်းပစ်ထားတဲ့လွယ်အိတ်နဲ့ ကုတင်နားမှာ ပုဆိုးကွင်းအပုံလိုက် ချွတ်ချထားတယ်။

သူ့စာကြည့်စားပွဲပေါ်မှာတော့ အေဖိုးစာရွက်ကို စာအိတ်ပုံလေးခေါက်ထားပြီး “ဒက်ဒီဖားသားဖေဖေ သို့” တဲ့ ...

ရင်တော့နည်းနည်းထိတ်သွားတာပေါ့ ...

ဒါနဲ့ စာအိတ်ကိုယူပြီးဖွင့်တော့ အတွင်းထဲမှာ ကျောင်းဗလာစာအုပ်က စာရွက်တစ်ရွက်ကိုဖြဲပြီး ရေးထားတဲ့စာကို တွေ့တယ် ...

ဘာပြဿနာရှာပြန်ပြီလည်းလို့ စိုးတထိတ်ထိတ်နဲ့ စာကို ဖတ်ကြည့်ရတာပေါ့ ...

...

သို့ /-

ချစ်လှစွာသော မွေးသဖင်ခ ဒက်ဒီဖားသားဖေဖေ ... (အံမယ် ... မွေးသဖခင်ကို စာလုံးပေါင်းမှားဖြစ်အောင် မှားလိုက်သေးတယ်)

ဒီစာကို မရေးချင်ရေးချင်နဲ့ ရေးလိုက်ရလို့ စိတ်မကောင်းပါဘူးဖေဖေ ...

လူရယ်လို့ဖြစ်လာတော့ ... ချစ်မှုရေးရာကိစ္စက ရှုပ်ထွေးလှပါတယ်ဖေဖေ ... (ကြီးကြီးကျယ်ကျယ်ကွာ...)

သားအနေနဲ့ ကျောင်းက မမတစ်ယောက်နဲ့ ချစ်ကြိုးသွယ်မိပါတယ်ဖေဖေ ...

မမက ဆယ်တန်းတစ်ခါကျဖြစ်လို့ သားနဲ့ အသက်တော့ သိပ်မကွာလှသေးပါဘူး ... ဒါပေမယ့် ဖေဖေနဲ့ မေမေတို့ ရတက်မပွေရလေအောင် သားဖွင့်မပြောမိခဲ့တာ ခွင့်လွှတ်ပေးပါဖေဖေ ...

မမက သားအပေါ် သိပ်ကောင်းပါတယ်ဖေဖေ ... သားကလည်း မမကို သိပ်ချစ်ပါတယ် ... ဒီတော့ သားက သူနဲ့ မခွဲနိုင်ဖြစ်နေပါပြီ ဖေဖေ ... (ဘုရား ဘုရား ...)

ဖေဖေနဲ့ မေမေတို့ သဘောမကျခဲ့ရင် သားတို့နှစ်ယောက်ရဲ့ ချစ်ခြင်းကို အခွဲခံရမှာစိုးလို့ ... သားတို့နှစ်ယောက် ဘဝတစ်ခု ထူထောင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်ဖေဖေ ... ဒါနဲ့ပဲ ဒီနေ့ကစလို့ မမနဲ့အတူ ဖေဖေတို့ လိုက်မရှာနိုင်တဲ့အရပ်ကို သားတို့ ထွက်သွားကြပါပြီ ... (ကိုဝဝ တစ်ယောက် ရင်တွေတုန်ပြီး စာကြည့်စားပွဲကို လက်နဲ့ကိုင်ကာ ကုတင်ပေါ် ထိုင်ချလိုက်မိတယ်)

ရင်နစ်သည်းခြာ

ချစ်လှစွာသော

သား

...

ကိုဝဝတစ်ယောက် စာဖတ်ပြီး ဘာမှ မမြင်နိုင်တော့ပေ။ ချွေးစေးတွေပျံလာသလို နှုတ်ခမ်းတွေခြောက်ကာ နှလုံးခုန်တွေ မြန်နေပါတော့တယ် ...

စာကို နောက်တစ်ခါ ပြန်ကြည့်လိုက်တော့ စာရွက်အောက်ခြေမှာ စာလုံးသေးသေးနဲ့ ရေးထားတာကို ထပ်တွေ့ရတယ်။ မျက်လုံးပြူးပြီး ဖတ်ကြည့်တော့

...

