၉၀ ခုနစ်များဝန်းကျင် ကျွန်တော်တို့ မြို့လေးမှာ မုန့်တွေ၊ စားသောက်ကုန်တွေ၊ အလှကုန်တွေရဲ့ expiry date (အတိုကောက်ရေးကြတာက E.P ဒါမှမဟုတ် EXP) လို့ခေါ်တဲ့ သက်တမ်းကုန်မည့်ရက်စွဲ ယဉ်ကျေးမှုကို မတွေ့ဖူးသေးဘူးလို့ ထင်ပါတယ်။ (ဒါက ကျွန်တော့်အမြင်ပါ)
အိမ်ကလူကြီးတွေက ပေါင်မုန့်၊ ကိတ်မုန့်တွေ ဝယ်လာတယ်။ စိမ်းဖန့်ဖန့် မှိုတက်ရင် လွှင့်ပစ်လိုက်တယ်။ ကျွန်တော်ကျင်လည်ရာ ရပ်ကွက်ထဲမှာကတော့ အဲ့ဒီလိုပဲမိုလို့ ကျွန်တော်တို့ expiry date ဆိုတာကို အသိမကျယ်သေးဘူးလို့ ထင်မြင်မိတာပါ။

ယနေ့ခေတ်အချိန်မှာတော့ လူအတော်များများဟာ မုန့်တွေ၊ စားသောက်ကုန်တွေ ဝယ်ရင် အထုတ်ပတ်လည်ကိုကြည့်ပြီး expiry date ကို ရှာတယ်။

သက်တမ်းကျန်ရှိနေသေးမှ ဝယ်ယူတယ်။ ဒါပေမယ့် ကျွန်တော်တို့ဟာ စားသောက်ကုန် (သို့) အလှကုန် ပစ္စည်းတစ်ခုခုရဲ့ expiry date တစ်ခုတည်းကို ကြည့်ပြီး ဆုံးဖြတ်လို့မရသေးတာကိုလည်း သိရှိထားဖို့ လိုအပ်ပါသေးတယ်။ ဘာတွေရှိသေးလဲ ဘာတွေဆောင်ရန် ရှောင်ရန် လိုအပ်သေးလဲဆိုတာကို Taungoo.Net ကနေ ရှာဖွေစုဆောင်းပေးမှာမို့ ဆက်လက်ဖတ်ရှုပေးကြဖို့ တိုက်တွန်းပါတယ်ခင်ဗျာ။

၁။ Manufacture Date
ထုတ်လုပ်သည့်ရက်စွဲ၊ ကုန်ပစ္စည်းတွေမှာ အတိုကောက်အနေနဲ့ MFG (သို့) MFD ဆိုပြီး ရိုက်နှိပ်ထားတာကို တွေ့ရပါလိမ့်မယ်။

၂။ Expiry Date (Shelf Life)
သက်တမ်းကုန်ဆုံးမည့်ရက်စွဲ၊ ကုန်ပစ္စည်းတွေမှာ အတိုကောက်အနေနဲ့ EXP (သို့) EP ဆိုပြီးတော့ ရိုက်နှိပ်ထားတာကို တွေ့ရပါလိမ့်မယ်။

၃။ Best Before Date
Best Before ဆိုပြီးတော့ အနောက်မှာရက်စွဲကိုထည့်ပြီး အဲ့ဒီနေ့ မတိုင်ခင် စားသုံးပါ/အသုံးပြုပါလို့ အချို့ကုန်ပစ္စည်းတွေမှာ တွေ့ရပါလိမ့်မယ်။

၄။ Period After Opening (PAO)
အဖုံးဖွင့်ပြီး (သို့) ပလပ်စတစ်အိတ်ဖွင့်ပြီး သုံးသုံး မသုံးသုံး ဖွင့်တဲ့နေ့ကစလို့ ၃လ၊ ၆လ၊ ၁၂လ အစရှိသဖြင့် ကာလတစ်ခုအတွင်းသာ အသုံးပြုရန် အချို့ကုန်ပစ္စည်းတွေမှာ (အထူးသဖြင့် အလှကုန်ပစ္စည်းတွေမှာ) ရိုက်နှိပ်ထားတာကို တွေ့ရပါလိမ့်မယ်။

