မင်္ဂလာပါ

အခုဆောင်းပါးကတော့ တရုတ်နှစ်ကူးနဲ့ ပတ်သက်လို့ မိတ်ဆွေတို့ မသိသေးတဲ့ အချက်တွေကို ပြောပြပေးချင်လို့ပါ။ တရုတ်နှစ်ကူးကို ကမ္ဘာပေါ်က လူဦးရေ နှစ်ဆယ်ရာခိုင်နှုန်းအထက် ကျင်းပလေ့ရှိပါတယ်။ ကမ္ဘာပေါ်မှာရှိတဲ့ တရုတ်လူမျိုးတွေနဲ့ တရုတ်နိုင်ငံမှာရှိတဲ့လူတွေအတွက် အထူးအားလပ်ရက်တွေပဲဖြစ်ပါတယ်။

၂၀၁၉ ခုနှစ်ရဲ့ ကိုယ်စားပြုရာသီခွင်အကောင်ကတော့ ဝက် ဖြစ်ပြီး၊ မြေဓာတ်စိုးမိုးပါတယ်။ Yin နဲ့ Yang ဓာတ်ထဲမှာ Yin ဓာတ်သဘောဆောင်တဲ့နှစ်ပဲဖြစ်ပါတယ်။

မွေးနှစ် : ၂၀၁၉ ၊ ၂၀၀၇ ၊ ၁၉၉၅ ၊ ၁၉၈၃ ၊ ၁၉၇၁ ၊ ၁၉၅၉ ၊ ၁၉၄၇ ၊ ၁၉၃၅ ၊ ၁၉၂၃

၀က်နှစ်သမားတွေဟာ ရိုးသားပြီး အကောင်းမြင်စိတ်ထားရှိကြသူတွေပါ။ ဆုံးဖြတ်ချက်ခိုင်မာတဲ့သူများဖြစ်တဲ့အပြင် အများနဲ့ သဟဇာတဖြစ်အောင် နေထိုင်တတ်သူများလည်းဖြစ်ပါတယ်။ ဟန်ဆောင်မှုကင်းပြီး နှစ်လိုဖွယ်ရာ စိတ်ထားပိုင်ရှင်တွေကတော့ ဝက်နှစ်ဖွားတွေပဲဖြစ်ပါတယ်။

ကဲ ...Taungoo.Net ကနေပြီးတော့ တရုတ်နှစ်သစ်ကူးနဲ့ ပတ်သက်ပြီး အချက်အလက်တွေကို စုစည်းပေးပါရစေ ...

 

 

၁။ တရုတ်နှစ်ကူးကို ကမ္ဘာအနှံ့ ကျင်းပကြပါတယ်

ကမ္ဘာပေါ်မှာ လူဦးရေအများဆုံးက တရုတ်လို့ ထင်ပါတယ်။ ဒါ့ကြောင့် မြို့ကြီးတော်တော်များများမှာ တရုတ်တန်းရယ်လို့ ရှိတတ်ကြပါတယ်။ တရုတ်တန်းရှိရင် တရုတ်နှစ်ကူးလုပ်ကြမှာ အသေအချာပါပဲ။ တရုတ်ရိုးရာဝန်းခင်းတာတွေ၊ ခြင်္သေ့အကတွေ၊ မီးပုံးအရုပ်တွေ၊ မီးရှူးမီးပန်းတွေနဲ့ ရိုးရာအစားအစာတွေဟာ တရုတ်နှစ်သစ်ကူးရဲ့ ဓလေ့တွေပါပဲ။

 

၂။ တရုတ်နှစ်သစ်ကူးကို နွေဦးပွဲတော် အဖြစ်နဲ့လည်း သိကြပါသေးတယ်

နွေဦးဆိုတာက ဆောင်းရဲ့အငွေ့အသက်တွေ မပျယ်သေးပါဘူး။ ဆောင်းဥတုရဲ့ ကာလရှည်ကြာ အေးစက်မှုတွေအပြီးမှာမှ နွေဦးအားလပ်ရက်တွေ ဝင်လာပါတယ်၊ လေနုအေးကတော့ စိမ့်နေဆဲပေါ့။ ဒါ့ကြောင့် လူသားတွေဟာ အေးစက်စက်အချိန်တွေ မရှိတော့တဲ့ နွေဦးရာသီကို ကြိုဆိုကြပါတယ်။ နွေဦးရာသီမှာ သီးနှံပင်တွေ စိုက်ပျိုး၊ ရိတ်သိမ်းကြတယ်၊ သစ်လွင်တဲ့ နှစ်တစ်နှစ်ရဲ့ အစအဖြစ်နဲ့ပေါ့။

Lunar New Year လို့လည်း ခေါ်လို့ရပြီး ကိုရီးယားတို့ ဗီယက်နမ်တို့မှာပါ ပွဲတော်ကျင်းပလေ့ရှိပါတယ်။

 

၃။ တရုတ်နှစ်ကူးအတွက် လက်ရှိပြက္ခဒိန်မှာ ရက်အတိအကျ သတ်မှတ်ထားခြင်း မရှိပါဘူး

လကိုအခြေပြုရေးဆွဲထားတဲ့ တရုတ်ရိုးရာလပြက္ခဒိန်အရ နွေဦးပွဲတော်ဟာ ဇန်နဝါရီတစ်ရက်နေ့ကနေ လပြည့်သည့်အချိန်အထိ ဆယ့်ငါးရက်တိုင် ကြာသွားသည်အထိ ဖြစ်နေတတ်ပါတယ်။ ခရစ်စမတ် ပိတ်ရက်တို့၊ ကျေးဇူးတော်နေ့ ပိတ်ရက်တို့နဲ့ မတူပဲ အတိအကျ သတ်မှတ်ထားခြင်းမရှိလို့ ရက်စွဲဟာ ကမ္ဘာအနှံ့ မတူညီနိုင်ပါဘူး။

တရုတ်နှစ်သစ်ကူးရက်စွဲဟာ လက်ရှိအသုံးပြုနေတဲ့ အင်္ဂလိပ်ပြက္ခဒိန် (ဂရီဂေါ်ရီယန်ပြက္ခဒိန်)မှာ ရက်အတိအကျ သတ်မှတ်ထားခြင်းမရှိပါဘူး။ (မြန်မာတွေအတွက်ကတော့ ကောဇာသက္ကရာဇ်ပြက္ခဒိန်ကို အသုံးပြုပါတယ်။ Chula Sakarat)

 

တရုတ်နှစ်ကူးပွဲတော်ဟာလည်း ဇန်နဝါရီ ၂၁ ရက်မှ ဖေဖော်ဝါရီ ၂၀ ရက်အတွင်းမှာ ကျရောက်တတ်ပါတယ်။ အခုနှစ် ၂၀၁၉ အတွက်ကတော့ ဖေဖော်ဝါရီ ၅ ရက်နေ့ဟာ တရုတ်နှစ်သစ်ကူးနေ့ပဲ ဖြစ်ပါတယ်။