စာကြွင်း ။ ။

ဒက်ဒီဖားသားဖေဖေ ... အပေါ်မှာ ရေးထားတာတွေက တစ်ခုမှ အမှန်မဟုတ်ဘူးနော်။ လောကကြီးထဲမှာ ကျောင်းကပေးတဲ့ရီပို့ကဒ်ထက် ဆိုးရွားတဲ့အရာတွေရှိသေးတယ်ဆိုတာ သားက ဖေဖေတို့ကို သိစေချင်လို့ ရေးထားတာပါ ... သားရဲ့ရီပို့ကဒ်က အိမ်ရှေ့ဆက်တီစားပွဲခုံ အံဆွဲထဲမှာ ရှိတယ်နော် ... သားအခု မှန်ကြီးတို့ အိမ်မှာရှိပါတယ် ... ဖေဖေ သားကို မရိုက်ဖူးလို့ဆုံးဖြတ်ချက်ချပြီးရင် ဖုန်းဆက်ခေါ်လိုက်ပါနော် ...

“မိန်းမတွေများ ကောင်းကို မကောင်းဘူး”

သူငယ်ချင်းတွေနဲ့အတူ တီးရှော့ထိုင်ရင်း ကိုဝဝ ပွားနေသည်။

ဒီလိုပဲ ...

မဒမ်ဝဝနဲ့ အိမ်မှာ ပွစိပွစိ ဖြစ်လာပြီဆို ကိုဝဝတို့ လက်ဖက်ရည်ဆိုင်မှာ ထွက်နေကြ။

သူများတွေလို စိတ်ညစ်ညစ်နဲ့ အရက်သောက်တာတွေဘာတွေမလုပ်တတ်တော့ လမ်းထိပ်က လက်ဖက်ရည်ဆိုင်မှာ အပေါင်းအသင်းတွေအကြား ရင်ဖွင့်ရသည်။ အပေါင်းအသင်း သူငယ်ချင်းတွေကလည်း လက်ဖက်ရည်အလကားသောက်ရသည်မို့ ဘာပြောပြော ဝိုင်းဝန်းထောက်ခံကြသည်။ ဒီလိုမျိုး မိန်းမနဲ့ စိတ်ကောက်တဲ့နေ့တို့၊ စိတ်ဆိုးတဲ့နေ့တို့၊ စကားများတဲ့နေတို့ဆို ဒကာခံနေကျဆိုတော့ အပေါင်းအသင်းတွေက နေ့တိုင်းစကားများပါစေလို့ ဆုတောင်းရတော့မလိုလိုပင်။

ဝဏ္ဏ ။ ။ ဘာဖြစ်လာလို့လဲ သယ်ရင်းရ ...

ဝဏ္ဏတစ်ယောက် စကားသာထောက်နေရပေမယ့် လက်ကတော့ စားပွဲပေါ်က ပေါက်ဆီကို လှမ်းနေသည်။ ခါတိုင်း အမေရိကန်စစ်စတမ်နဲ့ ဝိုင်းစားဝိုင်းရှင်းနေ့ဆို ဒီကောင်က လက်ဖက်ရည်ကလွဲရင် ဆေးလိပ်တောင် သောက်တာမဟုတ်။ သူများတွေစားလို့ ဝေပုံကျထည့်ရတော့မယ်ဆိုရင်လည်း အိပ်ကပ်ထဲကမှာ အာဏာကုန်ရှိတဲ့ သုံးရာ၊ လေးရာလောက်ထုတ်၊ ငါက လက်ဖက်ရည်ပဲသောက်တာလေကွာလို့ပြောပြီး သူသောက်တာလေးပဲ ရှင်းနေကျ။ သူများကျွေးတော့မယ်ဆိုတာသေချာလို့ကတော့ အိမ်မှာ ထမင်းမစားလာရတဲ့အတိုင်း စားပွဲပေါ်မှာရှိသမျှ စုံအောင်စားတတ်သည်။

ကိုဝဝ ။ ။ ဒီလိုကွာ ... တစ်နေ့ တစ်နေ့ အိမ်ပူလို့ ....