၅။ Use By date
ကုန်ပစ္စည်းအတွက် အသုံးပြုသင့်တဲ့ရက်ကို အတိအကျဖော်ပြထားပေးတာပါ။ များသောအားဖြင့် နို့တိုက်ကလေးငယ်တွေအတွက် ထုတ်လုပ်တဲ့ ကုန်ပစ္စည်းတွေ၊ ဆေးတွေမှာ တွေ့ရနိုင်ပါလိမ့်မယ်။ ကုန်ပစ္စည်းအနေနဲ့ကတော့ သတ်မှတ်ထားတဲ့ အပူချိန်၊ နေရာတွေမှာ သေချာစွာထားသိုထားမယ်ဆိုရင် အသုံးပြုလို့ရနိုင်သေးပေမယ့် ကလေးငယ်တွေအတွက်ဆိုရင် Use By ရက်စွဲထက်ကျော်ပြီး အသုံးမပြုသင့်ပါဘူး။

၆။ Closed or coded dates
ဒါကတော့ စက်ရုံကနေ ပါကင်နံပါတ်တွေထည့်သွင်းတဲ့ ရက်စွဲတွေပါ။

၇။ Packaged on, Manufactured on or Prepared on dates
ပါကင်ပိတ်တဲ့ရက်စွဲ၊ ထုတ်လုပ်တဲ့ရက်စွဲစတာတွေကို စက်ရုံကနေ ရိုက်နှိပ်ပေးထားတတ်ပါတယ်။

၈။ Sell by or Freeze by dates
Canada နိုင်ငံမှာ အသုံးများပါတယ်။ ဈေးဝယ်စင်တာကြီးတွေမှာ အသုံးပြုလေ့ရှိပါတယ်။

--
ကျွန်တော်တို့ဟာ ပေါင်မုန့်တစ်လုံးဝယ်လိုက်တယ်။ ပလပ်စတစ်အိတ်ကို ဖြည်ပြီး တစ်ဝက်လောက်စားတယ်။ တစ်ရက် နှစ်ရက်လောက်နေတော့ ကျန်နေသေးတဲ့ ပေါင်မုန့်တွေဟာ အစိမ်းရောင် (သို့) အညိုရောင် (သို့) အဖြူရောင် မှိုတွေတက်လာတာကို တစွန်းတစတွေ့ရပါလိမ့်မယ်။ ပေါင်မုန့်မှာ ရေးထားတဲ့ Expiry Date က မပြည့်သေးပေမယ့် ပေါင်မုန့်ကတော့ စားသုံးလို့ မသင့်လျော်တော့ဘူး။
ဘာကြောင့်လဲ ?
ဘာဖြစ်လို့လဲဆိုတော့ စားသောက်ကုန်တွေမှာ ပြင်ပလေနဲ့ ထိတွေ့ပြီးသွားရင် သိမ်းဆည်းထားလို့ မကောင်းတဲ့ စားသောက်ကုန်တွေ ရှိပါတယ်။ ပလပ်စတစ်အိတ်ကို ဖွင့်ပြီး လက်နဲ့ထိမိကိုင်မိတာ၊ လေနဲ့ထိတွေ့စေတာ၊ ပြင်ပအပူချိန်နဲ့ ထိတွေ့တာတွေဟာ စားသောက်ကုန်တွေအပါအဝင် ကုန်ပစ္စည်းတွေရဲ့ သက်တမ်းကို တိုတောင်းသွားစေတတ်ပါတယ်။ ပစ္စည်းတွေရဲ့ ဓာတ်သတ္တိတွေကို
ပြောင်းလဲသွားစေတတ်ပါတယ်။

“သားကတော့ ဒီလိုပဲ ခပ်စားပစ်လိုက်တာ”လို့ ကြော်ငြာခဲ့တဲ့ အိုဗာတင်းဗူးထဲကနေ ဇွန်းတစ်စွန်းစာလောက်ခပ်ပြီး စားပွဲပေါ်မှာတင်ထားကြည့်လိုက်ရင် ပြင်ပလေထု၊ လေထုထဲက ရေငွေ့၊ လေထုထဲက အပူချိန် စတာတွေကြောင့် အိုဗာတင်းဟာ ပျော့သွားသလိုလို ကပ်စေးစေးနဲ့ ခဲသွားသလိုလို ဖြစ်သွားတာကို သိကြမှာပါ။

