နာမည်

-----

လူတစ်ယောက်မှာ နှမျောဖို့အကောင်းဆုံးက နာမည်ပဲ။

ကျန်တဲ့အရည်အချင်းတွေဘယ်လောက်ကောင်းကောင်း ဘယ်လောက်တော်တော် နာမည်ပျက်ပြီဆို အကုန်ဆုံးရှုံးတယ်။

တစ်နည်းအားဖြင့် အများက ကိုယ့်ကို မယုံတော့တာ။ ယုံကြည်ခံရမှုဆုံးရှုံးတာလောက် ဝမ်းနည်းစရာမရှိတော့။

နာမည်တည်ဆောက်ရတာ အချိန်ယူရတယ်။

နာမည်ကောင်းရဖို့ ဘဝနဲ့ပါရင်းကောင်းရင်းရတယ်။

တစ်နပ်စားကြံစည်သူတွေဟာနာမည်သေတာများတယ်။

အမြီးကျက် အမြီးစား ခေါင်းကျက်ခေါင်းစား ဘာမှမကျက်တော့ အစိမ်းလိုက်စားတဲ့ကနေ့ခေတ်မှာ နာမည် အကြောင်းပြောပြရင် ဟာသဖြစ်နေမလားပဲ။

နာမည်ကောင်းရဖို့သာခက်တာ။ နာမည်ပျက်ချင်ရင်တော့ ခဏချင်းပျက်နိူင်တယ်။

တစ်သက်လုံးမွေးလာတဲ့ကြက် တစ်မနက်နဲ့ရိုက်သတ်စားသလို ဆိုတဲ့စကားပုံလိုပဲ။

ယုံကြည်မှုဟာ အရာရာကို ဖွင့်နိုင်တဲ့သော့ တစ်ခုပဲ။ ဒါကြောင့်မျိုးရိုး နဲ့ချီ နာမည်တည်ဆောက်ကြရတယ်။

ရှေ့မျိုးဆက်က နာမည် အဘိုးအဘွား မိဘ ရဲ့နာမည် ကိုယ့်အပေါ်အရိပ်လာလွှမ်းမိုးတယ်။ ကိုယ့်နာမည်က ကိုယ့်နောက်မျိုးဆက်ကို သေချာပေါက် လွှမ်းမိုးမှာပါပဲ။ ကိုယ်လုပ်သမျှ ကောင်းမွေ ဆိုးမွေကို သားသမီးက ခံယူရ လေ့ရှိတယ်။

ကိုယ့်ကိုယ်ကိုယ် မသိရင် ဘေးမှာ နားစွင့် ခိုင်းကြည့်ရင် နာမည် အကြောင်း သိလာမယ်။

ကိုယ်တစ်ယောက်ကြောင့်အများနာမည်ပျက်ရင်ပိုနာတယ်။

ယုံကြည်မှု ပြန်ရဖို့ပြန်ကြိုးစားကြည့်ရင် ယုံကြည်မှု ရဲ့ တန်ဖိုးကို သိလာမယ်။ ဆုံးရှုံးသွားတဲ့ ယုံကြည်မှုကို ပြန်ရဖို့ ပေးဆပ်ရတယ်။

လောကမှာအသက်ရှင်နိုင်တာ ဆယ်စုနှစ်အနည်းငယ်ပါ ကျန်ခဲ့တဲ့ ကိုယ့်နာမည် ကို ဘယ်လိုထားခဲ့မလဲ။

တစ်နေ့ကိုယ်မရှိတော့မယ့်အချိန် ကိုယ့်မျိုးဆက်အတွက် အရိပ်မပေးနိူင်တောင် ခလုတ်ကန်သင်းမဖြစ်စေမယ့် နာမည်မျိုး ချန်မထားခဲ့သင့်ပေဘူးလား။

အများမိုးခါးရေသောက်နေလို့ အားကျစရာမရှိပါဘူး။

ကျားသေရင် သားရေကျန်တယ် လူသေရင်နာမည်ကျန်တယ် တဲ့ ။

နာမည်တစ်ခုကို ကျောက်သားအုတ်ဂူမှာထိုးထားလည်း အပေါ်ယံသာပါ တကယ့်တကယ် ကိုယ့်နာမည်ကို လူတွေရဲ့နှလုံးသားမှာ ရေးထွင်းထားခဲ့ပါ။

လူတွေကနာမည်ကောင်းပဲရချင်ကြပေမယ့် သူတစ်ပါးနာမည်ကို နာမည်ကောင်းရော နာမည်ဆိုးပါ မှတ်ထားလေ့ရှိပါတယ်။ ။

 

ကျော်ထက်ဇော် (မြန်မာစာ)