အပြာရောင်တောင်တန်းနဲ့ ညနေဆည်းဆာ

-----

တကယ်တော့ ပျော်ပျော်ပဲနေချင်တဲ့လူတစ်ယောက်ကို ဘာတွေကလေးပင်နေစေခဲ့လည်းကျွန်တော်မသိတော့ပါ။

ညနေက တကယ့်ကို သာယာနေခဲ့ပါသည်။ ရာသီဥတုက သာယာထားလို့တောင်ပြာတန်းတွေက ကြည်သန့်နေသည်။ မိုးပြာမှာခရမ်းဖျော့ဖျော့လေးသမ်းနေသည့်အရောင်။ စပါးခင်းစိမ်းစိမ်းတွေနောက်မှာ ပြာလွင်နေသောညနေခင်း လေကလည်းအေးမြနေလိုက်တာ။ သည်လိုသာယာတဲ့ ညနေခင်းကို မမြင်ရတာကြာပြီ။

ကျွန်တော်အလွန်ကြိုက်သော တောင်ပြာတန်းအလှကိုငေးရင်း အလုပ်မှအိမ်ကို ဆိုင်ကယ်မောင်းပြန်လာခဲ့ပါသည်။ ဟိုးလွန်ခဲ့တဲ့ ဆယ်စုနှစ် နှစ်ခုနီးပါးက ကျွန်တော်အဲသည်မိုးပြာရောင်တောင်တန်းတွေကို သူငယ်ချင်းတစ်ယောက်နဲ့အတူ ငေးမောခဲ့ဖူးသည်။ ဘာစကားမှမဆိုဘဲ သူလည်းငေး ကိုယ်လည်းငေးဖူးသည်။

သစ်ရိပ် ဝါးရိပ်တို့နဲ့စိုပြေနေသော သူရှိရာနေရာကို နာရီဝက်လောက် စက်ဘီးနင်းသွားရလည်းမောတယ်ဟု မထင်ခဲ့ဖူးပါ။ အဲတုန်းကလည်း ညနေဆည်းဆာက အခုလိုပဲ သာယာလှပခဲ့ဖူးပါသည်။ ဝါးရွက်ကြွေတွေပေါ်ထိုင်ရင်းသူနဲ့ကျွန်တော် စကားတွေဆိုခဲ့ကြသည်။

တစ်ခါတစ်ခါ အရိပ်ကျဲပါးသောဇီးပင်ကြီးအောက်ကကွပ်ပျစ်ပေါ်မှာ။

တစ်ခါတစ်ခါ သူ့မီးဖိုချောင်ရှေ့က စားပွဲကလေးမှာ။

သူ့နှုတ်ခမ်းပန်းရောင်ဖျော့ဖျော့ကိုငေးရင်း အညိုရောင်မျက်ဝန်းတွေကို တမေ့တမောကြည့်နေခဲ့ဖူး ပါသည်။ သူ့စကားတွေက ချိူသည်။ သူ့အပြုံးတွေက ရီဝေလှသည်။ နုပါးပြင်ဝင်းဝင်းပေါ်ကသနပ်ခါးရေကျဲရနံ့ကကျွန်တော့်စိတ်တွေလှုပ်ရှားအောင်တတ်နိူင်ခဲ့သော်လည်း ပြောလေ ဟူသောစကားနောက်ဝယ် ကျွန်တော် အကြိမ်ကြိမ်ဆွံ့အတိတ်ဆိတ်ကာနေ ခဲ့ဖူးပါသည်။

အသက် ၂၀ မပြည့်သေးသည့် စက်မှုလက်မှုသိပ္ပံ ကျောင်းသားရင်ထဲမှာ ရွှေရင်ဖုံးတုံ့မဖုံးတုံ့အလှ ရယ်ရွှင်ပြုံးတုံ့မပြုံးတုံ့အလှကို ရင်ခုန်မူးယစ်နေတတ်နေပြီဆိုတာ ကိုယ့်ကိုယ်ကိုယ် နားမလည်ခဲ့ပါ။ ပြောင်းလဲလာသည့် သံယောဇဉ် အရောင်ပါးပါးလျလျကို ပင်ပြစ်မှု တစ်ခုဟု ထင်မှတ်ကာ လေးလံခဲ့ဖူးပါသည်။

သို့အတွက်ကြောင့်လည်း တစ်ဖက်သတ်ကျော်ချင်သည့် စည်းကိုကျွန်တော့်ဘာသာ အကြိမ်ကြိမ်ပြန်ပြန်တားခဲ့ဖူးပါသည်။ တကယ်တော့ ကျွန်တော်သည် ထိုအချိန်ကတည်းက ကိုယ့်ကိုယ်ကိုယ် ဘယ်တော့မှ လွတ်လပ်ခွင့်မပေးခဲ့တာ ဖြစ်ပါလိမ့်မည်။