---

Best Before Date နဲ့ Expiry Date ကွာခြားပုံ

ဒီနှစ်မျိုးသတ်မှတ်ပုံဟာ ကွာပါတယ်။ Best Before Date ဆိုတာက သတ်မှတ်ထားတဲ့ရက် မတိုင်ခင် ကုန်ပစ္စည်းကို သုံးစွဲပါ၊ တကယ်လို့ Best Before Date သတ်မှတ်ရက်ထက် ကျော်လွန်ခဲ့ရင်တော့ ကုန်ပစ္စည်းရဲ့ အရောင်အနည်းငယ်ပြောင်းလဲသွားတာ၊ အရသာ အပြည့်အဝမရတော့တာ၊ လတ်ဆတ်မှုလျော့နည်းသွားတာ၊ ရနံ့အနည်းငယ်လျော့သွားတာ၊ အာဟာရအပြည့်အဝ မရတော့တာတွေ ဖြစ်စေနိုင်တယ်လို့ ဆိုလိုတာပဲ ဖြစ်ပါတယ်။ ဒါက ကုန်ပစ္စည်းကို ဖွင့်ဖွင့် မဖွင့်ဖွင့် အတူတူပါပဲ။
Expiry Date ကတော့ ၎င်းသတ်မှတ်ရက်ထက် ကျော်လွန်ခဲ့ရင်တော့ အဆိုပါကုန်ပစ္စည်းကို သုံးစွဲဖို့ မသင့်လျော်တော့ပဲ အမှိုက်ပုံးအတွင်းသို့သာ လွှင့်ပစ်လိုက်ပါလို့ ဆိုလိုပါတယ်။


လွယ်လွယ်ကူကူ မြင်သာဖို့အတွက် ဥပမာနဲ့ပြောပြရရင် -
Best Before - 10 May 2019
Expiry Date - 15 May 2019
ဆိုပြီး ရိုက်နှိပ်ထားတဲ့ မုန့်တစ်မျိုးဆိုပါတော့ ...
၂၀၁၉ မေလပိုင်း ဆယ်ရက်နေ့ မတိုင်ခင် စားရင် မုန့်ရဲ့ အနံ့ အရသာဟာ စက်ရုံက ထုတ်ထုတ်ချင်းအတိုင်း အပြည့်အဝရနိုင်ပြီး ဆယ်ရက်နေ့ နဲ့ ဆယ့်ငါးရက်နေ့ အကြားမှာ စားသုံးမိရင်တော့ အနံ့၊ အရသာ အနည်းငယ် အပြောင်းအလဲရှိနိုင်ပါလိမ့်မယ်လို့ ဆိုလိုပါတယ်။ ဆယ့်ငါးရက်နေ့မှာ မုန့်ကို ကုန်အောင်စားရင်စား၊ မစားရင်တော့ မုန့်ဟာ သက်တမ်းကုန်ဆုံးသွားပြီဖြစ်လို့ စွန့်ပစ်လိုက်ရမှာပဲ ဖြစ်ပါတယ်။

လေ့လာချက်တွေအရ မလေးရှားဟာ အစားအသောက်တန်ချိန် တစ်သောင်းခွဲလောက် နေ့စဉ်နေ့တိုင်း ဆုံးရှုံးနေပါတယ်လို့ဆိုပါတယ်။ ဒီဆုံးရှုံးရတဲ့ပမာဏဟာ လူတစ်သန်း လုံလောက်စွာစားသုံးနိုင်ပါတယ်။ စွန့်ပစ်လိုက်ရတဲ့အထဲမှာကတော့ အဓိကအားဖြင့် အသီးအနှံတွေ၊ ဟင်းသီးဟင်းရွက်တွေနဲ့ ဖုတ်ထားတဲ့စားသောက်ဖွယ်ရာတွေ (ဥပမာ - ပေါင်မုန့်၊ ကိတ်မုန့်) ပါဝင်ပါတယ်လို့ ဆိုပါတယ်။ အဓိကအားဖြင့်တော့ ပါကင်တွေပေါ်မှာ ရိုက်နှိပ်ထားတဲ့ သက်တမ်းကုန်ဆုံးမယ့်ရက်စွဲကြောင့် စွန့်ပစ်ရတာဖြစ်ပါတယ်။ အခုလို စွန့်ပစ်မှုတွေ၊ ဆုံးရှုံးမှုတွေများရခြင်းကြောင့် အကျိုးဆက်အနေနဲ့ အစားအသောက်ရှားပါးမှုတွေ၊ ကုန်ကြမ်းပစ္စည်းဈေးတက်ခြင်းတွေ ကြုံတွေ့ရနိုင်ပါတယ်။