နိုင်ကြီး (ပေါက်ဆီအောက်က စက္ကူဖတ်ကို သဲကြီးမဲကြီးခွာနေတဲ့ ဝဏ္ဏကိုမျက်စောင်းထိုးကြည့်ပြီး) ။ ။ အေးလေကွာ ... ဘာတွေများ ဖြစ်လာရတာလဲ ...

ကိုဝဝ ။ ။ ငါ့မှာ မိသားစုအတွက် ရှာရဖွေရတာ မင်းတို့မြင်တဲ့အတိုင်းပဲ ... အေး ... အဲ့ဒါတောင် သူက မကျေနပ်နိုင်ဘူး၊ အားမရနိုင်ဘူးကွ ... ပြီးခဲ့တဲ့နှစ်က ငါ့ကိုပူဆာတယ် ...

ဝဏ္ဏ (ပေါက်ဆီပလုတ်ပလောင်းဝါးနေရင်း) ။ ။ အင်း ... အင်း ...

ကိုဝဝ ။ ။ ဆွဲကြိုးလေး လုပ်ပေးပါဦးတဲ့ ... ပွဲသွားပွဲဝတ်ဖို့တဲ့ ... ဒီနှစ်လည်း စိန်နားကပ်လေး တစ်ရံလောက်တဲ့ ... ပြီးခဲ့တဲ့လက ဟန်းချိန်းလေး လိုချင်နေတယ်တဲ့ ... ဒီနေ့တော့ ပလက်တီနန် လက်ကောက်လေးနဲ့ ဆွဲကြိုးနဲ့တဲ့ ... ဒီလောက်ပူဆာနေတာ ငါ့လုပ်စာက အိမ်စားဖို့နဲ့ ဘာနဲ့ ... သားငယ်ကလည်း ရှိသေးတယ်လေ ... အဲ့ဒါနဲ့ ငါလည်း စိတ်ကထောင်းခနဲ ဖြစ်လာလို့ ...

နိုင်ကြီး (လန်ဒန်ဆေးလိပ်ကို မီးဖွာရင်း) ။ ။ နားရင်းအုပ်ခဲ့လို့လား ... ဖူး ...

ကိုဝဝ ။ ။ ဟင့်အင်း ... ဒီကို တန်းထွက်လာခဲ့တာ ...

ဝဏ္ဏ (ပေါက်ဆီစားပြီးတော့ ရေနွေးတစ်ငုံသောက်ရင်း စမူဆာပန်းကန်ထဲက စမူဆာကို ယူရင်း) ။ ။ ဟာကွာ ... မင်း ကလည်း ... ဒီလောက်တောင် ပူဆာနေတာ နည်းနည်းတော့ ဆုံးမခဲ့ရမှာပေါ့ ... နိုင်ကြီး အချဉ်ရည်ဗူးလေး လှမ်းလိုက်ပါဦး ...

နိုင်ကြီး (ဝဏ္ဏကို အချဉ်ရည်ဗူးယူပေးလိုက်ရင်း) ။ ။ နိုး ... မဟုတ်ဘူးကွ ... အဲ့လို လက်ပါတာတော့ မကောင်းဘူးကွ ... အမျိုးသမီးရေးရာရဲ့ ဗိုင်အိုလက်ဆိုလား ... ဝိုင်အိုလက်ဆိုလား ... အဲ့ဒါနဲ့ ငြိသွားဦးမယ် ...

ဝဏ္ဏ ။ ။ အမျိုးသမီးအခွင့်အရေးချိုးဖောက်တာ ... ဝူးမန်းရိုက်စ်ဗိုင်အိုလေးရှင်းပါကွ ... မင်းက အလိုလိုက်လိုက်နေတော့ သူ့ဘက်က ပူဆာတာမဆန်းဘူးပေါ့ကွာ ... ဒါနဲ့ နေပါဦး မင်းက သူပူဆာတိုင်း ဝယ်ဝယ်ပေးနေကျလား ...

ကိုဝဝ ။ ။ ဟင့်အင်း ...

