တောင်ငူခေတ်၏အလှ
(ရေးသူ - စောမုံညင်း)
===
(၁) စာပေအထောက်အထားများ
တောင်ငူဘုရင်တပင်ရွှေထီးသည် ယိုးဒယားမှ ရက်ကန်းပညာသည်များကို ခေါ်ဆောင်လာသည်ဟုဆိုရာ တောင်ငူခေတ်တွင် ရတုအရေးအသား အထူးတလည်
ခေတ်စားလာသည့်အတွက် ရတုဘုရင် နတ်ရှင်နောင်၊ မင်းဇေယျရန္တမိတ်၊ ရှင်သံခို နှင့် နဝဒေးကြီးတို့၏ လက်ရာများတွင် ရက်ကန်းနှင့် အမျိုးသမီးအလှဘွဲ့များ ပါဝင်သည်ကို
တွေ့ရသည်။ တောင်ငူခေတ်စာဆိုများသည် နန်းတွင်းပညာရှိများဖြစ်ခြင်းကြောင့် နန်းမူနန်းရာများကို ဖွဲ့နွဲ့ခဲ့ကြရာ မဟာဆန်ဆန် ယဉ်နုသောအဖွဲ့များဖြစ်လေသည်။
ဝတ်စားဆင်ယင်ပုံလည်း ယဉ်ကျေးသိမ်မွေ့လိမ့်မည်ဟု ယူဆရပါသည်။
(က) ရှင်သံခို၏တင်စားချက်
ရှင်သံခို၏ရတုများတွင် “ကေရှင်မြခက်၊ ဖြာစရွက်လည်း၊ နားထက်မခွေ၊ စုလည်းပြေနှင့်”ဟုဆိုရာ စုလည်းဆံထုံးထုံးပုံ၊ စိမ်းလန်းရှင်သန်နေသော ဆံပင်၏အလှကို
မြခက်ဟုတင်စားထားပုံများ တွေ့ရသည်။
ထိုမျှမက ဆံပင်ကိုမထုံးဘဲ လျော့လျော့လေးလှပုံကိုလည်း “အုံးမဉ္ဇူထက်၊ ကြာတူပျံဖြည်း၊ ထုံးရော့ရည်းနှင့်”ဟု တင်စားထားပြန်ပါသည်။ ကပိုကရိုအသွင်ကို ဖော်ပြထားခြင်း
ဖြစ်ပါသည်။
(ခ) မင်းဇေယျရန္တမိတ်၏အမြင်
မင်းဇေယျရန္တမိတ်ကလည်း တောင်ငူခေတ်နန်းတွင်းသူများ ကနွဲ့ကလျအသွင်ကို ဖော်ပြထားပုံမှာ “လျော့လျော့ရည်းရည်း၊ ညရီဆည်းတွင်၊ ပန်းလည်းမဆင်၊
ကေရှင်ပင့်ရုံး၊ ပထုံးလေတတ်၊ လိမ်းချေပွတ်နှင့်” ဟူ၍ ဖြစ်ပါသည်။ ညနေအချိန်မြင်ရသောအလှကို ဖော်ပြရာ၌လည်း ပန်းလည်းမပန်၊ ဆံလည်းမထုံးဘဲ၊ လိမ်းခြယ်ထားပုံကို
မှန်းဆ၍ ကြည့်နိုင်ပါသည်။ ဥတေနသာချင်း၌လည်း “နှုတ်သီးကွမ်းထိန်း၊ နှင်းရည်စိမ်သည်၊ မှိန်ဒရွတ်နှင့်” စသည်ဖြင့် ထဘီအဝတ်ကိုပါ ဖော်ပြထားသည်။
(ဂ) နတ်ရှင်နောင်၏ခံစားချက်