ဒါတွေကို ဘယ်လိုတားဆီးမလဲဆိုတာကိုတော့ website တစ်ခုမှာ အခုလို ဖော်ပြထားပါတယ်။


အစားအသောက်တွေ စွန့်ပစ်ဖြုန်းတီးမှုဟာ ဈေးဝယ်ထွက်တဲ့ plan အပေါ်မူတည်နေပါတယ်တဲ့။ ဈေးဝယ်တဲ့ plan ကို အသေအချာချထားရင် စားသောက်ကုန်တွေ အလဟဿဖြစ်မှုကို ကာကွယ်နိုင်မှာပါတဲ့။ ဈေးဝယ်ရင် တွန်းလှည်းသုံးမယ့်အစား ဆွဲခြင်းကိုသုံးပါတဲ့။ (ဒါမှ ဈေးခြင်းတောင်းလေးလာရင် ကိုယ်ဝယ်တာတွေများနေပြီဆိုတာ သတိထားမိမှာပါ။) ငွေရှင်းရင်လည်း Credit Card တွေ Debit Card တွေအစား ငွေသားကိုပဲ ယူလာပြီးရှင်းပါတဲ့။ (ဒါမှ ကိုယ်ဘယ်လောက် ဝယ်မိနေပြီလဲဆိုတာ တွက်ချက်ပြီး အပိုတွေ မဝယ်ချင်တော့မှာပါ။) ပြီးရင် "Best Before" တို့ "Expiry Date" တို့အကြောင်း ရင်းနှီးအောင် ပြုလုပ်ထားပါတဲ့။ (ဒါမှ ကိုယ်ဝယ်မယ့်ပစ္စည်းရဲ့ ရက်သက်တမ်းတွက်ပြီး ဒီရက်အတွင်း သုံးဖြစ်/မသုံးဖြစ် ဆင်ခြင်နိုင်မှာပဲဖြစ်ပါတယ်။) မထင်မှတ်တဲ့ ဒီအချက်အလက်လေးတွေကို လိုက်နာကျင့်သုံးကြည့်ရင် ဈေးဝယ်ရာမှာ ချွေတာရာရောက်ပြီး အဆုံးအရှုံးအလေအလွင့် နည်းလာမှာဖြစ်ပါတယ်လို့ သူက ရှင်းပြထားပါတယ်။

---

PAO နဲ့ EXP

Period after Opening (PAO) နဲ့ EXP (Expiry Date) နဲ့ ကွာခြားတာကိုလည်း သတိပြုဖို့ရာ ဖော်ပြပေးချင်ပါတယ်။
PAO ကို များသောအားဖြင့် အလှကုန်ပစ္စည်းတွေမှာ တွေ့ရပါတယ်။ အဖုံးပွင့်နေတဲ့ ဗူးအဝိုင်းလေးဘေးမှာ 1M, 3M, 6M, 12M, 24M အစရှိသဖြင့် ရေးသားထားပါတယ်။ M ဆိုတာကတော့ month (လ) အရေအတွက်ကို ပြောတာပါ။


ကွက်ကွက်ကွင်းကွင်းမြင်ရအောင် ဥပမာတစ်ခုအနေနဲ့ ပြောပြပေးပါမယ်။
ကျွန်တော်က စတိုးဆိုင်တစ်ခုမှာ လိုးရှင်းတစ်ဗူးဝယ်လိုက်တယ်။
လိုးရှင်းဗူးမှာပါတဲ့ စာတွေက -
MFG - 12052018
EXP - 12052020
ဆိုပြီးပါပါတယ်။ PAO ပုံလေးနဲ့က 12M ဆိုပြီးရေးထားပါတယ်။ ဒီတော့ ဒီလိုးရှင်းဗူးကိုထုတ်တာက ၂၀၁၈ ခုနှစ် ငါးလပိုင်း ဆယ့်နှစ်ရက်နေ့ဖြစ်ပြီး ၂၀၂၀ မှ သက်တမ်းကုန်မှာဆိုတော့ နှစ်နှစ်တောင် ခံတယ်လို့ရည်ညွှန်းထားခြင်းပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်က ဒီလိုးရှင်းကို ၂၀၁၈ ဆယ်လပိုင်းမှာ သုံးလိုက်တယ်။ ဒီတော့ လိုးရှင်းဗူးကို ဆယ်လပိုင်းမှာ ဖွင့်လိုက်တဲ့အတွက် လိုးရှင်းရဲ့ သက်တမ်းက PAO မှာ ပြတဲ့အတိုင်း ဆယ့်နှစ်လပဲ ခံမှာဖြစ်တဲ့အတွက် ၂၀၁၉ ဆယ်လပိုင်း နောက်ဆုံးထားပြီး သုံးရတော့မှာပဲ ဖြစ်ပါတယ်။ ဒီတော့ Expiry Date ဆိုတာ ဒီနေရာမှာ ဒီဗူးကိုဖွင့်ပြီးတဲ့နောက်မှာ အသုံးမဝင်တော့ပါဘူး။ PAO သာလျှင် အဓိက ဖြစ်ပါတယ်။ ဗူးကိုမဖွင့်ရသေးဘူးဆိုရင်တော့ Expiry Date ကို ဂရုစိုက်ပေးပါ။