 

လက်မထပ်ခင်
ကျား ။ ။ အိုး ... နောက်ဆုံးတော့ မင်းပြောပြီပေါ့ ... ကိုယ်တကယ်ကို မစောင့်ချင်တော့ဘူးကွာ ...
မ ။ ။ ဘာလဲ ... ရှင်က ကျွန်မကို ထွက်သွားစေချင်တာလား?
ကျား ။ ။ မဟုတ်ရပါဘူးကွာ ... ကိုယ်က တကယ်ကို မတွေးမိတာပါ ...
မ ။ ။ ရှင် ကျွန်မကို တကယ်ချစ်ရဲ့လား?
ကျား ။ ။ ဒါပေါ့ ... အမြဲတမ်း နဲ့ ထာဝရပါပဲကွာ ...
မ ။ ။ ရှင် ကျွန်မကို လိမ်တာညာတာတွေများ ရှိနေလား?
ကျား ။ ။ ဘယ်တော့မှ မလုပ်ချင်တာပါကွာ ... ဘာဖြစ်လို့ မေးတာလဲ?
မ ။ ။ ကျွန်မကို ရှင် နမ်းမလား?
ကျား ။ ။ အခါအခွင့် ကြုံကြိုက်တိုင်းပေါ့ ...
မ ။ ။ ကျွန်မကို ရှင် ပါးရိုက် နားရိုက်တာတွေ လုပ်မှာလား?
ကျား ။ ။ ဟင့်အင်း ... လုံးဝ ဆို လုံးဝ ပဲ ...
မ ။ ။ ကျွန်မ ရှင့်ကို ယုံလို့ရပြီလား?
ကျား ။ ။ အင်း
မ ။ ။ ကို

လက်ထပ်ပြီးနောက်
(စာရှည်မှာစိုးလို့ အောက်ဆုံးစာကြောင်းကနေ အပေါ်ကို ပြောင်းပြန် ပြန်ဖတ်လိုက်ပါဗျာ)

 

သုတေသနဋ္ဌာနတစ်ခုက ပရော်ဖက်ဆာတစ်ဦးဟာ လူသူဝေးတဲ့အရပ်ဒေသတစ်ခုမှာ သုတေသနစာတမ်းတစ်ခုအတွက် သွားရောက်ရပါတယ်။

အဲ့ဒီမှာ မြစ်ကမ်းတစ်လျှောက် သွားလာစရာရှိလို့ အနီးနားရွာတစ်ရွာက လှေသမားတစ်ဦးကိုငှားပြီး သွားကြပါတယ်။

လမ်းခရီးမှာ ပရော်ဖက်ဆာက လှေသမားကို စေ့စေငုငုကြည့်ရင်း စကားဆိုမိပါတယ်။

ဆာ ။ ။ ငါ့တူနာမည် ဘယ်လိုခေါ်လဲကွ ...

လှေသမား ။ ။ မောင်ဝပါ ဆရာကြီး ...

ဆာ ။ ။ အော် အေး အေး ... လူပျိုလူလွတ်ပဲလား ...

ဝ ။ ။ ဟုတ်ကဲ့ပါခင်ဗျ ...

ဆာ ။ ။ ငါ့တူ အတန်းပညာတတ်သလား ... ဘယ်နှစ်တန်း တက်ခဲ့ဖူးလဲ ...

ဝ ။ ။ ဆရာတော့်ဆီမှာတော့ ရေးတတ်၊ ဖတ်တတ် အဆင့်သင်ခဲ့ဖူးပါတယ် ...

ဆာ ။ ။ အော် ... ကောင်းပါတယ် ကောင်းပါတယ် .... ငါ့တူ ... ဇီဝဗေဒ ဘာသာရပ်ကို သိလား ...

ဝ ။ ။ မသိဘူးခင်ဗျ ...

ဆာ ။ ။ ဒါဆို ဓာတုဗေဒတို့ ... ရုက္ခဗေဒတို့ကိုရော ...

ဝ ။ ။ အဲ့ဒါလည်း မသိဘူးခင်ဗျ ...

ဆာ ။ ။ ဟင် ... ဒါဖြင့်လည်း ဘောဂဗေဒ ဘာသာရပ်တော့ သိမှာပေါ့ ...

ဝ ။ ။ ကြားတောင် မကြားဖူးဘူးခင်ဗျ ...

