ရေစိုခံ (သို့) Water Resistance
====

ကျွန်တော်တို့ Taungoo.Net မှ မှတ်သားဖွယ်ရာဆောင်းပါးတွေကို ရှာဖွေတွေးတောစုဆောင်းရေးသားတင်ဆက်ပေးသည့်အလျောက် ဒီတစ်ခါလည်း ဒီခေါင်းစဉ်နဲ့ ဗဟုသုတတွေ ဝေမျှပေးဖို့ ကျရောက်လာပါပြီ။

ကျွန်တော်တို့ရဲ့ ပတ်ဝန်းကျင်မှာ အီလက်ထရောနစ်ပစ္စည်းတွေ ရှိကြပါတယ်။ နေ့စဉ်သုံး အီလက်ထရောနစ်ပစ္စည်းတွေ၊ အဆောင်အယောင် အီလက်ထရောနစ်ပစ္စည်းတွေနဲ့ ပြည့်နှက်နေပါတယ်။ တီဗွီ၊ ဖုန်း၊ ရေခဲသေတ္တာ၊ မီးပူ၊ ပန်ကာ အစရှိသဖြင့်နဲ့ပေါ့ ...

အီလက်ထရောနစ်ပစ္စည်းတွေဟာ ရေမစိုစေရန်အထူးဂရုပြု သုံးစွဲရသည့်အလျောက် ကျွန်တော်တို့ရဲ့ ဖုန်းတွေ၊ နာရီတွေဟာ ရေနဲ့ထိတွေ့မှု မရှိစေဖို့ အတော်လေးသတိထားနေရပါတယ်။

ဒါပေမယ့် ဖုန်းတွေ၊ နာရီတွေမှာ ရေအစိုဓာတ်ခံနိုင်ရည် ထိုက်သင့်သလောက်ရှိကြောင်းလည်း သိထားဖို့ လိုအပ်ပါတယ်။ Rugged Phone တွေကလွဲရင် သာမန်ဖုန်းတွေကတော့ ရေစက်ရေပေါက်ကျတာကို ခံနိုင်ပေမယ့် ပြန်သုတ်ဖို့ လိုအပ်ပါတယ်။ (Rugged Phone တွေအကြောင်းကို နောက်ဆောင်းပါးမှာ ပြောပြပေးပါမယ်။) များသောအားဖြင့် လက်ပတ်နာရီတွေမှာ နာရီပတ်ပြီး လက်ရေဆေးတာမျိုးကို ခံနိုင်ရည်ရှိပါတယ်။

 

Water Resistance

 

ရေစိုခံနိုင်စွမ်းရည်ဟာ လက်ပတ်နာရီတွေရဲ့ အနောက်မှာ အမှတ်အသားတစ်ခုအနေနဲ့ ရေးထားလေ့ရှိပါတယ်။ နာရီကိုထုတ်တဲ့အချိန်မှာ ရေစိုခံနိုင်စွမ်းရည်ကို စမ်းသပ်ရပါတယ်။ နာရီအတွင်းမှာ sealed လုပ်ထားတဲ့ ဝါရှာတွေဟာ ရေစိမ့်ဝင်နိုင်တဲ့အနေအထား ဘယ်အခြေအနေမှာ ရှိနိုင်မလဲဆိုတာ စမ်းသပ်ပြီး Water Resistant အမှတ်အသားကို ရိုက်နှိပ်လေ့ရှိပါတယ်။

Water Resistance ကို တိုင်းတာရာမှာ လေထုဖိအား Atmospheres (ATM) (သို့မဟုတ်) ရေအနက် (metres) နဲ့ တိုင်းတာပါတယ်။ အမေရိကန်မှာတော့ ရေအနက်ကို ပေ (feet) နဲ့ တိုင်းတာပါတယ်။

ပြသထားတဲ့ အတိုင်းအတာစစ်ဆေးချက်အရ ရေအနက်မီတာနဲ့ ပြသထားရင် ထိုရေထဲမှာ အကြာကြီးစိမ်ထားနိုင်တယ်ဆိုတဲ့ အဓိပ္ပါယ်မဟုတ်တာကို အထူးသတိပြုရပါမယ်။ ဥပမာအားဖြင့် နာရီတစ်လုံးရဲ့ Water Resistance ဟာ 30 Metres (၃၀ မီတာ) လို့ ပြသထားရင် ရေကူးကန်ထဲမှာ အကြာကြီးရေထဲစိမ်နေတာမျိုးတော့ ခံနိုင်ရည်ရှိမှာ မဟုတ်ပါဘူး။ ရေအနက် ၃၀ မီတာအောက်ကိုလည်း နာရီပတ်ရင်း ရေငုပ်သွားလို့ ရမှာမဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ Water Resistance စမ်းသပ်မှုတွေဟာ နာရီအသစ်တွေကို ရေထုဖိအားအတိအကျနဲ့ တစ်ကြိမ်တစ်ခါသာ စမ်းသပ်ထားတာပဲမိုလို့ပါ။ (နာရီနောက်အဖုံးကိုခွာပြီး ဓာတ်ခဲလဲလှယ်ထားတဲ့ နာရီမျိုးဆိုရင် Water Resistance အာမခံချက် ပျက်ပြယ်နိုင်တဲ့အတွက် ပိုပြီးဂရုစိုက်ရပါမယ်။)

