တောင်ငူမြို့၊ ငွေလှံရပ်တွင် ၁၈၉၈ ခုနှစ် ဧပြီလ ၁၈ ရက်နေ့၌ ဆရာကြီး ဗိုလ်မှူးဖိုးကွန်းကို ဖွားမြင်ခဲ့သည်။ အဘသည် ဦးကြီးညို (ကေ၊ အက်စ်၊ အမ်၊ အေ၊ တီ၊ အမ်) မြန်မာနိုင်ငံတော် နယ်ခြားဝန်ထမ်းဖြစ်၍ အမိသည် ဒေါ်ညွန့်ဖြစ်သည်။
ဆရာကြီး ဗိုလ်မှူးဖိုးကွန်းတွင် ဇနီးဒေါ်သင်းနှင့် သားသမီး ငါးယောက်ရှိခဲ့သည်။
ဆရာကြီး၏ အမျိုးသားမှတ်ပုံတင်ကဒ်ပြားနံပါတ်သည် စီအေ-၀၅၉၆၃၈ ဖြစ်သည်။

 

 

ငယ်ရွယ်စဉ် မှ ၁၉၄၂ ခုနှစ်ထိ

တောင်ငူမြို့၊ ငွေလှံရပ်၊ ဘုန်းတော်ကြီးကျောင်းတွင် ငယ်ရွယ်စဉ်အခါက မြန်မာစာသင်ခဲ့ရာ “အပြင်အောင်ခြင်း” အထိတ် တက်ခဲ့သည်။ ထို့နောက် (ရှင်လုကာ အက်စ်ပီဂျီ) အင်္ဂလိပ်ကျောင်းသို့ ပြောင်းနေခဲ့သည်။ ၁၉၁၃ ခုနှစ်တွင် အလယ်တန်းစာမေးပွဲအောင်၍ မန္တလေး စိန်ပီတာကျောင်း ပြောင်းခဲ့သည်။ ၁၉၁၆ ခုနှစ်တွင် ကာလကတ္တား တက္ကသိုလ်ဝင်စာမေးပွဲကို ပထမဆင့်မှလည်းကောင်း၊ တန်းမြင့်ကျောင်းထွက်စာမေးပွဲကို စကောလားရှစ်နှင့်လည်းကောင်း အောင်ခဲ့သည်။ ထိုစဉ်က ဘာသာအလိုက် (Distinction) များ မပေးပေ။ ၎င်းနှစ် တန်းမြင့်ကျောင်းထွက်စာမေးပွဲ အစီရင်ခံစာတွင် ဗိုလ်မှူးဖိုးကွန်းနှင့် အခြားကျောင်းသားတစ်ဦးတို့သည် သင်္ချာဘာသာတွင် (Deserve Special Mention) ဟူ၍ အထူးထုတ်ဖော် မှတ်တမ်းတင်ခံခဲ့ရသည်။
ရန်ကုန်ကောလိပ်ပြောင်း၍နေခဲ့ရာ ၁၉၁၈ ခုနှစ် (အိုင်အက်စ်စီ) အထက်တန်းစာမေးပွဲကို ပထမဆင့်မှ အောင်ခဲ့သည်။ သစ်တောဝန်ထောက်စာမေးပွဲဝင်ရာ ရှုံးခဲ့သည်။ အကြောင်းမညီညွတ်၍ တစ်နှစ်ပညာ ဆက်မသင်ရဘဲ နောက်နှစ်တွင် ကောလိပ်ဆက်တက်ခဲ့သည်။ ၁၉၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ (၅) ရက်တွင် ဘီအက်က်စီအထက်တန်းမှ သပိတ်မှောက် ထွက်ခဲ့သည်။ ပထမယူနီဗာစီတီသပိတ်ကြီးကို အခြားကျောင်းသားရဲဘော် (၁၀)ဦးတို့နှင့်အတူ လှုံ့ဆော်စည်းရုံးပြီး အခြားရဲဘော် (၂၄) ဦးတို့အပါအဝင် ယူနီဗာစီတီ သပိတ်မှောက်ကောင်စီ ဖွဲ့စည်းကာ ခေါင်းဆောင်ခဲ့သည်။ ယင်းသပိတ်အတွင်းမှ မျိုးချစ်စိတ်ကို ပြုစုပျိုးထောင်ကြီးထွားရင့်သန်စေခဲ့သည့် အမျိုးသားကျောင်းများ စတင်သီးပွင့်လာခဲ့သည်။


၁၉၂၁ ခုနှစ်၊ အမျိုးသားပညာရေးကောင်စီတွင် ဦးဖိုးကျား၊ ဦးစိုးဝင်းတို့နှင့်အတူ အမျိုးသားပညာဝန်ကို ထမ်းဆောင်လာခဲ့သည်။