အသက် ၄၀ ကျော် မုဆိုးမဘဝရောက်သည်အထိ နတ်ရှင်နောင်မင်းသား၏ စိတ်ဓာတ်ကို တိမ်းညွတ်လှုပ်ရှား မေတ္တာဓာတ်ပွားစေရန် ထူးထူးခြားခြား တင့်တယ်လှပသော
တောင်ငူနန်းဘွား ရာဇဓာတုကလျာ၏ အလှကိုဖွဲ့ရာ အောက်ပါ တင့်လှပေဟန်ရတု၌ ဤသို့တွေ့ရသည်။
“ပန်းမာလ်ရေးချေ၊ ထုံးနေမကြော့၊ ပတ်လျှော့ဆံကြာ၊ ကျတိုင်းသာလျှင်၊ ရွှေဝါပိတ်ရှင်း၊ ထည်ချင်းစံပယ်၊ နံ့ကြွယ်လှိုင်ကြူ၊ မဉ္ဇူမျက်မည်း၊ ပေါ်ထပ်စည်းနှင့်၊ မရည်းမထင်၊
ဖြုတ်ချည်းမြင်က၊ နတ်ပင်ယိုးမှား၊ ဝိုးဝါးတွေးချွတ်၊ စိတ်လုံးညွတ်သည်၊ ဘုံထွက်နန်းတောင် နေတို့လော” စသည်ဖြင့် ကြော့နေအောင်မထုံးဘဲ တစ်ပတ်လျှိုနှင့် ရုပ်သွင်ကို
ပေါ်လွင်စေခဲ့သည်။
ရှေးကအမျိုးသမီးများ၏ အမွှေးအကြိုင် နှစ်သက်ခုံမင်တတ်ကြပုံကိုလည်း ရိပ်စားမိနိုင်ပါသည်။ ပန်းပေါင်းစုံဝတ်ဆံတို့ကို စုပေါင်းပြီး ပဝါဖြင့်ထုတ်၍
အဝတ်အစားများကြားတွင် ညှပ်ထားကြပုံမှာလည်း ရေမွှေးဆွတ်သည့်သဘောပင် ဖြစ်ပါလိမ့်မည်။ ပန်ဝတ်မှုံများစုံလေလေ ရနံ့မှာ ထူးခြားလေလေဖြစ်ပါသည်။ ရတုစာဆိုကပင်
အဖွဲ့အနွဲ့ပြောင်မြောက်လွန်း၍ပေလော၊ မင်းသမီး၏ ဆင်းရူပ နိကာယ်ကပင် ထူးခြား၍ပေလော၊ နတ်ရှင်နောင်မင်းသား အတွင်းသဘောစိတ်ဓာတ်ကို တဖျပ်ဖျပ်
ဆော်လှုံ့နှိုးဆွနေသည့်အတွက် စိတ်ကြိုးစုံကရသည့်အတိုင်း ဖွဲ့နွဲ့ထားခြင်းလည်း ဖြစ်နိုင်ပါသည်။ ဖတ်ရသူတို့၌လည်း ကြော့ရှင်းတင့်တယ်သော အမျိုးသမီး၏အလှကို
မြင်ယောင်လာစေခဲ့ပေသည်။
“ပတ်လျောဆံကြာ ကျတိုင်းသာလျှင်” ဟု ဆို၍ ဆံပင်ကိုပတ်လျက် အမြိတ်ချထားပုံကိုလည်း မြင်ယောင်နိုင်ပါသည်။ အဝါရောင်ဆင်မြန်းထားပုံနှင့် ရင်အပေါ်ကို
စည်းထားပုံများလည်း တွေ့နိုင်ပါသည်။
“ပန်းစုံရောရှက်၊ ထုံးမြရွက်နှင့်၊ လိုက်ဘက်တင့်မှတ်၊ ကိုယ်ဝတ်တော်မှာ၊ မလ္လာရနံ့၊ မွှေးပျံ့ကြိုင်ရှင်း၊ ပယင်းရွှေရည်၊ ပွတ်လဲ့ကြည်သို့၊ မြရည်ကြောစိမ်း၊ လဲ့လဲ့ရှိန်းမျှ”