ဆာ ။ ။ ဟေ... နို့ဖြင့် ဒီဘာသာရပ်တွေ မသိဘူးဆိုတော့ မင်း တစ်သက်လုံး လူဖြစ်ရှုံးတော့မှာပေါ့ ... အနည်းဆုံး စီးပွားရေးအနေနဲ့ ဘောဂဗေဒလေးတော့ သိသင့်တယ်ကွာ ...

ပရော်ဖက်ဆာကြီးခမျာ အားမလိုအားမရဖြင့် သက်ပြင်းချကာနေတော့တယ်။

မောင်ဝကလည်း ခပ်မဆိတ်ပင်၊ လှေကိုသာ လှော်နေတော့တယ်။

နာရီဝက်လောက်လည်းကြာလာတော့ လှေဝမ်းထဲ ရေတွေစိမ့်လာတယ်။ လှေသမားမောင်ဝက လှေထဲကရေကို ဒန်ဖလားတစ်လုံးဖြင့် ခပ်ထုတ်နေတာကိုမြင်တော့ ပရော်ဖက်ဆာကြီး နည်းနည်းတော့ ထိတ်လန့်သွားတယ်။

ဆာ ။ ။ ဘာ ... ဘာ ... ဖြစ်တာလဲ ... ? ... လှေနစ်တော့မှာလား .... ?

ဝ ။ ။ အော် ... ဆရာကြီး ... ဒါနဲ့ .... ရေကူးဗေဒနဲ့ မိကျောင်းဗေဒက လွတ်မြောက်ဗေဒကိုသိသလားခင်ဗျ ...

ဆာ ။ ။ ဘာ ... အ ... အရေးထဲကွာ .... မ .... မသိဘူး ... ဘာ ... ဘာ ဖြစ်လို့လဲ ...

ဝ ။ ။ ဒါဆိုရင်တော့ ဆရာကြီးရဲ့ ပါးစပ်ဗေဒကြောင့် ဆရာကြီးရဲ့ ခြေထောက်ဗေဒနဲ့ လက်ဗေဒကတော့ မိကျောင်းဗေဒ စားတာခံရလို့ မာလကီးယားဗေဒ ဖြစ်သွားမှာကို မြင်ယောင်မိလို့ပါ ...

 

တိရိစ္ဆာန်ရုံတစ်ခုတွင်ဖြစ်သည်။

တိရိစ္ဆာန်ရုံမှာရှိတဲ့ နာမည်ကြီးလူဝံတစ်ကောင်ဟာ ရုံမဖွင့်ခင်မှာဘဲ ရုတ်တရက် သေဆုံးသွားခဲ့ပါတယ်။ အဲ့ဒီ ပုဂ္ဂလိကတိရိစ္ဆာန်ရုံဟာ ဝင်ငွေနည်းပါးတာကြောင့် လူဝံတစ်ကောင်တည်းပဲရှိတာပါ။

သို့သော်ငြားလည်း ၎င်းလူဝံကြောင့် ရုံဝင်ခရရှိတာဖြစ်ပြီး ထိုလူဝံမရှိတော့ပါက ဒေဝါလီခံရတော့မှာပဲဖြစ်ပါတယ်။ ဒါ့ကြောင့် မန်နေဂျာက ဝန်ထမ်းတွေကို လူဝံအဝတ်အစားဝတ်ပြီး လူဝံဟန်ဆောင်ဖို့ ပြောပါတယ်။ လူဝံဝတ်စုံနဲ့ လူဝံဟန်ဆောင်ပြီး လှောင်ချိုင့်ထဲမှာနေရင် တစ်ရက်ကို အပိုဝင်ငွေငါးသောင်းလည်းပေးဦးမှာပါ။ နောက်ထပ်လူဝံအသစ်ကို မဝယ်ယူခင်အထိ လုပ်ရမှာဖြစ်ပါတယ်။

အဲဒါကြောင့် ဝန်ထမ်းတစ်ဦးက ဝတ်စုံဝတ်ကာ လူဝံဟန်ဆောင်ပြီး နေလိုက်ပါတယ်။ အဲ့ဒီလူဝံအသစ်ကြောင့် တိရိစ္ဆာန်ရုံဟာ ချက်ချင်းပဲ နာမည်ကြီးလာပါတယ်။ လူတွေက ဒီလူဝံအသစ်ဟာ လူသားဆန်တယ်ဆိုပြီး တအံ့တသြနဲ့ လာရောက်ကြည့်ရှုကြလို့ ဝင်ငွေတွေတောင် ပိုရလာပါတယ်။