တရုတ်နိုင်ငံမှာ နိုင်ငံတကာနည်းတူ ဂရီဂေါ်ရီယမ်ပြက္ခဒိန်ကို အသုံးပြုနေပေမယ့် တရုတ်ရိုးရာလပြက္ခဒိန် (Lunar Calendar) ကို ပစ်ပယ်လို့ မရသေးပါဘူး။ ရိုးရာပွဲတော်နေ့တွေဟာ အဆိုပါ ရိုးရာလပြက္ခဒိန်အပေါ်မှာပဲ တွက်ချက်ပြီး ကျင်းပကြတာပါ။ (မြန်မာနိုင်ငံမှာ ကောဇာသက္ကရာဇ်ပြက္ခဒိန်ကို အသုံးပြုပြီး တပေါင်းပွဲတို့၊ သင်္ကြန်ပွဲတို့၊ သီတင်းကျွတ်ပွဲတို့ ကျင်းပကြသလိုပါပဲ။) တရုတ်လူမျိုး အချို့ကတော့ သူတို့ရဲ့မွေးနေ့တွေ အသက်တွေကို ရိုးရာလပြက္ခဒိန်နဲ့ပဲ တွက်ချက်နေဆဲပါ။

 

 

၄။ တရုတ်နှစ်သစ်ကူးပွဲတော်မှာ တရုတ်နတ်ဘုရားတွေဆီ ဆုမွန်ကောင်းတောင်းကြပါတယ်

တကယ်တော့ နွေဦးကာလပွဲတော်ဟာ ရှေးယခင်က ကောက်ပဲသီးနှစ်စိုက်ပျိုးရိတ်သိမ်းရန်အတွက် နတ်ဘုရားတွေဆီမှာ ဆုတောင်းတဲ့ပွဲတစ်ခုဖြစ်ခဲ့ပါတယ်။ နောက်ပြီးတော့ နှစ်ကူးပွဲတော်မှာ ဘိုးဘွားတွေကိုပါ ဆုမွန်ကောင်းတောင်းကြပါသေးတယ်။ ဘိုးဘွားတွေကို နတ်ဘုရားသဖွယ် ဦးတိုက်တာဟာ ရိုးရာဓလေ့တစ်ခုပါပဲ။

 


၅။ မြေဖုတ်ဘီလူးတွေ၊ မိစ္ဆာတွေကိုလည်း အဲဒီနေ့မှာ နှင်ထုတ်ကြသေးတယ်

ဒဏ္ဍာရီလာ ဘီလူးတိရစ္ဆာန်တစ်ကောင်ဖြစ်တဲ့ Nian ဆိုတာဟာ အိပ်ယာဝင်ပုံပြင်တစ်ခုပါ။ ဒီပုံပြင်လေးဟာ နှစ်သစ်ကူးတိုင်းမှာ မပါရင်မဖြစ်ပါဘူး။ အဲ့ဒီအကြောင်းကတော့ လူတွေဟာ အဲ့ဒီသတ္တဝါကို ကြောက်လွန်းလို့ အိမ်တွင်းအောင်းနေကြတဲ့အချိန်မှာ လူငယ်ကလေးတစ်ဦးကတော့ မီးရှူးမီးပန်းဗျောက်အိုးတွေသုံးပြီး သတ္တဝါကြီးကို တစ်ဦးတည်း တိုက်ခိုက်ခဲ့ပါတယ်။ နောက်တစ်နေ့မှာတော့ လူတွေဟာ သူတို့အသက်မသေဆုံးတော့လို့ အောင်ပွဲကြီးကို မီးပန်းတွေ ဗျောက်အိုးတွေနဲ့ ကျင်းပခဲ့ကြပါတယ်။ ဒီအတွက် နှစ်ကူးမှာ ဗျောက်ဖောက်တဲ့ ဓလေ့ဟာလည်း ရှိနေတာပေါ့။

 


၆။ ကမ္ဘာပေါ်မှာ မီးပန်းအများဆုံးလွှတ်တဲ့အချိန်ဟာ နှစ်သစ်ကူးပါပဲ

 

Nian ဆိုတဲ့ ဘီလူးသတ္တဝါကြီးကနေ အစပြုပြီး မီးရှူး မီးပန်း ဗျောက်အိုး တွေဟာ သတ္တဝါဆိုးတွေ ချောက်လှန့်ဖို့နဲ့ မကောင်းတဲ့ကံ နိမ့်နေတဲ့ကံတွေကို နှင်ထုတ်ဖို့ ပစ္စည်းတစ်ခုဖြစ်လာပါတယ်။ ဒါ့ကြောင့် နှစ်ဟောင်းရဲ့ ညည့်သန်းခေါင်းမှာ မကောင်းမှုတွေကိုနှင်ထုတ်ဖို့ရာ ဖောက်လေ့ရှိပြီး နောက်နေ့မနက်ခင်း အစောမှာတော့ နှစ်သစ်နဲ့ ကောင်းတဲ့ကံတွေကို ကြိုဆိုဖို့ မီးပန်းတွေဗျောက်တွေကို ဖောက်လေ့ရှိပါတယ်။

အဲ့ဒီညမှာပဲ မိသားစုဝင်တွေဟာ အနိစ္စရောက်သွားရှာပြီဖြစ်တဲ့ မိဘ ဘိုးဘွား ချစ်ခင်ရသူတွေကို ရည်စူးပြီးသကာလ ငွေစက္ကူ (အတု) တွေ၊ ရွှေရည်စိမ်ထားတဲ့ စက္ကူတွေကို မီးရှို့ပြီး လှူဒါန်းပါတယ်။ ကိုရီးယားနဲ့ မက္ကဆီကိုမှာလည်း သေဆုံးပြီးသူတွေအတွက် ကျန်ရစ်သူတွေက ငွေစက္ကူနဲ့ ပစ္စည်းပုံတူတွေ မီးရှို့လှူဒါန်းရင် ရည်စူးသူတွေက နောင်ဘဝမှာ အဆိုပါလှူဒါန်းပစ္စည်းတွေကို ခံစားစံစားနိုင်တယ်လို့ အယူရှိပါတယ်။

 