 

လူ့ခန္ဓာကိုယ်ရဲ့ နုနယ်တဲ့အပိုင်းမှာ အသုံးပြုရမယ့် ကုန်ပစ္စည်းတွေ (ဥပမာ - မျက်လုံး၊ ပါးစပ်၊ နှာခေါင်း) နဲ့ အသက်သုံးနှစ်အောက်အရွယ် အသုံးပြုတဲ့ ကုန်ပစ္စည်းတွေကတော့ သက်တမ်းကုန်ဆုံးမယ့် ရက်စွဲနဲ့ PAO ကို အထူးဂရုစိုက်ပေးဖို့လိုအပ်ပါတယ်။

မျက်စဉ်းဆေးတွေဟာဆိုရင် Exp ဘယ်လောက်ပဲရှိနေရှိနေ ဆေးဗူးကိုဖွင့်ပြီးတာနဲ့ တစ်ပတ်ပဲ အသုံးပြုရမယ်လို့ ရေးထားတာကို များသောအားဖြင့် တွေ့ရပါလိမ့်မယ်။ ဒီလိုစာမျိုးတွေ့ခဲ့ရင် မျက်စဉ်းဗူးဖွင့်ပြီးသားကို တစ်ပတ်ကျော်တာနဲ့ အသုံးမပြုကြဖို့ ပြောချင်ပါတယ်။ ကောင်းမွန်သော အကျိုးသက်ရောက်မှုထက် ဘေးထွက်ဆိုးကျိုး ပိုများပါလိမ့်မယ်။

နောက်ပြီးတော့ Eye Liner လိုမျိုး အလှကုန်တွေမှာလည်း ရေးသားထားတဲ့ ရက်စွဲကို
ဂရုတစိုက်ဖတ်ပြီးမှ အသုံးပြုကြစေလိုပါတယ်။

---

စည်သွပ်ဗူး

စည်သွပ်ဗူးတွေကို သတ်မှတ်ထားတဲ့ အပူချိန်မှာထားတယ်ဆိုရင် လုံခြုံစိတ်ချစွာ စားသုံးလို့ရပါတယ်။ စည်သွပ်ဗူးဟာ သံချေးမတက်သင့်ပါဘူး။ နောက်ပြီး ပိန်နေ၊ ချိုင့်နေ၊ ယိုစိမ့်နေတာမျိုးက လွဲရင် အောက်ပါအတိုင်း အသုံးပြုလို့ရပါတယ်။

- စည်သွပ်ထားတဲ့ ခရမ်းချဉ်သီးတွေကို ၁၂ လကနေ ၁၈ လအတွင်း စားသုံးနိုင်ပါတယ်။
- စည်သွပ်ထားတဲ့ အသီးအနှံတွေကို ၁၂ လကနေ ၁၈ လအတွင်း စားသုံးနိုင်ပါတယ်။
- စည်သွပ်ထားတဲ့ အရွက်တွေကိုတော့ ၂ နှစ်ကနေ ၅ နှစ်အတွင်း စားသုံးနိုင်ပါတယ်။
- စည်သွပ်ထားတဲ့ အသားငါးတွေကိုတော့ ၂ နှစ်ကနေ ၅ နှစ်အတွင်း
စားသုံးနိုင်ပါတယ်။


(ဒါကတော့ ကုန်ထုတ်တဲ့ရက်ကနေ တွက်ယူရမှာဖြစ်တဲ့အပြင် နေရောင်အောက်မှာ မထားဖို့၊ အပူချိန်များလွန်းတဲ့ အခန်းထဲမှာ မထားဖို့တော့ လိုအပ်ပါလိမ့်မယ်။ လမ်းဘေး ကုန်စုံဆိုင်တွေမှာက စင်ပေါ်ပဲတင်ထားတာများတဲ့အတွက် ဝယ်ယူပြီး ခပ်မြန်မြန်ချက်စားတာ ပိုပြီး ဘေးကင်းပါလိမ့်မယ်။)

---

ဥများ

ကြက်ဥ၊ ဘဲဥ စတာတွေကိုတော့ ၃ ပတ်ကနေ ၄ ပတ်အတွင်း စားသုံးနိုင်ပါတယ်။ ဒါပေမယ့် ဒီလိုရေရှည်ထားနိုင်ဖို့အတွက်ကတော့ ရေခဲသေတ္တာရဲ့ အအေးဆုံးနေရာမှာ ထားပေးဖို့ လိုအပ်ပါတယ်လို့ ပြောပါတယ်။