စသည်ဖြင့် “လက်ကောက်လက်ကြပ်၊ ရည်လျှပ်ဆံကျင်၊ မျှမဆင်လည်း” စသည်ဖြင့် ပန်းမပန်ဘဲ၊ ဆံထုံးဆံကျင် မဆင်ယင်ပါဘဲ တင့်တယ်ပုံကို ဖော်ပြရာ၌
ထိုခေတ်၏အဆင်အပြင်ကို သိသာနိုင်ပါသည်။
တောင်ငူခေတ် နတ်ရှင်နောင်ဆို ရတုများအနက် “မြသိတင်” ဘုရားတိုင် မယ်ဘွဲ့ရတုတွင် ဤသို့တွေ့ရပုံမှာ -
“မြသွင်လိုလို၊ ရွှေပြန်ရှာလို ရှိမ်းရှိမ်း၊ ပြစ်ယိမ်းကင်းနေ၊ သွယ်ခွေရွက်ညို့၊ ဖြူမြိတ်စို့လည်း နားသို့ညွတ်ညွတ်” ဟူ၍ဖြစ်ရာ မြိတ်စို့ဆံထုံးအကြောင်း၊ နားနောက်သို့
ခွေညွတ်နေသော ဆံပင်၏အလှအကြောင်း သိကြရပါသည်။ ထိုမျှမကသေးပါ။ ချောင်းမဘုရားတိုင် မောင်ဘွဲ့ရတု၌လည်း ဤသို့တွေ့ရပါသေးသည်။
“မောင်းမျှရွှေလှော်၊ ရှုတိုင်းပျော်ကို၊ ထိပ်ပေါ်ကေသာ၊ ဆင်မရာလည်း” ဟုဆိုရာ၌ ဆံကေသာ၏အထွတ်အထိပ်ကို ဖွဲ့ထားကြောင်း တွေ့ရပါသည်။ မိုးနတ်မောင်သည်
ရွာမယောင်ယောင်နှင့် မရွာနိုင်ဘဲ စိတ်ကိုစမ်းသည့်အတွက် လွမ်းဆွေးရပုံကို မိုးတောမောင်ဘွဲ့ရတု၌ ဤသို့ဖော်ပြခဲ့ရာ -
“ရွာရုပ်လိုနှင့်၊ စိတ်ကိုသာစမ်း၊ လွမ်းမလွမ်းဟု၊ တိမ်ငြိမ်းဆင်ဝန်း၊ တင့်ရည်ဆန်းနှင့်၊ ရေငန်းဖွဲ့ကာ၊ မရွာလာသော်၊ ဆံကြာကေရှင်၊ လက်သင်ပင့်လျော၊ မကျောဆီရွှမ်း၊
ပတ်မြိတ်မွမ်းနှင့်၊ နေတမ်းသာလျှင်၊ မရွှင်ချင်တည့်“ ဟု ဆိုရာတွင် မဖီးမလိမ်းနိုင် ဆီမကူနိုင်ဘဲ တစ်ပတ်မြိတ်ဆံထုံးနှင့်ပုံကို တွေ့နိုင်ပါသည်။
“လွမ်းရေးဆင်သော်၊ ကေရှင်ဆီရွှမ်း၊ နေတမ်းလက်သင်၊ တိုင်းပင်မကြော့၊ ပတ်လျော့လျော့နှင့်” ဟူသော ကပိုကရိုရုပ်သွင်ကိုလည်း တွေ့မြင်နိုင်ပါသည်။
တောင်ငူခေတ် နန်းတွင်းသူမများ အမွှေးနံ့သာသုံးပုံကိုလည်း “နံ့သာပန်းသတ်၊ ဖြူဆွတ်ခင်းနှီး၊ ပတီးပိတ်ပါး၊ ကိုယ်နှင့်ခြား၍”ဟု တွေ့ရပါသေးသည်။
ဆီမွှေးလိမ်းကြပုံကိုလည်း “မြိတ်မွှမ်းမဉ္ဇူ၊ ဆီပျံကြူနှင့်၊ လစ်လျှူတမ်းသာ၊ ဆံကြာကွင်းလျှော့၊ နေစေတော့ရှင့်” ဟု စပ်ဆိုခဲ့ပါသည်။ အထူးသဖြင့်