၇။ မီးပန်းလွှတ်တာကို တားမြစ်ထားတဲ့မြို့တွေ ရှိပါသေးတယ်

မီးအန္တရာယ်ကြောင့်သော်လည်းကောင်း၊ လေထုညစ်ညမ်းမှုကို ကာကွယ်နိုင်ရန်ကြောင့်သော်လည်းကောင်း မီးပန်းလွှတ်တာတွေကို တားမြစ်ထားတဲ့မြို့တွေ တရုတ်မှာရှိပါတယ်။ မြို့ပေါင်း ၅၀၀ အထက်မှာရှိပါတယ်။ ဒါပေမယ့် မြို့နေလူထုကတော့ ဂရုမစိုက်ပဲ လုပ်စမြဲပါ။ ဘေကျင်းမှာ မီးပန်းလွှတ်တာကို ဆယ့်သုံးနှစ်ကြာ တားမြစ်ခဲ့ပါတယ်။ ဒါပေမယ့် လူထုရဲ့ မကျေနပ်မှုကြောင့် ၂၀၀၆ ခုနှစ်မှာ အဆိုပါ တားမြစ်မှု ပျက်ပြယ်သွားပါတယ်။ တကယ်လို့ သင်ဟာ ဒီအချိန် တရုတ်မှာ ရောက်နေရင်ပဲဖြစ်ဖြစ်၊ တရုတ်တန်းနားမှာ နေတယ်ဆိုရင်ပဲဖြစ်ဖြစ် တဖောင်းဖောင်း တဒိုင်းဒိုင်းနဲ့ အသံတွေကို အနည်းဆုံး သုံးရက်လောက်တော့ ခံစားရမှာပါ။ (တချို့နေရာတွေဆိုရင် တစ်ပတ် ဆယ်ရက် အနည်းဆုံးပါပဲ)

 


၈။ နှစ်ကူးဟာ တရုတ်မှာ ရက်အကြာဆုံးပိတ်ရက်ပါပဲ

အနောက်နိုင်ငံတွေမှာ ခရစ်စမတ်ပိတ်ရက်လို၊ မြန်မာမှာ သင်္ကြန်ပိတ်ရက်လို ရက်အကြာဆုံးပိတ်တဲ့ ပိတ်ရက်တွေထဲမှာ တရုတ်နှစ်ကူးဟာလည်းပါပါတယ်။ (ဒါတောင် မြန်မာမှာ သင်္ကြန်က ရက်လျှော့ ခံလိုက်ရပါပြီ) တစ်နည်းအားဖြင့် နှစ်ကူးပွဲတော်ဟာ ဆယ့်ငါးရက်ကြာပါတယ်။ ဒါပေမယ့် နှစ်သစ်ကူးတဲ့နေ့ကိုပါ ထည့်တွက်လိုက်ရင်တော့ ဆယ့်ခြောက်ရက်ဖြစ်သွားပါတယ်။ ဒီဇင်ဘာလောက်မှာ စတင်တဲ့ Laba Festival ကိုပါ ထည့်တွက်ရင်တော့ ရက်ပေါင်းလေးဆယ်လောက် ဆက်သွားတဲ့ ပွဲတော်ကြီးတစ်ခု ဖြစ်သွားပါတယ်။

ဒါ့ကြောင့် ဒီဇင်ဘာလလောက်ကတည်းက ရိုးရာနှစ်ကူးပွဲအတွက် ပစ္စည်းတွေ ဝယ်ထားမှ တော်ကာကျမှာပါ။

 


၉။ တရုတ်နှစ်သစ်ကူးပွဲတော်ကာလဟာ ခရီးသွားကြတဲ့သူတွေ အများဆုံးဖြစ်ပါတယ်

တရုတ်နှစ်ကူးပွဲတော်ရဲ့ အဓိကကျတဲ့ အခန်းကဏ္ဍကလည်း မိသားစုပြန်လည်ဆုံတွေ့နိုင်ရေးပါပဲ။ ခေတ်အခြေအနေအရ မိဘတွေဟာ နယ်မြို့လေးတွေ၊ ရွာနေမှာ ကျန်ရစ်နေခဲ့ပြီး သားတွေ သမီးတွေကတော့ မြို့တွေမှာ အလုပ်သွားလုပ်ကြပါတယ်။ နေရပ်ကို စွန့်ခွာပြီး မြေခြားရေခြားမှာလုပ်ကိုင်နေသူတွေဟာလည်း မိမိတို့ရဲ့ မိသားစုဝင်တွေ ဆွေမျိုးပေါက်ဖော်တွေနဲ့ ပြန်ဆုံကြဖို့ ဒီနေ့အချိန်အခါကို အသုံးချလေ့ရှိပါတယ်။ နှစ်ကူးညစာကို လက်ဆုံစားကြဖို့ပါပဲ။

 

နယ်တွေပြန်ဖို့ ရထား၊ ကား၊ လေယာဉ်၊ သင်္ဘော အစရှိတဲ့ သယ်ယူပို့ဆောင်ရေးယာဉ် လက်မှတ်တွေကိုနှစ်ကူးမတိုင်ခင် ရက်ခြောက်ဆယ်လောက်ကတည်းက ကြိုတင်ဝယ်ယူထားနိုင်မှ ပြန်ဖို့ အဆင်ပြေနိုင်မှာပါ။ ၂၀၁၅ စာရင်းဇယားတွေအရ တစ်စက္ကန့်မှာ လက်မှတ် အစောင်တစ်ထောင် ရောင်းရတယ်လို့ ဖော်ပြကြပါတယ်။

 


၁၀။ လူပျို အပျိုကြီးတွေက ရည်းစားအတုတွေခေါ်ပြီး အိမ်ပြန်ကြလေ့ရှိတယ်

FA တွေ အတွက်လို့ပဲပြောပြော၊ တခြားအကြောင်းအရာတွေကြောင့်လို့ပဲပြောပြော ပစိပစပ်များတဲ့ ဆွေမျိုးတွေရဲ့စကားသံတွေကို ရှောင်ချင်ရှားချင်ကြလို့ ဒီလိုအငှားဈေးကွက်ကြီး ပေါ်လာတာပေါ့။ တရုတ်ယဉ်ကျေးမှုအရ မိသားစုနာမည်ကို ဆွေစဉ်မျိုးဆက် တစ်ဆက်ကနေ တစ်ဆက် လက်ဆင့်ကမ်းခြင်းဟာ အရေးကြီးလှပါတယ်။ ဒီတော့ မျှော်လင့်ချက် မဲ့နေသေးတဲ့ FA တွေ (လစာကြောင့်ပဲ ဖြစ်ဖြစ်၊ မင်္ဂလာမဆောင်ချင်သေးတာကြောင့်ပဲဖြစ်ဖြစ်) တစ်ကိုယ်တည်း နေချင်သေးတဲ့ Single အမည်ခံ ပုဂ္ဂိုလ်တွေကတော့ ရည်းစားအတုတွေကိုငှားပြီး မွေးရပ်မြေကို ပြန်ကြပါတယ်။ အိမ်မပြန်ချင်တဲ့သူတွေ၊ အိမ်ပြန်လို့မဖြစ်တဲ့သူတွေကတော့ နှစ်ကူးပွဲအတွက် ငွေရှာချင်ရင် ဒီလိုလိုက်သွားပြီး ရှာလို့ရတယ်လေ။