တစ်လလောက်လဲနေတော့ လူဝံဟန်ဆောင်ထားတဲ့ ဝန်ထမ်းဟာ လာရောက်ကြည့်ရှုသူတွေ ပိုစိတ်ဝင်စားအောင်လုပ်ဖို့ ခပ်ကြောင်ကြောင် အတွေးဝင်လာပါတယ်။

ဒါနဲ့ပဲ သူဟာ လူဝံဝတ်စုံဝတ်ပြီး လှောင်ချိုင့်အပေါ် အပေါက်တွေက တိုးထွက်တယ်။ မျက်နှာကျက်ပေါ်က ထုတ်တန်းတွေကို တွဲလဲဆွဲကာ ခြင်္သေ့လှောင်ချိုင့်တွေ အပေါ်ကို ရောက်လာခဲ့တယ်။

ပရိသတ်တွေ အူလျားဖားလျားဖြစ်အောင် ခြင်္သေ့လှောင်ချိုင့်ပေါ်မှာ တွဲလဲခိုပြနေလိုက်တော့တယ်။

ဒါ့ကြောင့် ပရိသတ်ကလည်း ထိတ်လန့်တုန်လှုပ်နေကာ ဝိုင်းဝန်းကြည့်ရှု ဓာတ်ပုံတွေ ဗီဒီယိုတွေ ရိုက်နေကြတယ်။

ဒါပေမယ့် ရုတ်တရက် ထုတ်တန်းကိုကိုင်ထားတဲ့ လူဝံလက်အိတ်ကချော်ပြီး အောက်က ခြင်္သေ့လှောင်ချိုင့်ထဲကို ပြုတ်ကျသွားတယ်။

ခြင်္သေ့ကလည်း အနားကို ပြေးလာတာပေါ့။

ဒါကိုမြင်တော့ လူဝံဝတ်စုံဝတ်ထားတဲ့လူဟာ ထိတ်လန့်တကြီးနဲ့ ...

“အမယ်လေး ... ကယ်ကြပါဦး ...”

လို့ အော်တယ်။

ခြင်္သေ့က လူဝံအပေါ်ကို ချက်ချင်းခုန်အုပ်လိုက်ပြီး လူဝံခေါင်းကို ကိုက်တော့မည့်ဟန်ဖြင့် ပါးစပ်ဖြဲကာ ...

“ရှူး ... တိုး ... တိုး ... မအော်နဲ့တော့ ... မင်းရော ငါရော အလုပ်ပြုတ်သွားချင်လို့လား ...”

 

စာမေးပွဲဆိုတာ ...

 

ကျောင်းမှာသင်တဲ့အခါ -

နှစ်ရယ် နှစ်ရယ် ပေါင်း လေး

၂ + ၂ = ၄

 

အိမ်စာပေးလိုက်တဲ့အခါ -

နှစ်ရယ် လေးရယ် ပေါင်းပြီး ငါး နှုတ်တော့ တစ်

၂ + ၄ - ၅ = ၁

 

ဒါပေမယ့် တကယ့် စာမေးပွဲကျတော့ဗျာ ...

မေးခွန်းက ...

မောင်လှတွင် ပန်းသီး သုံးလုံးရှိသည်။ မောင်လှ စီးလာသော ကျောင်းကား ဘီးပေါက်၍ မိနစ် နှစ်ဆယ် ကျောင်းနောက်ကျသည်။ ထို့ကြောင့် မင်းတုန်းမင်း၏ မိဖုရားများ နာမည်ကို အစဉ်အတိုင်းရေးပါ။

ဦးဦးပုံပြောပြမယ်ကွယ် ...

ဟိုးရှေးရှေးတုန်းကပေါ့ကွယ် ...

ဗာရာဏသီဆိုတဲ့ တိုင်းပြည်ကြီးမှာပေါ့ကွယ် ...

ဗြဟ္မဒတ်ဆိုတဲ့ ဘုရင်ကြီးအုပ်ချုပ်တော်မူသတဲ့ကွယ် ...

ဘုရင်ကြီးမှာ မင်းသားလေးတစ်ပါးရှိတယ်တဲ့ ...