အပြာရောင်တောင်တန်းတွေကို အတူတူငေးရက်တွေလည်း တဖြည်းဖြည်းကျဲပါးဝေးကွာလာခဲ့ပါသည်။

တစ်နေ့သောအခါ အိမ်ကိုရုတ်တရက်သူရောက်လာခဲ့သည်။ သူ့ကျောင်းကိစ္စ ကူညီပေးဖို့ဖြစ်ပါသည်။ ဆိုင်ကယ်နဲ့ကျောင်းကိုလိုက်ပို့ပြီးသူနှင့်အတူပြန်လာသည့်ခရီးမှာ သူက ခါးကိုဖက်လာခဲ့သည်။ နွေးထွေးနူးညံ့သောလက်ဖဝါးတစ်ဖက်ကကျွန်တော့်ဝမ်း ဗိုက်အပေါ်တွင်ဖွဖွအုပ်ကိုင်ထားသည်။ ကျွန်တော်တို့ ဘာစကားမျှမဆိုဖြစ်ခဲ့ပါ။

ဒါဟာ တစ်သက်တာမှာပထမဆုံးနဲ့အနီးဆုံး ရင်းနှီးမှုဖြစ်သည်ကို သတိထားမိသော်လည်း နောက်ဆုံးအကြိမ်ဖြစ်လိမ့်မည်ကိုတော့ ကျွန်တော်မသိခဲ့ပါ။ အပြန်လမ်းက အပြာရောင်တောင်တန်းတွေနှင့် သာယာနေခဲ့ပါသည်။

မကြာမီ အဝေးတစ်နေရာကိုသူ ထွက်ခွာသွား ခဲ့ပါသည်။

အပြာရောင်တောင်တန်းတွေ နှင့် သူ့ကို သတိရ တိုင်းကျွန်တော် ငေးငိုင်နေမိသည်ကအခါခါဖြစ်ပါသည်။

စက်မှုလက်မှုသိပ္ပံက ညနေ ပြန်လာတိုင်း လမ်းနှစ်သွယ်အနက် အိမ်အပြန်ဝေးသော်ငြား တောင်တန်းတွေနဲ့ပိုနီးသောလမ်းကို ကျွန်တော်ရွေးခဲ့မြဲဖြစ်ပါသည်။

တောင်တန်းများ ရှိနေဆဲ …

ဒီလမ်းကလေးရှိနေဆဲ…

မြို့လေးလည်း ဟိုးးးးး…တုန်းကလိုပဲ

ဟူသောသီချင်းတစ်ပိုင်းတစ်စက အပြန်ခရီးအတွက် အဖော်ဖြစ်ပါသည်။

ကျွန်တော့်အတွက် ဘဝကိုသိပ်စိတ်ပူစရာမလိုသော်လည်း ရင်ဘတ်ထဲမှာတော့ အမြဲတစေလေးလံနေခဲ့မြဲဖြစ်ပါသည်။

အပြာရောင်တောင်တန်းတွေ မြင်နေရတဲ့ မြို့ကလေးက အကြိမ်ကြိမ်ထွက်ခွာသွားလိုက် ပြန်လာလိုက်နှင့် ထိုနှစ်လို နှစ်အတော်များများ ကျော်လွန်လာသော်လည်း အပြာရောင်တောင်တန်းတွေကို ကျွန်တော်ချစ်မြဲဖြစ်ပါသည်။ မိုးရာသီလို ကာလမှာ အပြာရောင်တောင်တန်းတွေကအလှ ဆုံးဖြစ်ပါသည်။

ဘဝမှာမြတ်နိုးသောအရာအတော်များများကို ဆုံးရှုံးခဲ့ပြီးနောက် အထီးကျန်နေတတ်လာသည်ကို ရင့်ကျက်မှုဟု ခေါ်လျှင် သည်နှစ်ပိုင်းတွေမှာ ကျွန်တော် အတော်အရင့်ကျက် မြန်သည်ဟု ဆိုနိူင်ပါသည်။

အပြာရောင်တောင်တန်း ညနေနှင့် ဝါးရွက်ခြောက်တွေ ညိုရီလဲ့ပြီး ရွှန်းစိုသော မျက်ဝန်းတစ်စုံ ရေမွှေးနှင်းဆီ ရောင်နှုတ်ခမ်းပါးပါးနှင့် သနပ်ခါးရေကျဲ ပါးမို့မို့ တိတ်ဆိတ် ငြိမ်သက်သော်လည်း အပြန်အလှန်နားလည် သည့်စကား အချိူ့ကိုတော့ လေးပင်လှသည့် ပစ္စက္ခအချိန်မှာပင်မမေ့မပျောက် ထမ်းပိုးသိမ်းဆည်းထား ချင်ပါသေးသည်။ ။

 

 

ကျော်ထက်ဇော်

၂၈ ၇ ၂၀၁၇

ည ၁၂ ၀၀