 


၁၁။ ရေချိုးတာနဲ့ တံမြက်စည်းလှည်းတာ၊ အမှိုက်ပစ်တာတွေကို ခွင့်မပြုဘူးတဲ့

နှစ်သစ်ကူးတဲ့နေ့မှာ ရေချိုးတာကို ခွင့်မပြုပါဘူး။ ပွဲတော်ရဲ့ ၅ ရက်နေ့မတိုင်ခင်အထိ တံမြက်စည်းလှဲတာ၊ အမှိုက်ပစ်တာတွေကို ခွင့်မပြုပါဘူးတဲ့။ ဘာဖြစ်လို့လဲဆိုတော့ ကံကောင်းခြင်းတွေကို ပါသွားမှာစိုးလို့ပါတဲ့။

တကယ်တော့ နှစ်ကူးမတိုင်ခင်တစ်ရက်မှာ သန့်ရှင်းရေးလုပ်ဖို့အတွက် သတ်မှတ်ထားတဲ့ရက်ရှိပါတယ်။ အဲ့ဒီနေ့ကတော့ မကောင်းတဲ့ကံတွေကို ဖယ်ရှားရှင်းလင်းပြီး ကောင်းတဲ့ကံတွေအတွက် နေရာလွတ်တွေ ပြုလုပ်ပေးထားခြင်းအတွက်ပါပဲ။

 

နှစ်ကူးမှာ ဘာတွေတားမြစ်ထားသေးလဲဆိုတော့

  • ဖေဖော်ဝါရီ ၂ ရက်နေ့မတိုင်ခင်အထိ ဆံပင်ညှပ်ခြင်း
  • ကတ်ကြေးတို့၊ ဓားတို့၊ အခြား ချွန်ထက်တဲ့အရာတွေသုံးစွဲခြင်း (ချွန်ထက်တဲ့အရာတွေဟာ ကောင်းမွန်တဲ့ကံတရားတွေကို ဖြတ်လိုက်နိုင်တယ်လို့ အယူရှိတာကြောင့်)
  • စကားများရန်ဖြစ်ခြင်းနဲ့ ဆဲဆိုကျိန်ဆဲခြင်း၊ ငိုယိုခြင်း
  • မကောင်းတဲ့စကားအသုံးပြုခြင်း (ဥပမာ - သေတာတို့၊ ဖျားတာတို့၊ သရဲတို့၊ သတ်မယ်တို့၊ ငမွဲတို့၊ သူတောင်းစားတို့)
  • ကြွေထည် ဖန်ထည် ပစ္စည်းတွေကို ကျိုးပဲ့စေခြင်း၊ ကွဲစေခြင်း (မတော်တဆ ကျကွဲသွားရင် စက္ကူအနီနဲ့ ချက်ချင်းထုပ်ပြီး တောင်းပန်စကားတီးတိုးရေရွတ်ပြီး နှစ်ကူးပြီးနောက်မှ မြစ်ထဲ ချောင်းထဲ ရေထဲ သွားလွှင့်ပစ်ကြပါတယ်)
  • နှစ်သစ်ကူးရက်မှာ မိန်းမအိမ်ကို အလည်သွားခြင်း (ရိုးရာအရ အမျိုးသားအိမ်ကိုပဲ နှစ်ကူးရက်မှာ လိုက်လည်ကြပါတယ်၊ အမျိုးသမီးအိမ်ကိုတော့ နှစ်ရက်နေ့နောက်ပိုင်းမှ သွားလည်ကြပါတယ်၊ အမျိုးသမီးအိမ်ကို နှစ်ကူးမှာ သွားလည်ရင် လင်မယား ပြဿနာဖြစ်ကြတယ်လို့ယူဆပြီး အမျိုးသမီးရဲ့မိဘဆွေမျိုးတွေဆီကိုပါ မကောင်းတဲ့ကံတွေ ကူးလာနိုင်တယ်လို့လည်း ပြောကြပါတယ်)
  • ငွေချေးခြင်း အကြွေးတောင်းခြင်း (နှစ်ကူးအခါသမယကို စိုးရိမ်ပူပန်မှုမရှိဘဲ ဖြတ်သန်းနိုင်အောင်လို့ အကြွေးတောင်းတာ မလုပ်ကြဖို့ တားမြစ်ထားပါတယ်၊ တကယ်လို့ အကြွေးသွားတောင်းခဲ့ပါက တစ်နှစ်ပတ်လုံး ကံမကောင်းတတ်ဘူးလို့ အယူရှိပါတယ်၊ ဒါပေမယ့် နှစ်ကူးပြီး ငါးရက်နေ့နောက်ပိုင်းကိုတော့ တောင်းနိုင်ပါတယ်။ အဲ့ဒီလိုပဲ ငွေချေးတဲ့သူကလည်း နှစ်ကူးအခါမှာ ငွေချေးမိရင် တစ်နှစ်ပတ်လုံး ငွေချေးနေရလိမ့်မယ်လို့ အယူရှိပါတယ်၊ မြန်မာအယူနဲ့ ခပ်ဆင်ဆင်ပါပဲ၊ မြန်မာတွေကလည်း နှစ်ဆန်းတစ်ရက်နေ့မှာ ငွေမထွက်အောင်လို့ ဈေးဝယ်ထွက်လေ့ သိပ်မရှိပါဘူး၊ တကယ်လို့ အဲ့ဒီနေ့မှာ ငွေများများထွက်ခဲ့ရင် တစ်နှစ်ပတ်လုံး ငွေတွေကုန်နေရလိမ့်မယ်လို့ အယူရှိတဲ့သူတွေ ရှိပါတယ်)
  • ဆေးထိုး ဆေးသောက်လုပ်ခြင်း၊ ဆရာဝန်ပြခြင်း (ဒါကတော့ နည်းနည်းထူးဆန်းပါတယ်၊ နှစ်သစ်ကူး နွေဦးပွဲတော် အခါသမယမှာ ဆေးထိုး ဆေးသောက်လုပ်မိရင် တစ်နှစ်ပတ်လုံး ချူခြာနေလိမ့်မယ်လို့ အယူရှိတာပါပဲ၊ ဒါပေမယ့်လည်း မတတ်သာတဲ့အဆုံးမှာတော့ ဆေးထိုး ဆေးသောက် လုပ်ရတာပါပဲလေ။)
  • အိပ်နေသေးတဲ့သူ၊ အိပ်ယာထဲမှာရှိနေသေးတဲ့သူကို နှစ်ကူးဆုမွန်ကောင်းချွေခြင်း (နှစ်ကူးဆုမွန်ကောင်းချွေတယ်ဆိုရင် အိပ်နေသေးတဲ့သူကို အိပ်ယာပေါ်မှ ထခိုင်းရပါမယ်၊ သူက အိပ်ယာထဲမှာ ရှိသေးတယ်ဆိုရင်တော့ ကံကောင်းခြင်းတွေဟာ နိုးထလာမှာ မဟုတ်သေးဘူးလို့ အယူရှိပါတယ်)
  • မပေးသင့်တဲ့ နှစ်ကူးလက်ဆောင်တွေ (တိုင်ကယ်နာရီတွေ မပေးသင့်ပါဘူး၊ ဘာဖြစ်လို့လဲဆိုတော့ နာရီ (clock) ဟာ "လူတစ်ယောက်ရဲ့ နောက်ဆုံးအမှာ" လို့ဆိုတဲ့ တရုတ်စကားတစ်လုံးနဲ့ အသံထွက်ချင်း တူနေလို့ပါ၊ နောက်ပြီးတော့ ကွဲအက်နေတဲ့၊ အကွဲရာပါနေတဲ့ သစ်တော်သီးတွေကို လက်ဆောင်မပေးသင့်ပါဘူး၊ သူကလည်းပဲ တရုတ်လို "ခွဲခွာရခြင်း" ဆိုတဲ့အသံထွက်နဲ့ တူနေလို့ပါတဲ့။ မပေးသင့်တဲ့ နှစ်ကူးလက်ဆောင်ပစ္စည်းအဖြစ် မပေးသင့်တဲ့ပစ္စည်းတွေလည်း နေရာဒေသအလိုက် ကွဲပြားပါသေးတယ်။ လေယူလေသိမ်း အခေါ်အပြော တိုင်းရင်းသားဘာသာ စကားတွေ ကွဲပြားလို့ပါ။ ရှန်ဟိုင်းတရုတ်တွေဆိုရင် ပန်းသီး အသံထွက်ဟာ "နာတာရှည်ဖြစ်ပြီး ကွယ်လွန်ခြင်း" ဆိုတဲ့ စကားနဲ့ အသံသွားတူနေပြန်ပါတယ်။)