၁၉၂၂ ခုနှစ်မှ ၁၉၃၅ ခုနှစ်အထိ တောင်ငူမြို့၊ အမျိုးသားအထက်တန်းကျောင်းတွင် ကျောင်းအုပ်ဆရာကြီးအဖြစ်နှင့် ၁၄ နှစ် ဆောင်ရွက်ခဲ့သည်။


စောစောပိုင်းကာလ၌ ကျောင်းတွင်းကင်းထောက်အသင်း၊ ဝံပုလွေအသင်းများ ထောင်ပေးခဲ့သည်။ အင်္ဂလန်ပြည်ရှိ (League Against Imperialism and for National Independence) အသင်းဝင်ပြီးနောက် “ဘုရင်နှင့် တိုင်းပြည်၏သစ္စာကို စောင့်ထိန်းပါမည်”ဟူသော ကင်းထောက်ကတိကို ဆက်လက်ထိန်းသိမ်းရန် မဖြစ်တော့သဖြင့် ကင်းထောက်နှင့် ဝံပုလွေအသင်းများဖျက်ပြီး အဆင်သင့်ပေါ်ပေါက်လာသည့် ဦးမောင်ကြီး၊ ရဲတပ်နှင့် ရဲညွန့်တို့ အဖွဲ့များကို ကျောင်းတွင်းမှာရော နယ်များမှာပါ ဖွဲ့စည်းပြီး တောင်ငူခရိုင် ရဲတပ်ဗိုလ်မှူးအဖြစ် ဆောင်ရွက်ခဲ့သည်။
သခင်လေးမောင် အပါအဝင် ရဲဘော်ငါးဦးတို့နှင့်အတူ တောင်ငူမြို့တွင် ဒို့ဗမာအစည်းအရုံးကို စတင်တည်ထောင်ခဲ့သည်။ “တောင်ငူယုဝအသင်း” ထောင်၍ လူငယ်များကို သာရေး၊ နာရေး ဗန်းပြပြီး မျိုးချစ်စိတ်၊ တော်လှန်ရေးစိတ်များ မွေးမြူပေးခဲ့သည်။


ဂျူဗလီပိဋကတ်တိုက်အသင်း၊ တောင်ငူဘောလုံးအသင်း၊ တောင်ငူမြို့ပြရေးရာအသင်းနှင့် အခွန်ထမ်းအသင်း အသီးသီးတို့တွင် အမှုဆောင်တစ်ဦးအဖြစ် ဆောင်ရွက်ခဲ့သည်။
ဒုတိယယူနီဗာစီတီသပိတ်အတွက် ဗိုလ်ချုပ်အောင်ဆန်း (ထိုစဉ်က ကျောင်းသားကိုအောင်ဆန်း)က ကြေးနန်းရိုက် ဖိတ်ခေါ်သဖြင့် ရန်ကုန်သို့ဆင်းလာကာ ပထမသပိတ်ကြီး၏ အတွေ့အကြုံများကို ပြောပြဆွေးနွေး၍ လိုအပ်သောအကြံများ ပေးခဲ့သည်။


၁၉၃၆ ခုနှစ်တွင် သီပေါစော်ဘွားစောအုံကြာက ကျောက်မဲမြို့တွင် အထက်တန်းကျောင်းတစ်ကျောင်းဖွင့်ရန် စီစဉ်ဖို့ခေါ်သဖြင့် ကျောက်မဲတွင် တစ်နှစ်၊ သီပေါတွင် တစ်နှစ် သွားရောက်ဆောင်ရွက်ခဲ့သည်။ မျိုးချစ်စိတ် တော်လှန်ရေးစိတ်များကို လှုံ့ဆော်သည့် အင်္ဂလိပ် မြန်မာ စာပိုဒ်များကို ဘာသာပြန်စေခြင်း၊ စကားပြေရေးသားစေခြင်း၊ ဆရာကြီးဗိုလ်မှူးဖိုးကွန်းကိုယ်တိုင်က အကျယ်တဝင့် ရှင်းလင်းပြောပြခြင်းအားဖြင့် ရှမ်းပြည် ပုဒ်မ ၁၀ ဖြင့် နယ်နှင်ခွင့် ဥပဒေ (Frontier Crossing Regulation) များကို ရှောင်ကွင်းကာ ရှမ်းအမျိုးသားကျောင်းသားကလေးများကို စိတ်ဓာတ်ပြုပြင်ပေးခဲ့သည်။