ရေကူးတဲ့သူတွေ၊ ရေငုပ်တဲ့သူတွေအတွက်ဆိုရင် Water Resistance သတ်မှတ်နှုန်းပိုများတဲ့ Diving Watch တွေ ထုတ်ပါတယ်။ အဲ့ဒီ Diving Watch တွေကတော့ ရေချိုရော၊ ဆားဓာတ်များတဲ့ရေငံအတွက်ပါ ထည့်တွက်ရတာကြောင့် Seals တွေရဲ့ ခံနိုင်စွမ်းရည်က ပိုများပါတယ်။ ရေငုပ်တဲ့အခါမှာ ရေထုဖိအားနဲ့ ရေထုအပူချိန်ဟာ အပြောင်းအလဲမြန်တာကြောင့် ၎င်းတို့ရဲ့ သက်ရောက်မှုဒဏ်ကို Diving Watch တွေမှာ ထည့်သွင်းစဉ်းစားပြီး ထုတ်လုပ်ရပါတယ်။

ISO လို့ခေါ်တဲ့ နိုင်ငံတကာစံနှုန်းသတ်မှတ်ချက်တွေအရ ISO 2281 ကို 1990 ခုနှစ်မှာ စတင်ပြဋ္ဌာန်းခဲ့ပြီး နိုင်ငံအတော်များများကထုတ်တဲ့နာရီတွေမှာ waterproof စံနှုန်းကို နာရီတွေမှာ သုံးစွဲရန် လိုက်နာကြရပါတယ်။ ISO 6425 ကတော့ 1996 ခုနှစ်မှာ ပြဋ္ဌာန်းခဲ့ပြီး Diving Watch အတွက် သုံးစွဲရန် ဖြစ်ပါတယ်။

WATER RESISTANCE CHART ကိုကြည့်ရင်တော့ ရှင်းပါတယ်။ ပုံကို JS Watch မှ ယူထားခြင်းဖြစ်ပါတယ်။

 

3 ATM, 30m, 100ft

နေ့စဉ်သုံးနာရီများအတွက် သင့်လျော်ပါတယ်။ ရေစက်တွေစင်မိတာကတော့ရပေမယ့် ရေကူးရင်တော့ နာရီပတ်ပြီး မကူးပါနဲ့။

 

5 ATM, 50m, 165ft

နေ့စဉ်သုံးအတွက် အဆင်ပြေပါတယ်။ နာရီပတ်ပြီးရေချိုးတာလောက်ကရပေမယ့် ရေကူးတာအတွက်တော့ အာမမခံပါဘူး။

 

10 ATM, 100m, 330ft

နေ့စဉ်သုံးအတွက် အဆင်ပြေပါတယ်။ ရေကူးတာတို့ ရေကန်ထဲမှာ အားကစားလုပ်တာတို့လောက်တော့ ရပါတယ်။ ဒိုင်ဗင်ထိုးတာတို့၊ ရေတိမ်မှာ ရေငုပ်တာတို့အတွက်တော့ မရပါဘူး။

 

20 ATM, 200m, 660ft

ပင်လယ်၊ သမုဒ္ဒရာတွေမှာလုပ်တဲ့ အားကစားတွေ၊ လေ့ကျင့်ခန်းတွေနဲ့ အောက်ဆီဂျင်ဗူးမလိုအပ်လောက်တဲ့ ရေနက်ပိုင်းအထိ ရေငုပ်ချင်တဲ့သူတွေ ပတ်လို့ရပါတယ်။


20 - 50 ATM, 200 - 500m

ပင်လယ်၊ သမုဒ္ဒရာအစရှိတဲ့နေရာတွေမှာ ပြိုင်ပွဲ/လေ့ကျင့်ခန်းလုပ်တဲ့ အားကစားသမားတွေ၊ အောက်ဆီဂျင်ဗူးအသုံးပြုပြီး ငုပ်ရတဲ့ ရေငုပ်သမားတွေ ပတ်လို့ရပါတယ်။

 

100 ATM, 1000m

ပင်လယ်၊ သမုဒ္ဒရာ အစရှိတဲ့ ရေနက်ပိုင်းတွေ ငုပ်ရင်အသုံးပြုနိုင်ပါတယ်။ နောက်ပြီး အာကာသခရီးသွားတွေအတွက်လည်း အသုံးပြုနိုင်တယ်လို့ ပြောပါတယ်။