-- စတာတွေ တော်တော်များပါတယ်။

 

 

၁၂။ မုန့်ဖိုးကို စာအိတ်အနီလေးထဲထည့်ပြီး ကလေးတွေ လူငယ်တွေအား ပေးခြင်း

ယဉ်ကျေးမှုတစ်ခုအနေနဲ့ ကလေးတွေဟာ နှစ်ကူးကာလတွေမှာ လက်ဆောင်တွေရကြပါတယ်။ ဒါပေမယ့် ကလေးတွေက စာအိတ်အနီလေးတွေကိုလည်း လိုချင်ကြသေးတယ်။

အံပေါင်း၊ ဟုန်ပေါင်း လို့ခေါ်တဲ့ စာအိတ်အနီလေးတွေထဲမှာ မုန့်ဖိုးပိုက်ဆံ ထည့်ပြီးပေးတာဟာလည်း ဓလေ့တစ်ခုပါပဲ။ ဒီပိုက်ဆံဟာ လူကြီးတွေဆီကနေ ကလေးငယ်တွေဆီကို ကံကောင်းမှုတွေ ကူးစက်စေနိုင်ဖို့အတွက်လည်း ရည်ရွယ်ပါသေးတယ်။ ဒါ့ကြောင့် လုပ်ငန်းခွင်မှာ သူဌေးက ဝန်ထမ်းတွေကို ဟုန်ပေါင်းပေးတာ၊ လုပ်ဖော်ကိုင်ဖက်အချင်းချင်း ဟုန်ပေါင်းပေးတာ၊ သူငယ်ချင်းအချင်းချင်း ဟုန်ပေါင်းပေးတာကို လုပ်ကြပါတယ်။

 

 


၁၃။ ထမင်းစားပြီးတိုင်း ပေါက်ဆီ/ဖက်ထုပ်စားကြတယ်

နေ့လည်စာ ညစာ စသည်ဖြင့် စားသောက်ပြီးတိုင်းမှာ ပေါက်ဆီ (သို့) ဖက်ထုပ် စားကြတဲ့ အကျင့်တစ်ခုရှိခဲ့ပေမယ့် အရသာရှိတဲ့အစားအသောက်တွေစားသောက်ပြီးတဲ့နောက်မှာ ဗိုက်မဆံ့တော့လို့ အဲ့ဒီဓလေ့ကို သိပ်မကျင့်သုံးကြတော့ပါဘူး။ ဒါပေမယ့် နှစ်ကူးတဲ့နေ့ ညစာမှာတော့ ပေါက်ဆီ/ဖက်ထုပ်သုံးဆောင်ကြပါသေးတယ်။ အစဉ်အလာမပျက်ပေါ့။ တချို့တွေကတော့ နှစ်သစ်ရဲ့မနက်စာအဖြစ်စားသုံးကြပါတယ်။ အဲ့ဒီဓလေ့ကတော့ တရုတ်ပြည်တစ်ပြည်လုံးအတွက်တော့ မဟုတ်ပါဘူး။ ဒီလို ပေါက်ဆီ/ဖက်ထုပ် သုံးဆောင်တာဟာ တောင်ပိုင်းတရုတ်တွေရဲ့ အကျင့်ဖြစ်ပြီး မြောက်ပိုင်းမှာကတော့ ကြက်ဥလိပ် (သို့မဟုတ်) ထမင်းဆုပ် ကို သုံးဆောင်ကြပါတယ်တဲ့။

 

 


၁၄။ တရုတ်နှစ်ကူးမုန့်တွေမှာ အထူးအဓိပ္ပါယ်တွေ ရှိကြပါသေးတယ်

ဓလေ့တွေများကြတဲ့နည်းတူ ဓလေ့တွေမှာ သက်ဆိုင်တဲ့မုန့်တွေလည်း ရှိကြပါတယ်။

tuanyuan (团圆) လို့ခေါ်တဲ့မုန့်ဟာ ဆန်နဲ့လုပ်ထားတဲ့ မုန့်လုံးပြုတ်ထားတာပါ၊ အသံထွက်အားဖြင့် "reunion" ဆိုတဲ့ ပြန်လည်ပေါင်းစည်းခြင်းနဲ့ သွားဆင်တာမို့ နှစ်ကူးအစားအစာဖြစ်နေတာ မထူးဆန်းပါဘူး။ (နှစ်ကူးမှာ မိသားစုတွေ ပြန်လည်ဆုံတွေ့ကြတယ်လေ)