၁၉၃၈ ခုနှစ်မှ ၁၉၄၀ ပြည့်နှစ်အထိ ကြို့ပင်ကောက် အမျိုးသားအထက်တန်းကျောင်းတွင် ကျောင်းအုပ်ဆရာကြီးအဖြစ် သုံးနှစ် ဆောင်ရွက်ခဲ့သည်။ ထိုသို့ဆောင်ရွက်နေစဉ်အတွင်း ဒို့ဗမာအစည်းအရုံးနှင့် လက်ရုံးတပ်တို့ို တည်ထောင်ဦးစီးပြီး ဒို့ဗမာတက်လူကလေးများအတွင်း ရဲစိတ်ရဲမာန် စစ်သွေးစစ်မာန် သွင်းပေးခဲ့သည်။
၁၉၄၁ ခုနှစ်တွင် ကျောင်းအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက မြေပိုင်စက်ပိုင်ရှင်၊ ကျောင်းအုပ်ဆရာကြီးက ဒို့ဗမာအစည်းအရုံးဝင်ဖြစ်နေသဖြင့် အဆင်မပြေဖြစ်ကာ ၎င်းမှထွက်ပြီး ရန်ကုန်မြို့၊ ပုဇွန်တောင် အမျိုးသားကျောင်းတွင် ကျောင်းအုပ်ဆရာကြီးအဖြစ် ပြောင်းရွှေ့လုပ်ကိုင်သည်။
၁၉၄၁ ခုနှစ်၊ ဒီဇင်ဘာလတွင် ဒုတိယကမ္ဘာစစ်မီးကြီး အရှေ့ဘက်သို့ကူးစက်လာသဖြင့် ကျောင်းများပိတ်လိုက်ရသည့်အတွက် တောင်ငူသို့ ပြန်ခဲ့သည်။

 

၁၉၄၂ ခုနှစ်မှ ၁၉၄၈ ခုနှစ်အထိ

၁၉၄၂ ခုနှစ် နှစ်ဦးပိုင်း၌ ဗမာ့လွတ်လပ်ရေးတပ်မတော် ဗိုလ်မင်းခေါင်တပ်နှင့်အတူ မြင်းခြံ၊ ကျောက်ဆည်၊ မန္တလေးအထိ အကြံပေးလူကြီးအဖြစ်နှင့် လိုက်ပါဆောင်ရွက်သည်။

ဗမာ့လွတ်လပ်ရေးတပ်မတော်ကို ဖျက်သိမ်းပြီး ဗမာ့ကာကွယ်ရေးတပ်မတော် ပြန်လည်ဖွဲ့စည်းသည့်အခါ ဗိုလ်ချုပ်အောင်ဆန်းကခေါ်ယူပြီး ဗိုလ်ကြီးရာထူးပေး၍ စစ်ဥပဒေအရာရှိ တာဝန်ကို ထမ်းဆောင်စေခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်း စစ်ဝန်ကြီးတာဝန်ကို ယူသည်တွင် ပျဉ်းမနားမှ ရန်ကုန်သို့ပြောင်း၍ စစ်ဝန်ကြီးရုံးတွင် စစ်ပညာဋ္ဌာန တာဝန်ခံအဖြစ် ထမ်းဆောင်သည်။ ဗိုလ်မှူးရာထူးနှင့် ဂျပန်တော်လှန်ရေး ပြီးဆုံးသည်အထိ ဗိုလ်ချုပ်၏ ရှေ့တန်းဌာနချုပ်တွင် တာဝန်ယူဆောင်ရွက်ခဲ့သည်။

ဂျပန်လက်နက်ချ၍ အင်္ဂလိပ်များပြန်အဝင်တွင် ဗမာ့တပ်မတော်ကိစ္စနှင့် ပတ်သက်၍ သီဟိုဠ်ကျွန်း ကန္နီမြို့သို့ အရှေ့တောင်အာရှ စစ်ဋ္ဌာနချုပ် စစ်သေနာပတိချုပ် လော့ဒ်လူဝီ မောင့်ဘတ်တန်နှင့် ဆွေးနွေးရန် ဗိုလ်ချုပ်အောင်ဆန်း သွားရောက်နေသည့်အတွင်း သူ့ကိုယ်စား ဗမာ့တပ်မတော်ကို ထိန်းသိမ်းရန်အတွက် ယာယီစစ်သေနာပတိအဖြစ် တာဝန်ပေးအပ်ခြင်း ခံရသည်။

၁၉၄၅ ခုနှစ်မှ ၁၉၄၈ ခုနှစ်များတွင် ဗမာ့တပ်မတော်ကို ပြန်လည်ဖွဲ့စည်းသောအခါ တပ်မတော်တွင်းသို့ ဝင်ရောက်ခြင်းမပြုတော့ဘဲ ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်သည့် ပြည်သူ့ရဲဘော်တပ်ဖွဲ့ဝင် နှင့် ဖဆပလအဖွဲ့ဝင်အဖြစ် လွတ်လပ်ရေးတိုက်ပွဲတွင် ပါဝင်ဆင်နွှဲခဲ့သည်။ တိုင်းပြည်ပြုလွှတ်တော် ဖွဲ့စည်းသောအခါ တောင်ငူမြောက်ပိုင်းအမတ်အဖြစ် ရွေးကောက်တင်မြှောက်ခြင်း ခံရသည်။