တောင်ငူခေတ်နတ်ရှင်နောင်မင်းသား၏ ရတုများတွင် အမျိုးသမီးဆံကေသာကို အလေးထားပြီး ဖော်ပြထားသည်ကို တွေ့နိုင်ပါသည်။
တောင်ငူခေတ်နန်းသူလေးများ ပန်းပန်သောဓလေ့ရှိပုံကိုလည်း “ရေဖျန်းသဘင်” စစ်ချီရတု၌ တွေ့နိုင်ပါသည်။
“တခက်ပျံ့ကြိုင်၊ တခိုင်လုံးလုံး၊ တကုံးစင်ထား၊ နည်းရှာစဉ်ခိုင်၊ တပွင့်ကြိုက်လည်း၊ ခေါ်စိုက်မတ၊ မမျှဦးပဲ၊ မပန်မြဲရှင့်၊ ရက်လဲလကျွန်း၊ သွေယွန်းခုမူ၊ ဘယ်သူပန်ဘော်၊
ပန်ဘက်မျှော်၍၊ ရွှင်မျှော်သဖြင့်၊ စိတ်လွတ်လွင့်လိမ့်” စသည်ဖြင့် ပန်ဆင်ပေးနေကျ ပန်းမပေးနိုင်၍ ဆွေးရပုံကို ဖော်ပြရင်း မြန်မာအမျိုးသမီးများ၏ အလှခြယ်ရာ
အဆင်တန်ဆာတွင် ပါဝင်သော ပန်းများ၏အရေးပါပုံကို သိစေခဲ့ပါသည်။ အကုံးလိုက်ပန်သည်။ အခိုင်လိုက်ပန်သည်။ တစ်ပွင့်တည်းလည်း ပန်သည်။
“စံပယ်ဖြူမွှေး၊ စကားသေးကို၊ မြတ်လေးစုံမက်၊ ကျွနု်ပ်လက်ဖြင့်၊ ရွေးလျက်ရွရွ၊ မဆင်ရတည့်”
ဟူ၍လည်း စပ်ဆိုခဲ့ရာ အမျိုးသမီး၏အလှသရုပ်ဖော်ရာတွင် ပန်းများလည်းပါဝင်သည်ကို သိနိုင်ပါသည်။
“ဆင်းကလျာ၏၊ ကေသာခေါက်ကျိုက်၊ ဆံထုံး၌လျှင်၊ လိုက်လိုက်ဆင်ပိမ့်” ဟူ၍လည်း ဆံထုံးနှင့်ပန်း တွဲနေပုံကို ဖွဲ့ခဲ့ပါသေးသည်။
“ရွှေရင်သိမ်းသစ်၊ မြနှစ်အရောင်၊ စည်းကြက်တောင်” ဆိုသည့်အတိုင်း အပျိုဖော်ဝင်စ၊ ရွှေရင်ကိုစည်းခါစ၊ ရွှေကြက်တောင်စည်းနှင့် အပျိုပေါက်ကလေးများကိုလည်း
မြင်ယောင်နိုင်ပါသည်။
“မျက်တောင်ကော့သေး၊ စုတ်ဖြင့်ရေးငယ်၊ ငယ်သေးပျိုမျစ်၊ ဆယ့်သုံးနှစ်လျှင်၊ ကျစ်လစ်သရေ၊ ဦးသစ်ရွှေသို့” ဟု နဝဒေးကြီးက ရှင်နှောင်း၏အလှကို ဖော်ပုံ၌လည်း
ခေတ်မိန်းမချောများ၏ အလှကို တွေ့နိုင်ပါသည်။
တောင်ငူဘုရင်နတ်ရှင်နောင်သည် ဓာတုကလျာမင်းသမီး၏ ဆင်းရုပ်သွင်ကို အမျိုးမျိုးတင်စား၍ ဖွဲ့နွဲ့ခဲ့ရာ ထိုခေတ်အမျိုးသမီးများ၏ ဝတ်စားဆင်ယင်မှု ကြေးမုံပြင်ကို