ဒါပေမယ့် အဲ့ဒီမင်းသားလေး မွေးဖွားခါနီးမှာ စုန်းမကြီးတစ်ယောက်က ကျိန်စာတိုက်လိုက်တယ်တဲ့ ...

အဲ့ဒီကျိန်စာက မင်းသားလေးဟာ တစ်နှစ်မှာ စကားတစ်ခွန်းပဲ ပြောလို့ရသတဲ့ ...

တစ်ခွန်းပြောပြီးရင် တစ်နှစ်လုံး စကားတစ်ခွန်းမှ မပြောနိုင်တော့ဘူးတဲ့ကွယ် ...

ဘုရင်ကြီးကလည်း သူ့သားတော်လေးရဲ့ ကျိန်စာပြယ်စေမယ့် နည်းလမ်းတွေကို အမျိုးစုံသုံးပြီးရှာပေမယ့် ဘယ်လိုမှ ကျိန်စာမပြယ်ဘူးဖြစ်နေတာပေါ့ကွယ် ...

ဒီလိုနဲ့ တစ်ရက်မှာ မင်းသားလေးဟာ နောက်လိုက်နောက်ပါအခြွေအရံတွေနဲ့ တိုင်းပြည်ကိုလှည့်လည်သတဲ့ ...

တိုင်းပြည်တစ်နေရာက ရွာလေးတစ်ရွာအရောက်မှာ ရေအိုးလေးရွက်လာတဲ့ မိန်းကလေးတစ်ယောက်ကို မင်းသားလေးမြင်မိလိုက်တဲ့အချိန် မင်းသားလေးရဲ့ နှလုံးသားတွေက နိုးကြားလာပြီး အချစ်စိတ်ဖြစ်ပေါ်လာသတဲ့ကွယ် ...

မြင်းညိုကြီးကို စီးလာတဲ့ မင်းသားလေးဟာ သူစကားမပြောတဲ့နှစ်ကို တွက်ကြည့်လိုက်တော့ နှစ်နှစ်အကြာ စကားတစ်ခွန်းမှ မပြောရသေးတာကို သတိရသွားတယ်တဲ့ ...

အဲ့ဒါကြောင့် မြင်းပေါ်ကနေဆင်းပြီး မိန်းကလေးအနားကို ကပ်သွားတယ် ...

မိန်းကလေးကလည်း နောက်လိုက်နောက်ပါတွေကို တွေ့တာကြောင့် သာမန်လူမဟုတ်မှန်း ရိပ်စားမိသတဲ့ ...

အဲ့ဒါက ခေါင်းပေါ်က ရေအိုးလေးကိုချပြီး မျက်လွှာကလေးချကာ ရိုရိုကျိုးကျိုးလေး နေနေတာပေါ့ကွယ် ...

မင်းသားကလေးက မိန်းကလေးရဲ့ နံဘေးမှာရပ်ပြီး မိန်းကလေးရဲ့မေးကလေးကိုပင့်ကာ ခေါင်းမော့ခိုင်းလိုက်တာပေါ့ ...

မိန်းကလေးကလည်း မင်းသားကလေးကို မြင်မြင်ချင်းမှာပဲ ချစ်ခင်စုံမက်နှစ်သက်နေတာဆိုတော့ ခေါင်းအမော့မှာ မျက်လုံးနှစ်စုံဟာ အချစ်တွေ အပြည့်နဲ့ပေါ့ ...

မင်းသားလေးက မိန်းကလေးကို စကားနှစ်ခွန်းပြောလိုက်တယ်ကွယ့် ...

“ချစ် တယ်”

မိန်းကလေးကလည်း ခေါင်းပြန်ငြိမ့်တာမို့ မိန်းကလေးရဲ့ အိမ်ကို နောက်လိုက်နောက်ပါတွေနဲ့ အတူသွားကြတာပေါ့ ...

မိန်းကလေးရဲ့မိဘတွေကို သူဟာ မင်းသားလေးဖြစ်ကြောင်း၊ မိန်းကလေးကို ချစ်ခင်စုံမက်လို့ ရွှေနန်းတော်ဆီ ခေါ်သွားပါရစေလို့ စကားပြန်ကနေတစ်ဆင့် သမီးတောင်းရှာတာပေါ့ ...