ဗိုလ်ချုပ်အောင်ဆန်းကျဆုံးပြီးနောက် ပြည်သူ့ရဲဘော်တပ်ဖွဲ့ကို ဆက်လက်ထိန်းသိမ်း ခေါင်းဆောင်ခဲ့သည်။ ဦးနုခေါင်းဆောင်သော အစိုးရဖွဲ့စည်းသောအခါ ပညာရေး၊ ကျန်းမာရေးဋ္ဌာ ဝန်ကြီးအဖြစ် ထမ်းဆောင်ခဲ့သည်။

၁၉၄၈ ခုနှစ် လွတ်လပ်ရေးရရှိသောအခါ ဖဆပလအစိုးရအဖွဲ့တွင် ဆက်လက်တာဝန်ယူခဲ့သည်။ ထိုနှစ် ဇူလိုင်လ ၂၉ ရက်နေ့တွင် တစ်ပြည်လုံး ပြည်သူ့ရဲဘော်များကို ဖမ်းဆီးသဖြင့် ဝန်ကြီးတာဝန်ကို ပြန်အပ်နှင်းကာ ပြည်တွင်းငြိမ်းချမ်းရေး ကြိုးပမ်းရင်း တောခိုခဲ့ရသည်။

 

၁၉၄၈ ခုနှစ်မှ ၁၉၅၈ ခုနှစ်အထိ

၁၉၄၉ ခုနှစ် ဒီဇင်ဘာလ မင်းလှညီလာခံတွင် ပြည်သူ့ရဲဘော်အဖွဲ့အား အလုပ်သမားလူတန်းစားပါတီအဖြစ် အသွင်ကူးပြောင်းဖွဲ့စည်းသောအခါ ပါတီဥက္ကဋ္ဌအဖြစ် ရွေးကောက်တင်မြှောက်ခံရသည်။

၁၉၅၈ ခု ဒီဇင်ဘာလတွင် ရန်ကုန်မြို့၌ကျင်းပသည့် ပါတီကွန်ဂရက်က ဆရာကြီးအား ဥက္ကဋ္ဌအဖြစ် ထပ်မံ ရွေးကောက်တင်မြှောက်ခဲ့ကြသည်။

ပမညတတပ်ပေါင်းစုတွင် ဋ္ဌာနချုပ် သဘာပတိ အဖွဲ့ဝင်ဖြစ်ခဲ့သည်။

 

၁၉၅၈ ခုနှစ်မှ ၁၉၇၀ ပြည့်နှစ် ကွယ်လွန်သည်အထိ

၁၉၆၀ ပြည့်နှစ် ပထမအစိုးရလက်ထက်တွင် ပီကငးမြို့၌ ကျင်းပသော တရုတ်-ဗမာ နယ်ခြားစာချုပ် ချုပ်ဆိုရေးအခမ်းအနားသို့ ပမညတအဖွဲ့ ကိုယ်စားလှယ်အဖြစ် အစိုးရကိုယ်စားလှယ်အဖွဲ့တွင် ပါဝင်ခဲ့သည်။ ကမ္ဘာ့ငြိမ်းချမ်းရေးကွန်ဂရက် ဗမာ (မြန်မာ) နိုင်ငံ နှင့် ဗမာ (မြန်မာ) - ဆိုဗီယက်ယဉ်ကျေးမှုနှင့် မိတ်ဆွေဖြစ်အသင်းတွင် ဒုတိယဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည်။

၁၉၆၃ ခုနှစ် ဧပြီလ (၂၀) ရက်နေ့တွင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီသို့ ဝင်ရောက်ခဲ့သည်။ ၁၉၆၃ ခု စက်တင်ဘာလ ၇ ရက်နေ့တွင် မီးရထား အထူးအရာရှိအဖြစ် ခန့်ထားခံရသည်။

၁၉၆၃ ခု နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ထိုင်းနိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်ထားခံရပြန်သည်။

၁၉၆၈ ခုနှစ် ဖေဖော်ဝါရီလ (၈) ရက်နေ့တွင် ဆိုဗီယက်သံအမတ်ကြီးအဖြစ် ခန့်ထားခံရသည်။

၁၉၆၉ ခုနှစ် ဒီဇင်ဘာ (၂၅) ရက်နေ့တွင် ရာထူးခန့်ထားရေးအဖွဲ့ဝင်အဖြစ် ခန့်ထားခံရသည်။

၁၉၇၀ ပြည့်နှစ် ဇွန်လ (၈) ရက်နေ့တွင် ကွယ်လွန်အနိစ္စရောက်သည်အထိ အမျိုးသားနေ့ ရွှေရတုသဘင်ကျင်းပရေးအဖွဲ့၏ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည်။