ပီသစေရန် ပွတ်တိုက်ပေးသကဲ့သို့ ထင်ရပါသည်။
နတ်ရှင်နောင်၏ သစ္စာတိုင်ရတုများ၌ -
“မြိတ်ရွှမ်းမဉ္ဇူ၊ ဆီပျံ့ကြူနှင့်၊ လျစ်လျူတမ်းသာ၊ ဆံကြာကွင်းလျော့၊ နေစေတော့ဟု၊ မြရွက်မြိတ်ညွန့်၊ မဖြန့်လက်သင်၊ ကေရှင်ထုံးသစ်၊ ဆယ်ကျော်နှစ်က”
ဟူ၍လည်းကောင်း၊ “ဆံကေရှင်မြ၊ ထုံးရွရွလည်း၊ ယုယမပြင်၊ လက်သင်မြိတ်လွတ်၊ သွယ်နွဲ့ညွတ်ကို” ဟုလည်းကောင်း၊ ဆံမြိတ်ကလေးနှင့် ကပိုကရိုလျော့ကျနေသော ဆံပင်ပုံ၊
အထူးတလည် မွမ်းမံထားခြင်းမရှိဘဲ ဆယ်ကျော်နှစ်အရွယ်အပျိုဖြန်းလေး၏ တင့်တယ်ပုံများကို ဖွဲ့ဆိုထားသည့်အတွက် အဆင်သင့် လေ့လာနိုင်ကြပေသည်။
(ဃ) ရှင်ထွေးနာသိန်၏တင်စားပုံ
ထို့အတူ အမျိုးသမီးကလေးများ၏ ခရုချောင်ဆံထုံး ထိုးကြပုံကိုလည်း ရှင်ထွေးနာသိန်က “မဏိပိုးပါး၊ စီခြားခြယ်မြှောင်၊ ခရုချောင်နှှု့်၊ ရွှေတောင်ထက်တွင်၊
နတ်သဘင်သို့” ဟူ၍ ဖော်ပြထားသည်ကို တွေ့ရပါသည်။ “ယကင်ထုံးလျက်၊ ရွှေကုံးရစ်ဆင်” ဟုလည်း တွေ့ရသည့်အတွက် ယကင်ဆံထုံး ထုံးကြသည်ဟုလည်းသိရပါသည်။
ပုဂံခေတ် ဦးသျှောင်ထုံးနည်း ၅၅ မျိုးမှာ တောင်ငူခေတ်၌ မြိတ်ဖြူ၊ မြိတ်စို့၊ စုလည်း၊ ယကင်၊ မဏိကိုးပါး နှင့် ခရုချောင်ထုံးနည်း စသည်ဖြင့် ၃၇ မျိုးသာ ကျန်တော့သည်ဟုလည်း
သိရပါသည်။
“တချို့ငယ်တော်၊ မြိတ်စို့ပေါ်လျက်၊ စုလည်းထုံးသစ်၊ ရွှေကုံးရစ်လျက်”ဟူသောစာအရ မြိတ်စို့ဆံထုံး၊ စုလည်းဆံထုံးများအကြောင်း သိနိုင်ပါသည်။
နဝဒေးကြီးကလည်း “ရာကျဆည်း၍၊ သိပ်သည်းမြဲမှန်၊ ယုံသကျွန်နှင့်”ဟူ၍ မနော်ဟရီပျို့တွင် ရေးသားခဲ့ရာ ဒုတိယအင်းဝခေါ် ညောင်ရမ်းခေတ်၏ ရက်ကန်းအကြောင်း
သိရပါသည်။
စောမုံညင်း ရေးသားသော တောင်ငူခေတ်၏အလှ ဆောင်းပါကို ရွှေပြည်တောင်ငူ မဂ္ဂဇင်းထဲမှ ကူးယူးဖော်ပြထားပါသည်။