မိန်းကလေးရဲ့မိဘတွေလည်း မျက်ရည်တဝဲဝဲနဲ့ မခွဲနိုင်ဘူးလေ ...

မိန်းကလေးကလည်း အဲ့ဒီတော့မှ မခွဲရက်နိုင်တာမို့ ယောက္ခမတွေပါ တစ်ခါတည်း ပင့်ခဲ့ရကိန်း ဆိုက်တာပေါ့ကွယ် ...

...

ဒီလိုနဲ့ ရွှေနန်းတော်ကြီးဆီ ပြန်ရောက်လာကြတာပေါ့ကွယ် ...

မိန်းကလေးက လောလောဆယ် လက်မထပ်ချင်သေးတာမို့ မင်းသားလေးနဲ့ သမီးရည်းစားချစ်သူသဘာဝသာ နေချင်စိတ်ရှိသေးကြောင်းပြောရာ မင်းသားလေးလည်း အလိုလိုက်ပြီး ခေါင်းငြိမ့်လိုက်ရတာပေါ့ ...

မင်းသားလေးတို့ ရည်းစားမောင်နှံဟာ တစ်ဦးနဲ့တစ်ဦး လေ့လာရင်းနဲ့နေလာလိုက်တာ သုံးနှစ်သုံးမိုး လွန်သော ကာလကို ရောက်လာကြပါသတဲ့ကွယ် ...

မင်းသားလေးက လက်ထပ်ချင်လာပြီ၊ ဒါကြောင့် သူစကားပြောလို့ရမယ့် စကားလုံးအရေအတွက်ကို တွက်ကြည့်တော့ မရသေးဘူး။ အဲ့ဒါကြောင့် နောက်ထပ် လေးနှစ်တိုင်တိုင် အောင့်အီးသည်းခံပြီး စောင့်ဆိုင်းနေတာပေါ့ကွယ် ...

...

ခုနှစ်နှစ်ပြည့်တဲ့နေ့ရောက်လာပြီကွဲ့ ...

မနက်ခင်းစောစောမှာပဲ မင်းသားလေးဟာ မိန်းကလေးကိုထားထားတဲ့ အဆောင်ကြီးဆီကို ကြွလာသတဲ့ ...

မိန်းကလေးလက်ကိုဆွဲကာ သူတို့နှစ်ဦးထဲ ပန်းမျိုးစုံပွင့်ဖူးလှပနေတဲ့ ပန်းဥယျာဉ်ကြီးထဲခေါ်ဆောင်လာတာပေါ့ကွယ် ...

မနက်ခင်းအာရုဏ်အခင်းအကျင်းဖြစ်တဲ့ နေရောင်ခြည် လတ်လတ်ဆတ်ဆတ်အောက်မှာ ပန်းရနံ့ပေါင်းစုံက မွှေးမွှေးကလေး သင်းပျံ့နေတာပေါ့ ...

ငှက်ကလေးတွေရဲ့ စီရရီကျူးရင့်သံလေးတွေဟာလည်း စိတ်ကြည်နူးစရာလေးပေါ့ ...

မင်းသားလေးဟာ ချစ်ရည်ရွှမ်းတဲ့အကြည့်နဲ့ မိန်းကလေးကိုကြည့်ကာ ..

“မ င်္ဂ လာ ဆောင် ကြ ရ အောင်”

ထိုအချိန်မှာပဲ လေပွေတစ်ခုက ဝေါကနဲတိုက်ခတ်လိုက်ကာ မင်းသားလေးတို့အနားမှာ သစ်ရွက်ခြောက်သံ၊ ငှက်တွေလန့်လို့ ပျံတဲ့အသံတွေ ဆူသွားတာပေါ့ ...

ဒါ့ကြောင့် မိန်းကလေးဟာ မင်းသားလေးကို ...

“ရှင် ? မောင်တော် ဘာပြောလိုက်တာလဲဟင် ?”

ဆိုပြီး ပြန်မေးလိုက်တယ် ...

...

ဒီလိုနဲ့ မင်းသားလေးဟာလည်း နောက်ထပ် ခုနစ်နှစ် ထပ်စောင့်လိုက်ရတာပေါ့ကွယ် ...

...

ပုံပြင်ကလေးကတော့ ဒါပါပဲကွယ် ...