Nian gao (年糕) ဆိုတာက ဆန်မုန့်ပါ (ကောက်ညှင်းဆန်နဲ့လုပ်ပြုလုပ်ထား)။ ကျွန်တော်တို့ကတော့ အီကွေးလို့ ခေါ်ကြတဲ့မုန့်ပါ။ အဓိပ္ပါယ်ကတော့ နှစ်တိုင်းနှစ်တိုင်းမှာ အောင်မြင်ခြင်းတွေဆောင်ယူလာစေဖို့ပဲ ဖြစ်ပါတယ်။

Fa gao (发糕) ဆိုတာကတော့ Sponge cake နဲ့ Muffin နဲ့ ရောစပ်ပြုလုပ်ထားတဲ့ပုံစံပါ။ မုန့်လုပ်သူတွေက နှစ်ကူးအခါသမယမှာ အရောင်တွေဆိုးကာ ပြုလုပ်ကြပါတယ်။ Fa ဆိုတာက Fa Cai ဆိုတဲ့ "ချမ်းသာစေရန်" အဓိပ္ပါယ်ပဲမို့ လူတိုင်း လူတိုင်း ကြိုက်နှစ်သက်ကြတဲ့မုန့်ပါ။

အခြားသော မုန့်တွေလည်း ရှိကြပါသေးတယ်။

 

 

၁၅။ နှစ်ကူးပွဲအတွက် အထူးဝိုင် ရှိပါတယ်

တရုတ်လူမျိုးတွေက အရက်သောက်တာကို နှစ်ခြိုက်ကြပါတယ်။ (တရုတ်ရာသီဥတုကလည်း အေးတာကိုး)။ အဆိုတောင်ရှိကြသေးတယ် ဝိုင်မပါပွဲဟာ ပွဲမမြည်တဲ့။ အဲ့ဒါကြောင့်မိုလို့ မည်သည့်အခမ်းအနားပဲဖြစ်ဖြစ်၊ ပွဲတော်ပဲဖြစ်ဖြစ်၊ အရေးကြီးတွေ့ဆုံပွဲညစာစားပွဲတွေပဲဖြစ်ဖြစ် ဝိုင်ပါစမြဲပါ။

စေ့စပ်ပွဲအတွက်ဝိုင်၊ မင်္ဂလာပွဲအတွက်ဝိုင်၊ မွေးနေ့ပွဲအတွက်ဝိုင်၊ ပြီးတော့ နှစ်ကူးပွဲအတွက်ဝိုင် ဆိုပြီး ကွဲပြားခြားနားကြပါတယ်။ နှစ်ကူးပွဲမှာ သင်ကအသက်ကြီးသူနဲ့ တစ်ဝိုင်းတည်း ဝိုင်းဖွဲ့စားရပြီဆိုရင်တော့ toast လုပ်ဖို့ရာ စည်းကမ်းကို အတိအကျလိုက်နာဖို့ လိုအပ်ပါတယ်။ စည်းကမ်းတွေထဲမှာ ဝါစဉ်အလိုက် toast လုပ်ဖို့၊ ထိုင်ဖို့၊ ဝိုင်ပုလင်းကို ဘယ်လိုကိုင်ဖို့ စတဲ့ စတဲ့ စည်းကမ်းတွေရှိပါသေးတယ်။

 

 


၁၆။ တရုတ်နှစ်ကူးမှာ နီနီရဲရဲတွေနဲ့ အလှဆင်ကြတာကို တွေ့ရမှာပါ

မိသားစုတိုင်းက အိမ်အလှဆင်ကြတဲ့အချိန် အနီရောင်ကိုပဲ သုံးတာပါ။ သတ္တဝါကြီး Nian ဟာ မီးရှူးမီးပန်းတွေကိုသာ ကြောက်တာမဟုတ်ဘဲ အနီရောင်ကိုလည်း ကြောက်ပါသေးတယ်တဲ့။

အဲ့ဒါကြောင့် တရုတ်လူမျိုးတွေဟာ အိမ်အရှေ့တွေမှာ အနီရောင်မီးအိမ်တွေကိုချိတ်ဆွဲကြတယ်၊ ပြီးတော့ အတုပဲဖြစ်ဖြစ်၊ အစစ်ပဲဖြစ်ဖြစ် ငြုတ်သီးအနီရောင်တွေကို ကြိုးနဲ့သီပြီး ချိတ်ဆွဲကြတယ်။ ငြုတ်သီးမှုန့်၊ ငြုတ်ကောင်းမှုန့်တွေကို အိမ်တံခါးတွေ၊ ပြတင်းပေါက်တွေမှာ ပက်ကြဲကြတယ်။

အဝတ်အစားအသစ်တွေဟာလည်း ကံကောင်းခြင်းကို ယူဆောင်တယ်လို့ ယူဆကြတဲ့အလျှောက် အနီရောင်ရိုးရာဝတ်စုံအသစ်တွေကို ပွဲတော်အတွင်းမှာ ဝတ်စားဆင်ယင်ကြပါတယ်။

 

 


၁၇။ နှစ်တိုင်းမှာ ကိုယ်စားပြုရာသီခွင်အကောင်တွေ ရှိကြပါတယ်

အနောက်တိုင်း ဗေဒင်ကဏ္ဍမှာ ရာသီခွင်အကောင် တစ်ဆယ့်နှစ်ကောင်ရှိကြပြီး အကောင်တစ်ကောင်စီဟာ လတစ်လစီမျှ ကိုယ်စားပြုနေပါတယ်။

1. Aquarius: The Water Bearer (Jan 20-Feb 18) ရေထမ်းသမား (ကုံရာသီ)
2. Pisces: The Fish (Feb 19-Mar 20) ငါးနှစ်ကောင် (မိန်ရာသီ)
3. Aries: The Ram (Mar 21-Apr 19) သိုးထီး (မိဿရာသီ)
4. Taurus: The Bull (Apr 20-May 20) နွားသိုး (ပြိဿရာသီ)5. Gemini: The Twins (May 21-Jun 20) လူအမြွာ (မေထုန်ရာသီ)
6. Cancer: The Crab (June 21-July 22) ကနန်း (ကရကဋ်ရာသီ)
7. Leo: The Lion (July 23-Aug 22) ခြင်္သေ့ (သိဟ်ရာသီ)
8. Virgo: The Virgin (Aug 23-Sep 22) အပျိုကညာ (ကန်ရာသီ)
9. Libra: The Scales (Sep 23-Oct 22) ချိန်ခွင် (တူရာသီ)
10. Scorpio: The Scorpion (Oct 23-Nov 21) ကင်းမြီးကောက် (ဗြိစ္ဆာရာသီ)
11. Sagittarius: The Archer (Nov 22-Dec 21) လေးသမား (ဓနုရာသီ)
12. Capricorn: The Goat (Dec 22-Jan 19) ဆိတ် (မကရရာသီ)

တရုတ်ရာသီခွင်မှာလည်း ကိုယ်စားပြုအကောင်တစ်ဆယ့်နှစ်ကောင်ပဲရှိပါတယ်။ ဒါပေမယ့် သူက အကောင်တစ်ကောင်စီဟာ တစ်နှစ်စီကို ကိုယ်စားပြုပါတယ်။

• ကြွက်နှစ်: 2008, 1996, 1984, 1972, 1960
• နွားနှစ်: 2009, 1997, 1985, 1973, 1961
• ကျားနှစ်: 2010, 1998, 1986, 1974, 1962
• ယုန်နှစ်: 2011, 1999, 1987, 1975, 1963
• နဂါးနှစ် : 2012, 2000, 1988, 1976, 1964
• မြွှေနှစ်: 2013, 2001, 1989, 1977, 1965
• မြင်းနှစ်: 2014, 2002, 1990, 1978, 1966
• ဆိတ်နှစ် : 2015, 2003, 1991, 1979, 1967
• မျောက်နှစ် : 2016, 2004, 1992, 1980, 1968
• ကြက်နှစ် : 2017, 2005, 1993, 1981, 1969
• ခွေးနှစ် : 2018, 2006, 1994, 1982, 1970, 1958
• ဝက်နှစ် : 2019, 2007, 1995, 1983, 1971, 1959

ယခုနှစ် ၂၀၁၉ ကတော့ ဝက်နှစ်ဖြစ်ပါတယ်။ ရာသီခွင်ကိုယ်စားပြုအကောင်တွေအလိုက် မိမိရဲ့ ဝါသနာ၊ ကျန်းမာရေး၊ အချစ်ရေး အစပြုသည်တို့ ထင်ဟပ်လို့နေပါတယ်။

တရုတ်ကိုယ်စားပြုတိရစ္ဆာန်တွေကို သတ်မှတ်ကြတာ ပုံပြင်တစ်ခုရှိပါတယ်။

ကျောက်စိမ်း ဧကရာဇ်ကြီး (မြန်မာအခေါ်အဝေါ်အရဆိုရင် သိကြားမင်း) ဟာ တိရိစ္ဆာန်တွေကို ပြက္ခဒိန်ရဲ့ အစိတ်အပိုင်းဖြစ်ရမယ်လို့ အမိန့်ထုတ်ခဲ့ပြီးတော့ အရင်ဆုံးရောက်လာတဲ့ တိရိစ္ဆာန် ၁၂ ကောင်ကို ရွေးချယ်မယ်လို့ဆိုခဲ့ပါတယ်။ အဲဒီအချိန်မှာ ကြောင်နဲ့ကြွက်တို့ဟာ သူငယ်ချင်းကောင်းတွေ ဖြစ်ကြပါတယ်။ သူတို့ဟာ အဲဒီသတင်းကိုကြားလိုက်ရတဲ့အခါမှာ ကြောင်က ကြွက်ကို “ငါတို့ စာရင်းသွင်းဖို့ စောစောရောက်နေသင့်တယ် ဒါပေမယ့် ငါက အိပ်ယာထ အမြဲနောက်ကျတတ်တယ်” လို့ ပြောကြားခဲ့ပါတယ်။

“အတူတူသွားနိုင်ဖို့ သူငယ်ချင်းဖြစ်သူ ကြောင်ကိုနိုးပေးပါ့မယ်”လို့ ကြွက်ကတိပေးခဲ့ပေမယ့် အရမ်း စိတ်လှုပ်ရှားနေတာ ကြောင့် နှိုးဖို့မေ့သွားခဲ့ပြီး တဦးတည်း ထွက်ခွာသွားခဲ့ပါတယ်။ လမ်းမှာ ကြွက်ဟာ သူ့ထက် လျင်မြန်အောင် သွားနိုင်တဲ့ ကျား၊ နွား၊ မြင်းနဲ့အခြား တိရိစ္ဆာန်တွေနဲ့ တိုက်မိခဲ့ပါတယ်။ အဲဒီမှာ ကြွက်ဟာ အစီအစဉ်တစ်ခုကိုရွေးချယ်ခဲ့ပြီး သူ့ကိုကျောပေါ်မှာ တင်ခေါ်သွားပေးဖို့ နွားကို ပြောကြားခဲ့ပြီး ကျေးဇူး တုံ့ပြန်တဲ့အနေနဲ့ လမ်းခရီးတလျှောက်လုံးမှာ သီချင်းဆိုပေးပါ့မယ်လို့ ဆိုခဲ့ပါတယ်။

ဒါကြောင့် တရုတ်ရိုးရာ တိရိစ္ဆာန် ၁၂ ကောင်မှာ နွားကအရင်ရောက်လာပေမယ့် ကြွက်က သူ့ရှေ့မှာရှိနေတဲ့အတွက် ကံကောင်းတဲ့ တိရိစ္ဆာန်ဖြစ်လာခဲ့တာပါ၊ အဲဒီအချိန်မှာပဲ ရွေးချယ်ပွဲ ပြီးသွားတဲ့ အချိန်ကျမှ ကြောင်ဟာ ရောက်ရှိ လာပါတယ်၊ အဲဒါကြောင့် ကြောင်ဟာ ကြွက်ကို မုန်းတီးပြီး အမြဲတစေ ကြွက်နောက်ကို လိုက်လံ သတ်ဖြတ်လေ့ရှိတယ်လို့ အဆိုရှိပါတယ်။

 

 


၁၈။ သင့်ကိုယ်စားပြု ရာသီခွင်တိရစ္ဆာန်က သင့်ရဲ့ ကံဆိုးခြင်းမျှသာ

သင်မွေးတဲ့ခုနှစ်မှာရှိတဲ့ ရာသီခွင်တိရစ္ဆာန်ဟာ သင့်ရဲ့ကိုယ်စားပြုရာသီခွင်ပဲဖြစ်ပါတယ်။ ၁၂ ကောင်ရှိတဲ့အတွက် ၁၂ နှစ်ပြည့်လို့ တစ်ပတ်လည်တဲ့အချိန်ဟာ သင့်အတွက် ကံအဆိုးဆုံးအချိန်ပါပဲ။

ဘာ့ကြောင့်လဲဆိုတာကို တရုတ်လူမျိုးတွေမှာ အဖြေရှိပါတယ်။ တရုတ်လူမျိုးတွေရဲ့ အယူတွေထဲမှာ ကလေးငယ်တွေဆိုတာဟာ မကောင်းဆိုးဝါးတွေ ဖမ်းစားတာ အလွယ်တကူ ခံရနိုင်တယ်ဆိုတာ ပါပါတယ်။ ဒါ့ကြောင့် အသက်တစ်ဆယ့်နှစ်နှစ်ပြည့်မှာ မကောင်းမှုရန်တွေကနေ ကာကွယ်ဖို့ရာ အဆောင်အရောင်ကတော့ အနီရောင်ပဲဖြစ်ပါတယ်။ ဥပမာ ဝက်နှစ်မွေးတဲ့သူတွေဟာ နောင်တစ်ချိန် ဝက်နှစ်တွေမှာ ကံဆိုးတဲ့အတွက် အနီရောင်ပါတဲ့ ပစ္စည်းတွေကို အသုံးပြုရမှာပါ။ အဲ့ဒီလို တစ်ပတ်ပြန်လည်တဲ့နှစ်ကို Ben Ming Nian လို့ခေါ်ပါတယ်။ အိမ်ကို အနီရောင်တွေနဲ့ အလှဆင်တာ၊ အနည်းဆုံး အနီရောင်အတွင်းခံဝတ်တာကို လုပ်ရမှာပါ။

 

 


၁၉။ သင့်ရဲ့အသက်ဟာ နှစ်ကူးကာလမှာ တစ်နှစ်ပိုကြီးလာပါတယ်

တရုတ်နိုင်ငံသားတွေမှာ အသက်က နှစ်မျိုးရှိပါတယ်။ တကယ့်အသက် (အသက်အမှန်) နဲ့ အသက်အတုပါ။ အသက်အမှန်ကတော့ အများသိကြတဲ့အတိုင်း ကိုယ်မွေးတဲ့နေ့ပါပဲ။ ဒါပေမယ့် နှစ်ကူးအချိန်အခါသမယမှာ ကိုယ့်ရဲ့ အသက်က တစ်နှစ်တိုးလာပါတယ်။ (ဒါကလည်း မြန်မာမှာ အသက်နှစ်ဆယ်နှစ်ပြည့်ပြီးသွားလို့ ရက်ပိုင်း လပိုင်း စွန်းလာရင် နှစ်ဆယ့်တစ်နှစ်ထဲမှာလို့ ပြောသလိုပါပဲ)

 

 


၂၀။ တရုတ်မှာ နှစ်ကူးဆုတောင်းကတော့ တရုတ်လို “xin nian kuai le” ပါ

တရုတ်လို ရှင်းနီယံခွိုက်လာ့ "xin nian kuai le" ဆိုတာ ပျော်ရွှင်ဖွယ်ရာနှစ်ကူးဖြစ်ပါစေလို့ဆုမွန်ကောင်း တောင်းပေးတာပါ။ ဒါပေမယ့် ဟောင်ကောင်နဲ့ ကန်တုံစကားပြောတဲ့ ဒေသတွေမှာတော့ ကုန်းဟီဖချွိုင် "gong hei fat choy" နဲ့ မန်ဒရင်းတရုတ်တွေကတော့ ကုန်းစီးဖခိုင် “gong xi fa cai” (恭喜发财) လို့ အသံထွက်ကာ ကံကြမ္မာကောင်းများအတွက်ဂုဏ်ယူပါတယ် လို့ အဓိပ္ပါယ်ရပါတယ်။

အခြားသောဆုမွန်ကောင်းများကိုကြည့်လျှင် -

လယ်ယာမြေအထွက်တိုးပါစေ

ကျန်းမာ၍ အသက်ရှည်ပါစေ

ချမ်းသာ၍ ကံအကျိုးပေးပါစေ

သားသမီးရတနာများ တိုးပွားပါစေ

အစရှိတဲ့ ဆုမွန်ကောင်းများလည်း ရှိပါသေးတယ်။ အစားအစာ၊ ငွေကြေး နဲ့ ကျန်းမာရေးကောင်းမွန်ခြင်း ဆိုတာဟာ လူတိုင်းလိုချင်ကြတာပဲ မဟုတ်လား။ ဒါ့အပြင် မိသားစုနာမည်ကို လက်ဆင့်ကမ်းပေးသွားတာဟာလည်း တရုတ်ရိုးရာဖြစ်နေတာကြောင့် တရုတ်မှာ သားသမီးရတနာတွေ ပေါများပြီး လူဦးရေထူထပ်နေတာပေါ့။

 

 


၂၁။ တရုတ်နှစ်ကူးပွဲတော်ဟာ မီးပုံးပွဲတော်နဲ့ အဆုံးသတ်ပါတယ်

နှစ်တစ်နှစ်ရဲ့အစ ပထမဦးဆုံးပြည့်တဲ့လပြည့်နေ့ဟာ မီးပုံးပွဲတော်ကျင်းပတဲ့ရက်ပဲဖြစ်ပါတယ်။ မိသားစုအတွက် အရေးပါတဲ့ညဖြစ်ပြီး လွတ်လပ်စွာသွားလာလို့ရတဲ့ညလည်း ဖြစ်ပါတယ်။ ရှေးအခါတုန်းက တရုတ်ပြည်မှာ အမျိုးသမီးငယ်လေးတွေဟာ အိမ်အပြင်ကို မိမိဘာသာ တစ်ဦးတည်း ပေးမထွက်ပါဘူး။ (အိမ်တွင်းပုန်းတယ်လို့ ကျွန်တော်တို့ ခေါ်ကြတာ သတိရမိပါသေးတယ်။) ဒါပေမယ့် မီးပုံးပွဲတော်ညမှာတော့ သူတို့ဟာ အပြင်ကို ထွက်လည်ခွင့်ရကြပါတယ်။ မီးပုံးလေးတွေကို ငေးရင်း ပြည့်နေတဲ့ လမင်းကြီးကို ငေးရင်းနဲ့ပေါ့။ မိန်းမပျိုလေးတွေ အိမ်အပြင်ထွက်တဲ့ည ဖြစ်တာကြောင့် တရုတ်ပြည်ရဲ့ချစ်သူများနေ့ လို့လည်း သိကြပါသေးတယ်။

 

 

ဒီအချက်တွေကတော့Taungoo.Net မှနေပြီး အင်တာနက်ထဲက ရှာဖွေကာ စုစည်းတင်ပြပေးထားတဲ့ တရုတ်နှစ်ကူးပွဲတော်အကြောင်းပဲဖြစ်ပါတယ်။ ပုံများကိုလည်း အင်တာနက်မှ ရှာဖွေ တင်ဆက်ပေးထားပါတယ်ခင်ဗျာ။

လွတ်လပ်စွာ share လုပ်ခွင့်ရှိပေမယ့် Link ကိုတော့ Credit ပေးကြဖို့ မမေ့ကြပါနဲ့နော်။

အားလုံးပဲ ပျော်ရွှင်ဖွယ်ရာ နှစ်ကူးအခါသမယ ဖြစ်ပါစေခင်ဗျာ။